
အမာရွတ်ဆိုတာတကယ်တော့အမာရွတ်ဆိုတာအစားထိုးပစ္စည်းတစ်ခုပါ။အနာဖြစ်လို့ ပျက်စီးသွားတဲ့အရေပြားနေရာကိုအစားထိုးထားတဲ့ ပစ္စည်းဆိုပါတော့။ ဒါပေမဲ့အဲဒီအစားထိုးပစ္စည်းဟာ ပုံမှန်အရေပြားရဲ့ ဖွဲ့စည်းပုံနဲ့အရည်အသွေးကွာခြားနေတာကြောင့် ရုပ်ဆိုးသွားစေတာပါ။ ဆေးပညာ ဝေါဟာရအရအမာရွတ် (Scar) ကို ဖိုက်ဘရိုးစစ် (Fibrosis) လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ကိုလာဂျင် (Collagen)အမျှင်တွေချည်း သက်သက်ပဲရှိနေတဲ့ပစ္စည်းပေါ့။ အရေပြားရဲ့အလယ်လွှာထဲမှာ ပုံမှန်ရှိနေတဲ့ ကိုလာဂျင်တွေဟာ ဝါးတောင်းတစ်လုံးကို ဝါးမျှင်တွေနဲ့ ယှက်ထားသလို ကျစ်ကျစ်လစ်လစ်ရှိပေမယ့်အမာရွတ်ထဲက ကိုလာဂျင်အမျှင်တွေကတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ယှက်နွယ်မနေဘဲအလျားလိုက် မျဉ်းပြိုင်တန်းနေတာပါ။ ဒါကြောင့် ပုံမှန်အရေပြားလောက်အကြမ်းပတမ်းမခံနိုင်ပါဘူး။ နောက်ပြီးအမာရွတ်မှာအရေပြားရဲ့အပေါ်လွှာဆိုတာလည်း ပါးပါးလေးပဲ ရှိတာလေ။ ဒါကြောင့် နေရောင်ဒဏ်လည်း မခံနိုင်ရှာပါဘူး။ ဒါ့အပြင်အမာရွတ်ထဲမှာ ချွေးအိတ်တို့၊ ဆံခြည်အိတ်တို့ မရှိတော့တာမို့ ချွေးလည်းမထွက်၊အမွှေးအမျှင်လည်း မပေါက်တော့ပါဘူး။ ပုံမှန်အရေပြားမှာရှိတဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့အီလတ်စတင် (Elastin)အမျှင်လည်းအမာရွတ်မှာ မရှိပါဘူး။ ဒီတော့ ရှင်းအောင်ပြောရရင်အမာရွတ်ဆိုတာ သစ်မရခင်စပ်ကြား၊ ဝါးပေါင်းကွတ်တာနဲ့ ဆင်တူပါတယ်။အရည်အသွေးနိမ့်ပစ္စည်းနဲ့ ခေတ္တအစားထိုးလိုက်ရတဲ့သဘောပါပဲ။အမာရွတ်အမျိုးမျိုး အတွေ့များတဲ့အမာရွတ်ကတော့အရေပြားနဲ့မျက်နှာပြင် တပြေးညီရှိတဲ့အမာရွတ်တွေပါ။အရေပြားပေါ်ကိုလည်း သိသိသာသာ မဖောင်းကြွ၊အရေပြားအောက်လည်း သိသိသာသာချိုင့်ဝင်မသွားဘဲအမာရွတ်မျိုးပေါ့။ ဒါပေမဲ့အရောင်အဆင်းက သာမာန်အရေပြားလိုမဟုတ်တော့ မြင်တာနဲ့သိသာပါတယ်။ နောက်တစ်မျိုးကတော့အရေပြားအောက်ကို ချိုင့်ဝင်နေတဲ့အမာရွတ်မျိုးပါ။အလွယ်ဥပမာပေးရရင် ဝက်ခြံအမာရွတ်တို့၊ ရေကျောက်အမာရွတ်တို့ပေါ့။ မျက်နှာမှာဆို သနပ်ခါးတွေ၊ မိတ်ကပ်တွေနဲ့ တော်တော်ဖို့ယူရတဲ့အမာရွတ်တစ်မျိုးကတော့ ဖောင်းကြွအမာရွတ်ပါ။အရေပြားပေါ်မှာ သိသိသာသာ ပြူးတူးပြဲတဲနဲ့ မို့မောက်နေတဲ့အမာရွတ်မျိုးပါ။ မီးလောင်နာတွေ ကျက်သွားရင် ဒီလိုအမာရွတ်ကြီးတွေ ကျန်တတ်သလို နားဖောက်တာလေးနဲ့လည်းအခန့်မသင့်ရင်အမာရွတ်အထူကြီးတွေ ကြုံရနိုင်ပါတယ်။ နောက်အမာရွတ်တစ်မျိုးကတော့အကြောပြတ်တဲ့အရာတွေပါ။ ဝလွန်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ စတီးရွိုက်ဆေးအလွန်အကျွံ သုံးစွဲသူတွေမှာ ကြုံရတတ်တဲ့အကြောပြတ်အစင်းတွေပေါ့။ ဒီအလှပျက်တဲ့အကြောပြတ်ရာတွေကလည်း ကိုလာဂျင်တွေ ပျက်စီးသွားလို့ ဖြစ်ရတာပါ။ ဒီလိုအကြောပြတ်အမာရွတ်တွေကအများမမြင်နိုင်တဲ့ ဂျိုင်း၊ ရင်သား၊ ဗိုက်၊ ပေါင်ခြံ စတဲ့ နေရာတွေမှာ တွေ့ရတတ်တာမို့ တော်သေးတာပေါ့။အမာရွတ်ပျောက်ချင်တယ် အမာရွတ်အတော်များများဟာ သူ့အလိုလို မပျောက်တော့ဘဲ စွဲမြဲထင်ကျန်ရစ်ခဲ့တာကြောင့်အမာရွတ် ပျောက်စေကြောင်း နည်းလမ်းကို ရှာပုံတော် ဖွင့်ကြပါတော့တယ်။ ဒီတော့အလွယ်ဝယ်လို့ရနိုင်အမာရွတ်ပျောက်ဆေး ဆိုတာတွေလည်းအလုပ်ဖြစ်ကြပါလေရော။အမှန်တော့အမာရွတ်တွေ လျော့ပါးသက်သာအောင် လမ်းဆေးတွေထက် တခြားနည်းလမ်းတွေအများကြီးရှိပါတယ်။ အမာရွတ်အမျိုးအစားအတိမ်အနက်၊အရွယ်အစားပေါ် မူတည်ပြီး ကုထုံးတွေအမျိုးမျိုး ရှိနေတာပါ။အလှပြင်ခွဲစိတ်နည်း၊အရေပြားပွတ်တိုက်တဲ့နည်း၊အမာရွတ် ဓာတုဗေဒ ပေါင်းတင်နည်း၊ ဓာတ်ရောင်ခြည်၊ လေဆာရောင်ခြည်နဲ့ ကုတဲ့နည်း၊အင်မတန်သေးငယ်တဲ့အပ်လေးတွေနဲ့ ထိုးစိုက်တဲ့နည်း စတဲ့နည်းလမ်းအဖြာဖြာရှိပါတယ်။ ဒီနည်းလမ်းတွေကိုအလျင်စလို လုပ်စရာတော့ မလိုပါဘူး။ ဘာလို့လဲဆိုတော့အရေပြားနဲ့ တပြေားညီဖြစ်နေတဲ့ သာမာန်အမာရွတ်အများစုဟာအချိန်ကြာလာတာနဲ့အမျှ မှေးမှိန်ကွယ်ပျောက်သွားတတ်တာမို့ပါ။ နေပူရှောင်တာ၊အစိုဓာတ် ထိန်းလိမ်းခရင်မ် လိမ်းပေးတာတွေ ပြုလုပ်ပါက တဖြည်းဖြည်းလျော့ပါး