
ဓာတ်ပုံ- သန်းထိုက်အောင်
စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း ကလေးမြို့ပြည်သူ့ဆေးရုံတွင်အောင်မင်္ဂလာ ရပ်ကွက် နယ်မြေ(၃)၌ နေထိုင်သူအမျိုးသမီးတစ်ဦး၏ ရင်ချင်းဆက်အမြွှာမိန်းကလေး နှစ်ဦးကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ်အဖြစ်အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
မိခင် ဒေါ်သီတာဝင်း(၂၈)နှစ်၏ ရင်ချင်းဆက်အမြွှာကို သားဖွားမီး ယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးသင်း၊ သားဖွားမီးယပ်အထူးကု ဆရာဝန် ဒေါက်တာနီလာထွေး၊ လက် ထောက်အထူးကုဆရာဝန် ဒေါက်တာခိုင်မွန်ကျော်၊ လက်ထောက်ဆရာဝန် ဒေါက်တာ ဝင်းထွန်းအောင်၊ မေ့ဆေးဆရာဝန် ဒေါက်တာ ကျော်မျိုးသန့်နှင့် ဆရာဆရာမများက ခွဲစိတ် မွေးဖွားပေးခဲ့ကြခြင်းဖြစ်သည်။
အမှားအယွင်းမဖြစ်ရအောင်
ရင်ချင်းဆက်အမြွှာကို ခွဲစိတ်မွေးဖွားပေး ခဲ့မှုနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးက "ပုံမှန် ခွဲစိတ်မှုဆိုရင် ၄၅ မိနစ်ခန့်ကြာပါတယ်။အခုခွဲစိတ်မှုက ရင်ချင်းဆက်အမြွှာဖြစ်နေတာ ကြောင့် တစ်နာရီကျော် ကြာပါတယ်။ တကယ် ကိုဂရုစိုက်ပြီးအမှားအယွင်းမဖြစ်ရအောင် ဆောင်ရွက်ခဲ့ရပါတယ်"ဟု ပြောဆိုသည်။

ဓာတ်ပုံ- သန်းထိုက်အောင်
စောင့်ကြည့်ကုသပေး
မွေးဖွားလာသော ကလေးများသည် ရှစ် ပေါင် ရှစ်အောင်စရှိပြီး ကလေးများကျန်းမာ ရေးအတွက် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာနုနုထွေး၊ လက်ထောက်အထူးကု ဒေါက်တာစိုးမင်းထက်နှင့် လက်ထောက်ဆရာဝန် ဒေါက်တာဝင်းမိုးသိန်းတို့က စောင့်ကြည့်ကုသ ပေးလျက်ရှိသည်။
မွေးဖွားလာသောကလေးများ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေပြီး ကျန်းမာရေး ကောင်းမွန်ပါက မန္တလေးဆေးရုံသို့ ပြန်လည် လွှဲပြောင်းကာ ရင်ချင်းဆက်နေမှုကို ခွဲစိတ်နိုင် ရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာ နုနုထွေးက ပြောဆိုသည်။
မွေးဖွားလာသောရင်ချင်းဆက်အမြွှာ ညီအစ်မကို ပြည်သူ့ဆေးရုံမှစောင့်ကြပ်ကုသ ပေးလျက်ရှိပြီး ကုသမှုများ ဆက်လက်ပြုလုပ် နိုင်ရေးနှင့် ခွဲစိတ်မှုပြုလုပ်နိုင်ရေးတို့အတွက်အကူအညီများလိုအပ်နေပြီး ကူညီဆောင်ရွက် လိုသူများအနေဖြင့် မိဘများထံသို့ တိုက်ရိုက် ဖြစ်စေ၊ ဆေးရုံအုပ်ကြီးမှတစ်ဆင့်ဖြစ်စေ လှူဒါန်းနိုင်ကြောင်း သိရသည်။
အောင်မြင်စွာမွေးဖွား
ကလေးမြို့ပြည်သူ့ဆေးရုံအနေဖြင့်အဆို ပါရင်ချင်းဆက်အမြွှာပုံစံမျိုးကို ပထမဆုံးအကြိမ်အဖြစ် ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်ချင်းဆက်အမြွှာများကို ၁၉၇၁ ခုနှစ်၌ ရင်ချင်းဆက် မနန်းစိုး၊ မနန်းစံအား ရန်ကုန်မြို့တွင်လည်းကောင်း၊ ၁၉၉၃ ခုနှစ်၌ ရင်ချင်းဆက်အမြွှာအေးအေးငြိမ်း၊အိအိငြိမ်းကို ရန်ကုန်မြို့တွင်လည်းကောင်း၊ ၂၀ဝ၂ ခုနှစ်၌ တင်ပါးဆုံအရိုးကွင်းဆက် မိုးမမအောင်၊ မိုးပပအောင်အမြွှာညီအစ်မကို မန္တလေးမြို့တွင်လည်းကောင်း၊ ၂၀ဝ၉ ခုနှစ်၌ ရင်ချင်းဆက်အမြွှာ စိုပြေလင်း၊ စိုပြေဝင်းတို့အား ရန်ကုန်မြို့တွင်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၌ ရင်ချင်းဆက်အမြွှာအင်ကြင်းခိုင်၊အင်ကြင်းလှိုင်တို့ကို ရန်ကုန်မြို့တွင်လည်း ကောင်း၊ ၂၀၁၁ ခုနှစ်၌ ရင်ချင်းဆက်အမြွှာ ရန်ကင်း၊ ရန်ရှင်းတို့ကို ရန်ကုန်မြို့တွင်လည်း ကောင်း၊ ၂၀၁၂ ခုနှစ်၌ တင်ချင်းဆက်အမြွှာအောင်ခန့်ကျော်၊အောင်မြတ်ကျော် ညီအစ်ကိုအား မန္တလေးမြို့တွင်လည်းကောင်းအောင် မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။