ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း ဆိုတာဘာလဲ။
BRCA မျိုးရိုးဗီဇ စစ်ဆေးခြင်းဟာ ပုံမှန်ဆဲလ် ဖွံ့ဖြိုးမှုကို ထိန်းချုပ်ပေးတဲ့ မျိုးရိုးဗီဇများ သန္ဓေပြောင်းခြင်း ရှိမရှိကို လေ့လာတဲ့ သွေးစစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီ မျိုးရိုးဗီဇ တွေဖြစ်တဲ့ BRCA 1 နဲ့ BRCA 2 တို့မှာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာအတွက် ပြောင်းလဲမှုကို ရှာဖွေတာဖြစ်ပါတယ်။ BRCA မျိုးရိုးဗီဇစစ်ဆေးမှု ဟာ လူတိုင်းကို စစ်ဆေးခြင်းမဟုတ်ဘဲ မိသားစုထဲမှာ ကင်ဆာရာဇဝင်ရှိပြီးသား လူတွေကို သာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ မစစ်ဆေးခင်နဲ့ စစ်ဆေးအပြီးမှာ မျိုးရိုးဗီဇဆိုင်ရာဆွေးနွေးအကြံပေးခြင်းဟာ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ စစ်ဆေးမှုအဖြေတွေကို ကောင်းစွာ သဘောပေါက် နားလည်စေနိုင်တာကြောင့်အလွန်အရေးကြီးပါတယ်။အမျိုးသမီးတစ်ယောက်မှာ BRCA 1 နဲ့ BRCA 2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေခဲ့ရင် ရင်သားကင်ဆာနဲ့ သားဥအိမ် ကင်ဆာ ဖြစ်နိုင်ခြေတွေ မြင့်တက်စေနိုင်ပါတယ်။ ဒီ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိတဲ့အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။အမျိုးသားရော၊အမျိုးသမီးရောမှာ ဒီ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေခဲ့ရင်အခြားကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။ ဒီ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေဟာအဖေဘက်၊ ဒါမှမဟုတ်အမေဘက် မိသားစုတွေကနေအမွေရခဲ့တာ ဖြစ်နိုင်ပါတယ်။
ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း ကို ဘာလို့ လုပ်တာလဲ။
ပုံမှန်အားဖြင့် မိသားစုတစ်ခုမှာ BRCA မျိုးရိုးဗီဇ သန္ဓေပြောင်းခြင်း ရှိနေရင် မိသားစုဝင်ထဲက ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာရှိနေသူတွေဟာ BRCA မျိုးရိုးဗီဇ ကိုအရင် စစ်သင့်ပါတယ်။ မိသားစုဝင်တစ်ယောက်ဟာ မျိုးရိုးဗီဇစစ်ဆေးခြင်းပြုလုပ်ပြီး BRCA မျိုးရိုးဗီဇ သန္ဓေပြောင်းခြင်း မရှိဘူးဆိုရင်အခြား မိသားစုဝင်တွေကလည်း စစ်ဆေးမှုကနေအကျိုးရှိမှာ မဟုတ်ပါဘူး။အချို့သောသူတွေမှာ BRCA 1 နဲ့ BRCA 2 ပြောင်းလဲမှုတွေကို ဆက်ခံရမှု များတတ်ပါတယ်။ Ashkenazi Jewish ဂျူးအမျိုးသမီးတွေဟာ BRCA မျိုးရိုးဗီဇ သယ်ဆောင်သူတွေ ဖြစ်ဖို့များပါတယ်။အချို့ကျွမ်းကျင်သူတွေက Ashkenazi Jewish ဆင်းသက်လာသူတွေကိုအောက်ဖေါ်ပြပါအချက်တွေနဲ့ ပြည့်စုံရင် စစ်ဆးမှုတွေ ပြုလုပ်ဖို့အကြံပြုကြပါတယ်။