သက်သာလာနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချို့လည်းအမာရွတ်ကို မြန်မြန်ပျောက်ချင်ဇောနဲ့အမာရွတ်ပျောက်ဆေးခရင်မ်တွေ လိမ်းလေ့ရှိပါတယ်။အမာရွတ်ပျောက်ဆေးခရင်မ်တွေ ဈေးကွက်ထဲမှာ ဒီဆေးတောင့်တွေ ပလူပျံနေအောင် တွေ့နေရပါပြီ။ မျက်နှာပေါ်က ဝက်ခြံအမာရွတ်၊ ခြေလလုံးမှာ ခြင်ကိုက်လို့ ကုတ်ရာက ကျန်ခဲ့တဲ့အမာရွတ်၊ နဖူးပေါ်က ရေကျောက်အမာရွတ် စသည်ဖြင့်အမာရွတ်တွေက ရှိနေကြတာကိုး။ တကယ်တော့အမာရွတ်ပျောက်ဆေးအများစုရဲ့ ဦးတည်ချက်က နှစ်ကြာပြီးအခြေတည်ပြီးသားအမာရွတ်ကို လျော့ပါးသက်သာစေတာထက်အနာအကျက်မြန်စေဖို့အနာကျက်သွားရင်လည်းအမာရွတ်မကျန်စေဖို့ပါပဲ။ ရှိပြီးသားအမာရွတ်နုနုတွေကို လျော့ပါးသက်သာစေဖို့ဆိုရင်လည်းအချိန်အကြာကြီး လိမ်းပေးရတာပါ။ တစ်ချို့အမာရွတ်တွေဆို ခြောက်လလောက်ထိ နေ့စဉ် တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက် လိမ်းကာမှ ကြည့်ပျော်ရှုပျော်အဆင့်ရောက်တာမျိုးမို့ ငွေကုန်ကြေးကျ များနိုင်ပါတယ်။ ဇွဲရှိဖို့လည်း လိုတာပေါ့။ ဒါပေမဲ့အမာရွတ်က ကြီးလေ၊ ဒါမှမဟုတ် သက်တမ်းကြာလေ ပျောက်ဖို့ခက်လေပါပဲ။ ပျောက်နိုး၊ ပျောက်နိုးနဲ့ လိမ်းရင်းနဲ့ပဲအကျိုးမထူးတာတွေ ရှိနိုင်ပါတယ်။အမာရွတ်ပျောက်ဆေးမှာ ဘာတွေပါ လိမ်းဆေးအများစုမှာ ဗီတာမင်အီး ပါလေ့ရှိပါတယ်။ ရောင်ရမ်းမှု လျော့ပါးစေတဲ့အင်တီအောက်ဆီးဒင့်အစွမ်း ရှိလို့ပါ။ ရောင်ရမ်းမှု လျော့ပါးစေတဲ့အင်တီအောက်ဆီးဒင့်အစွမ်း ရှိလို့ပါ။ ရှားစောင်းလက်ပတ် (Aloe Vera) ကတော့ မပါမဖြစ် ဇာတ်လိုက်ပါ။ သူလည်း ရောင်ရမ်းမှုကို သက်သာစေတဲ့အပြင်အစိုဓာတ်ထိန်းပေးတဲ့ စွမ်းပကားရှိပါတယ်။ ဗီတာမင် ဘီ သုံး (B3) လည်း မပါမဖြစ်ပါ။ သူက ဝက်ခြံတွေကို လျော့ပါးစေတဲ့အပြင်အရောင်ရင့်တာကို ဖျော့စေတဲ့ ပစ္စည်းရှိတာမို့အမာရွတ်ရဲ့အရောင်ကို မှိန်သွားစေပါတယ်။အေလီယမ်စက်ပါ (Allium Cepa Extract) ဆိုတဲ့ ကြက်သွန်နီက ထုတ်ထားတဲ့ ဓာတ်တစ်မျိုးလည်းအမာရွတ်ပျောက်ဆေးတိုင်းလိုလိုမှာ ပါလေ့ရှိပါတယ်။ ရောင်ရမ်းမှုကို