
ဘာသိုလင်ဂလင်း (Bartholin’s gland) ဆိုသည်မှာ မိန်းမကိုယ်အဝအတွင်းပိုင်းတွင် တည်ရှိပြီး မိန်းမကိုယ်အချွဲထုတ်ပေးသောဂလင်း ဖြစ်သည်။ ထိုဂလင်း၏အဝကိုအကြောင်းအမျိုးမျိုးကြောင့် ပိတ်မိသွားပါကအတွင်းရှိအရည်များအပြင်မထွက်နိုင်သောကြောင့်အရည်အိတ် (Bartholin’s cyst) ဖြစ်လာတတ်သည်။ ထိုအိတ်တွင်းသို့ ရောဂါပိုးများဝင်ရောက်သွားပါကအတွင်းရှိအရည်များ ပြည်အဖြစ်သို့ ပြောင်းလဲသွားပြီး ပြည်အိတ် ( Bartholin’s abscess ) ဖြစ်သွားနိုင်သည်။ လက္ခဏာများဘာသိုလင် မိန်းမကိုယ်အရည်အိတ်သည် ပုံမှန်အားဖြင့် နာကျင်လေ့မရှိသောကြောင့် ရောဂါပိုးဝင်ပြီး ပြည်အဖြစ်သို့မပြောင်းမီထိ သတိမထားတတ်ကြပေ။အရည်အိတ်ကြီးလာပါက မိန်းမကိုယ်အဝတွင်အလုံးစမ်းမိတတ်သည်။အချိန်ကြာလာပါက ရောဂါပိုးဝင်ရောက်သွားပြီး - နာကျင်ခြင်း- လမ်းလျှောက်လျှင် သက်တောင့်သက်သာ မရှိခြင်း- လိင်ဆက်ဆံစဉ် နာကျင်ခြင်း- ဖျားခြင်း တို့ ဖြစ်ပေါ်နိုင်သည်။ များသောအားဖြင့် မိန်းမကိုယ်အဝ၏ တဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။ ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များမိန်းမကိုယ်အဝတွင်အကျိတ်ပေါ်ပါက ထိုအကျိတ်ကို ရေနွေးဖြင့်ဆေးခြင်း၊ သန့်ရှင်းခြင်းတို့ပြုလုပ်ပြီးစောင့်ကြည့်ပါ။ နှစ်ရက်၊ သုံးရက်ကြာသည်အထိ မပျောက်လျှင်၊ ပိုမိုနာကျင်လာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွားရောက်၍ ဆေးကုသမှုခံယူသင့်ပါသည်။ ဖြစ်ပွားရသောအကြောင်းရင်းများရောဂါပိုးတစ်ခုခု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုတို့ကြောင့် ဘာသိုလင် ဂလင်း၏အဝ ပိတ်ဆို့သွားပါကအတွင်းရှိအရည်များအတွင်းတွင်များလာပြီးအရည်အိတ်ဖြစ်လာမည်။အရည်အိတ်အတွင်း ပိုးဝင်ပါက ပြည်တည်နိုင်သည်။ နောက်ဆက်တွဲ ပြဿနာများကုသပျောက်ကင်းပြီးသော်လည်း မကြာခဏ ပြန်လည်ဖြစ်ပွားတတ်သည်။ စစ်ဆေးမှုများဆရာဝန်နှင့်တိုင်ပင်ကာ လိုအပ်သော ရောဂါရာဇဝင် မေးမြန်းမှု၊ မိန်းမကိုယ်အတွင်း စမ်းသပ်မှုတို့အပြင် - လိင်မှတဆင့် ကူးစက်သောရောဂါပိုးများ ရှိ၊မရှိ မိန်းမကိုယ်တွင်းအချွဲကိုယူ၍ စစ်ဆေးခြင်း၊-အသက် ၄၀နှင့်အထက်ဖြစ်ပါကအသားစယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။ ကုသခြင်းဘာသိုလင်အရည်အိတ်ဖြစ်ပွားပြီး နာကျင်ခြင်းနှင့်အခြားသော လက္ခဏာများ မဖြစ်ပေါ်ပါက ကုသမှုခံယူရန် မလိုအပ်ပေ။အရည်အိတ်၏အရွယ်အစား၊ နာကျင်မှုနှင့် ဝင်ရောက်နေသော ရောဂါပိုးအမျိုးအစားတို့ပေါ်တွင် မူတည်ကာ ကုသပုံ၊ ကုသနည်းများမှာလည်း ကွာခြားသည်။ •အရည်အိတ်ပေါက်သွားပြီးအတွင်းရှိ ပြည်များ ထွက်သွားစေရန် ရေနွေးစိမ်ခြင်း•အရည်အိတ်ကို ခွဲစိတ်၍အရည်များ ဖယ်ထုတ်ခြင်း• လိုအပ်ပါက ပိုးသတ်ဆေးများအသုံးပြုခြင်း• ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန် ခွဲစိတ်ပြီးအပေါက်ဖွင့်ထားခြင်း (Marsupialization) တို့ကို ပြုလုပ်နိုင်သည်။ ကာကွယ်ခြင်းဘာသိုလင်အရည်အိတ်ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် မိန်းမကိုယ်တဝိုက်ကို သန့်သန့်ရှင်းရှင်းထားခြင်း၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကိုကာကွယ်ရန် ကွန်ဒုံးသုံးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ Ref: Mayo Clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။