ရင်သားကင်ဆာ (သို့) သားဥအိမ် ကင်ဆာကိုအသက် ၅၀ နှင့်အောက်မှာ ဖြစ်ပွားဖူးသူူ နီးစပ်ဆွေမျိုးရှိခြင်း (မိဘ၊ ညီအစ်မ၊ ညီအစ်ကို၊ ကလေး)။ ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာ ဖြစ်ပွားသူ မိသားစုထဲမှာ ဝေးလံသောဆွေမျိုးရှိခြင်း
(ဦးလေး၊အဒေါ်၊ တူမ၊ တူ၊အဘိုး၊ ဘွား)။ တကယ်လို့ သင်ဟာ Ashkenazi Jewish ဆင်းသက်သူ မဟုတ်ရင်အချို့ကျွမ်းကျင်သူတွေက သင့်ကိုအောက်ဖေါ်ပြပါအချက်တွေရှိရင် မျိုးရိုးဗီဇ စစ်ဆေးခိုင်းပါလိမ့်မယ်။
ရင်သားကင်ဆာကိုအသက် ၅၀ မတိုင်ခင်ဖြစ်သူ နီးစပ်ဆွေမျိုးထဲမှာ နှစ်ယောက် ရှိခြင်း
ရင်သားကင်ဆာ ဖြစ်ဖူးသူ နီးစပ်သောဆွေမျိုး (သို့) ဝေးလံသောဆွေမျိုးထဲမှာ သုံးယောက်ထက်မက ရှိခြင်း
နီးစပ်သောဆွေမျိုးရော ဝေးလံသောဆွေမျိုး ရော နှစ်မျိုးလုံးမှာ ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာပါ ဖြစ်ဖူးသူ ရှိခြင်း
ရင်သားနှစ်ဖက်လုံး ကင်ဆာဖြစ်ဖူးသူ နီးစပ်သောဆွေမျိုးထဲတွင် ရှိခြင်း
ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာပါ ဖြစ်ဖူးသူအမျိုးရှိခြင်း
ရင်သားကင်ဆာဖြစ်ပွားသူအမျိုးသား တစ်ဦးဦးအမျိုးအတွင်းမှာ ရှိခြင်း အထက်ပါဖေါ်ပြချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် သင့်မှာ BRCA1 နဲ့ BRCA2 ပြောင်းလဲမှုတွေ မရရှိနိုင်ပါဘူး။အရွယ်ရောက်ပြီးတဲ့အမျိုးသမီးအယောက် ၁၀၀ မှာ ၂ ယောက်ကပဲ BRCA မျိုးရိုးဗီဇ ပြောင်းလဲမှု ရှိနိုင်ပါတယ်။
ကြိုတင်သိရမယ့်အချက်များ
ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း ကို မလုပ်ခင် ဘယ်အရာတွေကို သိထားသင့်သလဲ။ BRCA ပြောင်းလဲမှုတွေဖြစ်ဖို့ ရာခိုင်နှုန်းနည်းတဲ့ မိသားစုဝင်တွေအတွက်ကတော့ မျိုးရိုးဗီဇ စစ်ဆေးခြင်း ဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်းအတွက် ဘယ်လိုအချက်အလက်မှ ပေးနိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ပွားနှုန်း ပျမ်းမျှရှိတဲ့ မိသားစုတွေဟာ positiveအဖြေကို ရခဲပါတယ်။ BRCA မျိုးရိုးဗီဇ test ဟာ မှားယွင်းပြီး positiveအဖြေကို ရရှိနိုင်တာကြောင့် ဖြစ်ပွားနိုင်တဲ့အချက်တွေ မရှိတဲ့သူတွေမှာ စစ်ဆေးလေ့ မရှိပါဘူး။
ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်းအတွက် ဘယ်လိုပြင်ဆင်ရမလဲ။
မျိုးရိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း ကို BRCA test မလုပ်ခင်ရော လုပ်ပြီးမှာပါ ယူသင့်ပြီး သူက ကောင်းကျိုး၊ ဆိုးကျိုးနဲ့ စစ်ဆေးမှုရဲ့ ဖြစ်လာနိုင်တဲ့အဖြေတွေကို နားလည်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ BRCA test ဟာ သင့်ကို ဆေးပညာဆိုင်ရာနဲ့ လူမှုဘဝနေထိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ပြုလုပ်စေဖို့အခွင့်အလမ်းပေးမှာ ဖြစ်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ ဆွေးနွေးအကြံပေးသူဟာ စစ်ဆေးမှုနဲ့အဖြေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုဖို့ သင်တန်းပေးခံထားရကြ သူတွေ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ သင့်ကို မစစ်ခင်ရော စစ်ပြီးမှာပါ စိတ်ပူစေမှာပါ။ ဒီစိတ်ပူပန်မှုတွေကို ပြင်ဆင်ပြီး ကျော်လွှားနိုင်ဖို့ စစ်ဆေးမှုမပြုခင်မှာ မျိုးရိုးဗီဇ ဆိုင်ရာ ဆွေးနွေးအကြံပေးသူနဲ့တွေ့ဆုံမေးမြန်းသင့်ပါတယ်။ ဥပမာ -အောက်ဖေါ်ပြပါ ကာကွယ်ခြင်း နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားခြင်း ပြုမပြု ဆိုတာတွေ ဖြစ်ပါတယ်။ ရင်သားကင်ဆာအတွက် - နှစ်စဉ် mammogram သို့ MRI ရိုက်ခြင်း၊ ပုံမှန်ရင်သားစစ်ဆေးခြင်း၊ ကာကွယ်တဲ့အနေနဲ့ ရင်သားဖြတ်ခြင်း၊ သားဥအိမ်တွေ ထုတ်ခြင်း၊ tamoxifen သောက်ခြင်း၊အသက် ၃၀ မတိုင်ခင် ကလေးယူခြင်း သားဥအိမ်ကင်ဆာအတွက် - ကလေးယူပြီးရင် (သို့)အသက် ၃၅ နှစ်ကျော်ရင် သားဥအိမ်တွေကို ဖယ်ထုတ်သင့်ပါတယ်။
ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို ဘယ်လိုလုပ်မှာလဲ။
သွေးထုတ်ယူနေတဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူဟာ
သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ လက်မောင်းအပေါ်မှာ သားရေကြိုးကို ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ပိုမိုကြီးမားစေမှာဖြစ်ပြီး သွေးကြောရှာဖို့ ပိုလွယ်စေမှာပါ။
အရက်ပြန်နဲ့ ဆေးထိုးမယ့်နေရာကို သန့်ရှင်းရေး ပြုလုပ်မှာ ဖြစ်ပါတယ်။
သွေးထည့်မယ့် ပုလင်းနဲ့ ဆေးထိုးအပ်ကို ဆက်ပြီး သွေးထည့်မှာ ဖြစ်ပါတယ်။
သွေးအလုံအလောက်ရပြီဆိုရင်တော့ လက်က သားရေကြိုးကို ဖြေလိုက်မှာ ဖြစ်ပါတယ်။
အပ်ထုတ်လိုက်တာနဲ့ ဂွမ်းစနဲ့ သွေးထွက်နဲ့ နေရာကို ဖိထားပေးမှာပါ။
ခဏတာဖိထားပြီးတော့ ပလာစတာ ကပ်နိုင်ပါတယ်။
မျိုးရိုးဗီဇစစ်ဆေးခြင်းပြုလုပ် ပြီးရင် ဘာတွေ ဖြစ်လာတာလဲ။
စစ်ဆေးမှုအဖြေ မရရှိခင် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ သင့်ရဲ့ မျိုးရိုးဗီဇဆိုင်ရာအကြံပေးဆွေးနွေးသူ နဲ့ တွေ့ပြီး သွေးစစ်ဆေးမှုအဖြေ များကို လေ့လာခြင်း၊ ဖြစ်လာနိုင်ခြေ ရှိတဲ့အခြေအနေတွေနဲ့ ကုသမှုတွေအကြောင်း ဆွေးနွေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ သင့်မှာ ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးခြင်း နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိနေခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
စစ်ဆေးမှုအဖြေတွေဟာ ဘာကိုဆိုလိုတာလဲ။