လျော့ပေးတဲ့အပြင် ကလာပ်စည်းအသစ်ဖြစ်မှုကို လျော့ပေးတာကြောင့်အမာရွတ်ရဲ့အထူနဲ့အရွယ်အစားကို ကျုံ့ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး ပိုးသေစေတဲ့အစွမ်းလည်း ရှိဆိုပဲ။ တောရိုင်းပန်းတစ်မျိုးက ထုတ်လုပ်ထားတဲ့အလန်တွိုင်း ( Allantoin) ဓာတ်ဟာလည်းအစိုထိန်းတဲ့သတ္တိနဲ့ ယားယံမှုကို လျော့ပါးစေတဲ့သတ္တိတို့ကြောင့်အနာမြန်မြန်ကျက်စေပြီးအမာရွတ်ပြဿနာ နည်းပါးစေတယ်လို့ ဆိုပါတယ်။ ဒီလိုအဓိကဓာတ်ပစ္စည်းတွေအပြင် မြင်းခွာရွက်၊ မင်းဂွတ်သီး စတဲ့သဘာဝအသီးအနှံတွေက ထုတ်ယူထားတဲ့အဆီအနှစ်တွေလည်း တစ်ချို့အမာရွတ်ပျောက်ဆေးတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဘယ်လောက်ပဲအစွမ်းထက်ပါစေ ထုနဲ့ထည်နဲ့အခြေချပြီးသားအမာရွတ်တွေ သက်သာစေဖို့ သိပ်ပြီးမလွယ်လှပါဘူး။ ဒီတော့အခြားနည်းလမ်းတွေကို လိုအပ်သလို သုံးကြရမှာပါ။အမာရွတ်ထဲ ဆေးထိုးမယ် ဖောင်းကြွအမာရွတ်ထူထူကြီးတွေကတောအလွန်ရုပ်ဆိုးစေတဲ့အပြင်အချိန်ဘယ်လောက်ကြာကြာ သူ့အလိုလို ကျုံ့မသွားပါဘူး။ ပွတ်လို့၊ ကုတ်လို့ ရှိရင် ပိုလို့တောင် ကြီးလာ၊ပြန့်လာတာမျိုး ကြုံရပါတယ်။ ဒီလိုအမာရွတ်မျိုးတွေကျတော့ စောစောက ပြောခဲ့တဲ့နည်းလမ်းတွေနဲ့လည်း သိပ်ပြီးအရာမရောက်ပါဘူး။ နောက်ပြီး ခွဲစိတ်ကုသလို့လည်း မရပါဘူး။ ခွဲလိုက်ရင် ချုပ်ရိုးရာ နေရာမှာအရင်ထက်ကြီးတဲ့အမာရွတ်ထူထူကြီးပဲ ပြန်ပေါ်လာတတ်လို့ပဲ။ နား၊ မေးရိုး၊ ပုခုံး၊ ကျောနဲ့ ရင်ဘတ်အပေါ်ပိုင်းတွေမှာ ဖောင်းကြွအမာရွတ်အသီးကြီးတွေအတွေ့များပါတယ်။ အလွယ်ဆုံးနဲ့အရိုးရှင်းဆုံး နည်းလမ်းကတော့အဲဒီအမာရွတ်ထဲကို စတီးရွိုက်ဆေးတစ်မျိုးကို ထိုးပေးတဲ့နည်းပါပဲ။အမာရွတ်ရဲ့အရွယ်အစား တဖြည်းဖြည်း ကျုံ့လှီသွားပေမယ့် ပင်ကိုအရေပြားရဲ့အရောင်အသွေးတော့ ပြန်မဖြစ်တော့ပါဘူး။ ဆေးထိုးရင်အနည်းနဲ့အများ နာတာရယ် နောက်ပြီးကြာတော့ ပြန်ကြီးလာတတ်တွေကြောင့် ဒီနည်းလမ်းကိုလည်း တစ်ချို့လူနာတွေက မကြိုက်လှပါဘူး။ လက်မခံဘူးဆိုပါတော့။ခွဲစိတ်တဲ့နည်း