အလုပ်တွေပိပြီးအိပ်ရေးပျက်တာတွေ များလို့ ပင်ပန်းနွမ်းနယ်ပြီးအားအင်ကုန်ခမ်းနေလို့ ၅ မိနစ်ခြား တစ်ကြိမ်လောက် သမ်းဝေ နေတာမျိုး ဖြစ်ဖူးလား။အချို့ကျတော့လည်းအိပ်ရေးလည်းဝတယ်၊အစားအသောက် လည်းစားနိုင်ရက်နဲ့အားအင်ကုန်ခမ်းနေသလို ခံစားနေရတတ်ပါသေးတယ်။ ၅မိနစ်ခြား တစ်ကြိမ်လောက် သမ်းဝေပြီးအားအင်ကုန်ခမ်း၊ ပင်ပန်းနွမ်းနယ်ရတဲ့အကြောင်းအရင်းကအိပ်ရေးမဝခြင်း၊အစားအသောက် ပျက်ခြင်းနဲ့ မဆိုင်တော့ပါဘူးနော်။ ကိုယ်တိုင်သတိမထားလိုက်မိတဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှု ပုံစံတွေ ကြောင့်ဆိုတာကို သိရှိနိုင်ဖို့အတွက်အားအင်ကုန်ခမ်းရတဲ့အကြောင်းအရင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁)အိပ်ရေးမဝလို့
အိပ်ရေးမဝတာကတော့ သမ်းဝေရခြင်းရဲ့အထင်သာဆုံးအကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ၈နာရီအလုံအလောက်အိပ်သင့်ပါတယ်။ ညဘက်အိပ်မပျော်ရင် နေ့ခင်းဘက်ရောက်ရင် ပင်ပန်းနွမ်းနယ်ပြီးအားအင်ကုန်ခမ်းနေတတ်ပါတယ်။ ဒါ့ကြောင့် မကြာခဏသမ်းပြီးတော့အားအင် ကုန်ခမ်းနေပြီဆိုရင်အိပ်ချိန်ကိုအထူးကြပ်မတ်ထားဖို့ လိုနေပါပြီနော်။
(၂) ရေအလုံအလောက်မသောက်လို့
ခန္ဓာကိုယ်တွင်းလိုအပ်တဲ့အာဟာရဓာတ်မှာ ရေဓာတ်ကလည်း ပါဝင်နေပါတယ်။ ရေဓာတ်ခမ်းခြောက် နေရင် တစ်နေ့တာကို လန်းဆန်းတက်ကြွစွာ ဖြတ်ကျော်နိုင်မှာမဟုတ်ပါဘူး။ ရေဓာတ်ခမ်းခြောက် နေလို့ ပင်ပန်းနေတယ်လို့ မထင်မိဘူးဆိုရင်တောင် ဆီးသွားတဲ့အခါမှာ ဆီးအရောင်ကို ကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ ဆီးအရောင်က ဝါနေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်ပြီးအားအင်ကုန်ခမ်း နေရတယ်ဆိုတာကို သတိရလိုက်ပါ။
(၃)အသင့်စားအစားအစာတွေကိုအလွန်အကျွံစားသုံးမိလို့
အစားအသောက်လည်းမှန်တယ်၊အအိပ်အစားလည်း ကောင်းနေပေမယ့် ဘာလို့အားအင်ကုန်ခမ်း နေရတာလဲ လို့စဉ်းစားနေရတာလား။ သင့်ရဲ့စားသောက်မှုပုံစံကို ပြန်လည်စမ်းစစ်ကြည့်ဖို့ လိုနေပါပြီနော်။ စားနိုင်တာမှန်ပေမယ့် သင်စားလိုက်တဲ့အစားအစာတွေကအာဟာရမရှိတဲ့အသင့်စားမုန့်တွေ၊အစားအသောက်တွေ ဖြစ်နေရင်လည်း ကျန်းမာရေးကိုထိခိုက်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အားအင်တွေမရတော့ပါဘူး။ ဒါ့ကြောင့်လည်း မကြာခဏဆိုသလို၊ သမ်းဝေနေပြီး ပင်ပန်းနွမ်းနယ်နေရတာပါ။ ဒီလိုမဖြစ်ရလေအောင်အသင့်စားအစားအစာများကို ရှောင်ကြဉ်ဖို့ လိုပါတယ်နော်။
(၄) ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်လို့
ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်နာရီဝက်ခန့် မပြုလုပ်နိုင်ရင်တောင် မနက်အိပ်ရာထချိန်မှာ ၁၅မိနစ်ခန့် ပြုလုပ်ပေးဖို့ လိုပါတယ်နော်။ ဒါမှစိတ်လန်းဆန်းသွားပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန် စေတာကြောင့် တစ်နေ့တာခွန်အားအပြည့်နဲ့ လန်းဆန်းနေစေမှာပါ။
(၅) ဗီတာမင်ဘီဓာတ်ချို့တဲ့နေလို့
အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေခြင်းကို သက်သာစေဖို့အတွက် ဗီတာမင်ဘီပါဝင်တဲ့အစားအစာများ ဒါမှမဟုတ် ဆရာဝန်နဲ့တိုင်ပင်ပြီး ဗီတာမင်ဘီသောက်ဆေးများကို မှီဝဲနိုင်ပါတယ်။ ဒါ့ကြောင့် မကြာခဏဆိုသလို သမ်းဝေပြီး ပင်ပန်းနွမ်းနယ်နေပြီဆိုရင် မနက်စာကို ဗီတာမင်ဘီ ကြွယ်ဝစွာ ပါဝင်တဲ့အစားအစာများကို စားသုံးပေးဖို့ လိုပါတယ်နော်။