ပုံမှန် (negative) BRCA 1 နဲ့ BRCA 2 မှာ ပြောင်းလဲမှုတွေ တွေ့ရှိရခြင်း မရှိပါဘူး။ ပုံမှန်အဖြေနဲ့ သင့်မိသားစုရောဂါဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ သင့်မိသားစုဝင် တစ်ဦးဦးမှာ BRCA ပြောင်းလဲမှုတွေ ရှိနေခဲ့ရင် တခြားမိသားစုဝင်တွေကိုလည်း စစ်ဆေးစေသင့်ပါတယ်။ တကယ်လို့ ရင်သားကင်ဆာ (သို့) သားအိမ်ပြွန်ကင်ဆာ ရှိတဲ့ မိသားစုဝင် တစ်ဦးဦးမှာ BRCA ပြောင်းလဲမှု မရှိဘူးဆိုရင် သင့်မှာလည်း ဒီ မျိုးရိုးဗီဇ တွေ သယ်ဆောင်ထားခြင်း မရှိနိုင်ပါဘူး။ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာရဲ့ ၅ ရာခိုင်နှုန်း ကနေ ၁၀ ရာခိုင်နှုန်း ဟာ BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ သင့်မှာ ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာ ဖြစ်ဖူးသူ မိသားစုဝင်တစ်ဦးဦး ရှိတယ်ဆိုရင်ဒီ BRCA testအဖြေက ပုံမှန်ဖြစ်ပေမယ့် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမြင့်မားအုံးမှာ ဖြစ်ပါတယ်။အခြား မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကတော့ ကင်ဆာရောဂါကို ပိုမို ဖြစ်နိုင်စေပါတယ်။ ပုံမှန် မဟုတ်ခြင်း (positive) BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ရှိနေတဲ့သူတွေမှာ ၃၅ ရာခိုင်နှုန်း ကနေ ၈၄ ရာခိုင်နှုန်းအထိ ရင်သားကင်ဆာဖြစ်ပွားနှုန်းပိုမို များပြားနိုင်ပြီး ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းအထိ သားဥအိမ်ကင်ဆာ ဖြစ်ပွားနှုန်း ပိုမို မြင့်မားနိုင်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သင့် ရောဂါရာဇဝင်နဲ့ မိသားစု ရောဂါ ရာဇဝင်တွေပေါ် မူတည်နေပါတယ်။ BRCA1 ပြောင်းလဲမှုတွေ ရှိတဲ့အမျိုးသားတွေဟာ ရင်သားကင်ဆာဖြစ်ပွားနှုန်း ပိုမိုမြင့်မားနိုင်ပြီးအခြားကင်ဆာတွေဖြစ်တဲ့ မုန့်ချိုအိတ်၊ ဝှေးစေ့ နဲ့ ဆီးကျိတ်ကင်ဆာတွေလည်း ပိုမိုဖြစ်နိုင်ပါတယ်။ BRCA2 ပြောင်းလဲမှုတွေ ရှိတဲ့အမျိုးသားတွေမှာတော့ ရင်သားကင်ဆာ၊ မုန့်ချိုအိတ် ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ပွားနှုန်း မြင့်မားနိုင်ပါတယ်။ မသေချာသောအဖြေ ဒီအဖြေဟာ မျိုးရိုးဗီဇ ပြောင်းလဲမှုကိုတော့ တွေ့ရှိတာဖြစ်ပြီး ဒီပြောင်းလဲမှုဟာအရေးကြီးမကြီး၊ ကင်ဆာဖြစ်ဖို့ ရာနှုန်းများမများ သေချာသိရှိမှု မရှိခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ ရင်သားကင်ဆာ မျိုးရိုးဗီဇ စစ်ဆေးမှု ပြုလုပ်ခြင်းအမျိုးအစားအများအပြား ရှိပါတယ်။ သင့်မှာ စစ်ဆေးမှုအဖြေတွေနဲ့ ပတ်သက်ပြီး သိချက်တာရှိရင် ဆရာဝန်ကို ဆွေးနွေးသင့်ပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။