ရုပ်ဆိုးအကျည်းတန်တဲ့အမာရွတ်တွေကို ကြည့်ပျော်၊ ရှုပျော်ဖြစ်အောင် ခွဲစိတ်ပြုပြင်တဲ့နည်းတွေ ရှိပါတယ်။ နောက်ပြီးအရိုးအဆစ်တွေကို ဆွဲပြီး တွယ်ကပ်နေတဲ့အမာရွတ်ထူထူကြီးတွေကိုလည်း ခွဲစိတ်တဲ့နည်းတွေနဲ့ပဲ လှုပ်ရှားမှု ပြန်ကောင်းအောင် ကူညီနိုင်ပါတယ်။ ခုတ်မိ၊ ရှမိ ခိုက်မိတိုက်မိတဲ့အနာကို မချုပ်ဘဲထားခဲ့ရာက ကျန်ခဲ့တဲ့ မလှမပအမာရွတ်မျိုးတွေကိုလည်း ခွဲစိတ်ပြီး ကုစားနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာပေါ်မှာ ဘဝတစ်သက်တာ ပါသွားမယ့်အမာရွတ်မျိုးတွေပေါ့။အမာရွတ်ကို ဖယ်ထုတ်ပြီးအရေပြားနဲ့အစားထိုး ပြုပြင်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့အလှအပခွဲစိတ်မှုအထူးကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်များနှင့်သာ တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ နောက်ပြီးအမာရွတ်ထူထူဖောင်းဖောင်းကြီးတွေကိုတော့ ခွဲစိတ်တဲ့နည်းနဲ့ ကုသရင် ဆိုးကျိုးမကင်းလှပါဘူး။ဓာတုဗေဒ ပေါင်းတင်ခြင်း အရေပြား ပွတ်တိုက်တဲ့နည်းနဲ့ ရည်ရွယ်ချက် ခပ်ဆင်ဆင်တူတာကတော့ Chemical Peeling ဆိုတဲ့ ဓာတုဗေဒ ပေါင်းတင်တာပါ။ ပြင်းအားပျော့အက်စစ်တွေကိုသုံးပြီးအရေပြားရဲ့အပေါ်လွှာက ကလာပ်စည်းအဟောင်းတွေကို ရှင်းထုတ်ပြီး ကလာပ်စည်းအသစ်တွေနဲ့အစားထိုးစေတဲ့နည်းပါ။ အရေပြားကို နုပျိုလန်းဆန်းစေတဲ့အပြင်အသားမညီတဲ့ ပြဿနာ၊ ဝက်ခြံအမာရွတ်ပြဿနာတွေကိုလည်း လျော့နည်းသက်သာစေပါတယ်။ ဒီနည်းလမ်းဟာလည်း ဓာတုဗေဒပစ္စည်းတွေအသုံးပြုရတာမို့အတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူတွေနဲ့သာ ပြုလုပ်သင့်ပါတယ်။ တစ်ကြိမ်တည်းနဲ့ မပြီးပြတ်တာမို့ တစ်လတစ်ကြိမ်လောက် လိုအပ်သလို လုပ်သွားရတာပါ။ကိုလာဂျင်ထိုးတဲ့နည်း ချိုင့်ဝင်နေတဲ့အမာရွတ်တွေကို ပြန်ဖြည့်လာအောင်အရေပြားအောက်ကို ကိုလာဂျင်ထိုးပေးနည်းပါ။အချိုင့်ကို ဖြည့်ပေးတဲ့နည်းမို့ ဖီလာ (Filler)ထိုးတယ်လို့အသိများကြပါတယ်။ ကိုလာဂျင်အပြင် Hyaluronicအက်စစ်ကိုလည်း သုံးကြပါတယ်။ ဒီဖြည့်ဆေးတွေကို ချိုင့်ခွက်အမာရွတ်တွေ ဖြည့်ဖို့ထက် မျက်နှာပေါ်ကအရေးအကြောင်း၊အတွန့်အခေါက်တွေ ပျောက်ပြီး ငယ်မူပြန်အောင် လုပ်ရမှာ သုံးကြတာပါ။ ပစ္စည်းကောင်းကောင်းသုံးရင် တစ်ခါထိုးထားရုံနဲ့ တစ်သက်လုံး ကြာကြာကြီးနေပါတယ်။ ကျွမ်းကျင်သူတွေနဲ့သာ ဒီကုထုံးကို ခံယူဖို့တော့ လိုပါတယ်။လေဆာကုထုံး နေရာတကာ လေဆာပါ လို့တောင် ပြောရမလိုပါပဲ။ ဝက်ခြံအမာရွတ်တွေ၊ ဖောင်းကြွအမာရွတ်တွေကို လျော့ပါးသွားအောင် ကုသနိုင်ပါတယ်။ ဦးတည်ချက်ကတော့ မကောင်းတဲ့ကလာပ်စည်းတွေ ဖယ်ထုတ်ရင်း ကိုလာဂျင်အသစ်တွေ များလာအောင် လှုံ့ဆော်ပေးတာပါပဲ။ လေဆာစက်တွေကအမျိုးမျိုး၊အမာရွတ်တွေကအမျိုးမျိုးမို့ မှန်ကန်တဲ့နည်းလည်းကို သုံးနိုင်မှသာအကျိုးရှိမှာပါ။အမာရွတ်အားလုံးကို စက်တစ်မျိုးတည်းနဲ့ စွယ်စုံသုံးလို့အဆင်မပြေပါဘူး။ဘယ်နည်းကို ရွေးမလဲ ဆေးမကုမီပုံနဲ့ ဆေးကုပြီးပုံတွေ ယှဉ်ပြပြီးအမာရွတ်ပျောက်ဆေးတွေကို ကြော်ငြာနေကြတာအများကြီးပါ။ တခြားအမာရွတ်ကုထုံးတွေကိုလည်း ဒီလိုပဲ ပုံတွေပြပြီး ဆွဲဆောင်တတ်ပါတယ်။အမှန်တော့ ခုဆွေးနွေးခဲ့သလို ရွေးချယ်စရာ ကုသနည်းတွေအများကြီးမို့ ကိုယ့်ရဲ့အမာရွတ်ပြဿနာနဲ့ သင့်လျော်မယ့်နည်းလမ်းကိုသာ သုံးစေချင်ပါတယ်။အမာရွတ်ရဲ့အမျိုးအစား၊အရွယ်အစားအတိမ်အနက်၊အနုအရင့်၊ တည်နေရာတွေအပြင် ကိုယ်ရဲကဓနအင်အားကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ငွေကုန်ခံနိုင်ပေမယ့်အမှန်တကယ်အကျိုးရှိမရှိအန္တရာယ်ကင်း၊ မကင်း စတာတွေကိုလည်း ထည့်တွက်ရမှာပါ။ ဒီတော့အမာရွတ်တွေ လျော့ပါးသက်သာသွားစေဖို့ ကုသမှုမခံယူမီအရေပြား ဆရာဝန်တွေ၊ ခွဲစိတ်ဆရာဝန်တွေ၊အတွေ့အကြုံရှိတဲ့အလှအပပညာရှင်တွေကို တိုင်ပင်သင့်ပါတယ်။အမာရွတ်ဆိုတာ ဖြစ်တာကလွယ်ပေ၊ မြန်ပေမယ့် ပျောက်ဖို့ကျတော့ ခက်လည်းခက်၊ နှေးလည်းနှေးတာမို့ စိတ်ရှည်ရှည် ထားကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။Credit : ဒေါက်တာ ဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)