အမျိုးသား လိင်မှုဘဝ စွမ်းဆောင်ရည်အပေါ်အကြီးမားဆုံး ထိုးနှက်ချက် ၁၀ ခု
healthcare.com.mm
|
2019-03-27

အမျိုးသားသဘာဝ ဆုတ်ယုတ်ကျဆင်းလာခြင်းဖြစ်တဲ့ ပန်းသေပန်းညှိုးရောဂါဟာ လူမှုကျန်းမာရေးပြဿနာ (Social Health Problem)အကြီးစားတစ်ခုဖြစ်တယ်ဆိုတာအားလုံးအသိပါ။အမျိုးသားတစ်ယောက်ဟာ ဒီအနေအထားကိုအိုမင်းမစွမ်း ဖြစ်လာတဲ့ တစ်နေ့မှာရောက်ရှိမှာဖြစ်ပေမယ့်အရွယ်ကောင်းတုန်းမှာ ခံစားရရင်အရမ်းဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု ဖြစ်လာမယ်ဆိုတာအားလုံးအသိဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေတဲ့အဓိကအချက်က ဆယ်ချက်ရှိတယ်လို့ ကျန်းမာရေးသုတေသီများက စမ်းသပ်လေ့လာ တွေ့ရှိထားပါတယ်။ ဒီအချက်တွေကို ရှောင်ကြဉ် ပြုပြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။ (၁) စိတ်ဓာတ်ကျဆင်းခြင်း သဘာဝအရ ဦးနှောက်ဟာ လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု ဖြစ်ပေါ်စေတဲ့ နေရာဖြစ်ပါတယ်။ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဓာတုပစ္စည်းတွေဟာ လိင်မှုဆန္ဒ နိုးကြွမှုကို ပိတ်ပင်ပြီး ပန်းညှိုးရောဂါ ဖြစ်စေပါတယ်။ ရေရှည် စိတ်ဓာတ်ကျရောဂါမှာသာမက ခဏတဖြုတ် စိတ်ဓာတ်ကျရင်တောင် ဒီလိုအာနိသင်မျိုး ရှိပါတယ်။ ပိုဆိုးတဲ့အချက်က စိတ်ကျရောဂါကို ကုသတဲ့ ဆေးဝါးတွေထဲအများစုကလည်း ပန်းသေပန်းညှိုးရောဂါဖြစ်ဖို့အားပေးပါတယ်။ ဒါကြောင့်အမျိုးသားသဘာဝကို ကျဆင်းစေတဲ့အထဲမှာအကြီးဆုံးအချက်က စိတ်ဓာတ်ကျဆင်းခြင်းပါပဲ။ စိတ်ဓာတ်ကျဆင်းနေတဲ့အမျိုးသားတစ်ယောက်ဟာ ကျန်းမာရေးရှုထောင့်တစ်ခုတည်းက ကြည့်ရင်တောင် ပန်းသေပန်းညှိုး၊ နှလုံးသွေးကြောပိတ်၊အဝလွန် စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေလို့ စိတ်ဓာတ်အလွန်အမင်း ကျဆင်းတတ်တဲ့အကျင့်၊ ရေရှည်ဖြစ်နေတတ်တဲ့အကျင့်တွေကို ပြုပြင်သင့်ပါတယ်။ (၂)အရက်အနည်းအကျဉ်းလောက် သောက်ရင် စွမ်းဆောင်ရည် ကြာမြင့်စေတယ် ဆိုပေမယ့်အမူးအရမ်းလွန်အောင် သောက်ရင် စိတ်ကျေနပ်မှုအပြည့်အဝ မရတတ်သလို ယာယီ ပန်းညှိုးသွားတတ်ပါတယ်။ ဒါ့အပြင်အရက်ဟာ ရေရှည်မှာ သွေးကြောတွေကို ထိခိုက်ခြင်း၊အသည်းကို ထိခိုက်ကာ ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏကျဆင်းစေခြင်း စတဲ့အချက်တွေကြောင့် ပန်းသေပန်းညှိုးဖြစ်ဖို့ ဦးတည်သွားစေပါတယ်။ လေ့လာမှု တစ်ခုအရအရက်အလွန်အကျွံ သောက်သူတွေဟာ ပန်းသေပန်းညှိုး ဖြစ်ကြပြီး တစ်နေ့ကို နှစ်ပက်ပဲသောက်တဲ့အမျိုးသားတွေကျတော့ ဒီရောဂါနဲ့ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းစေပါသတဲ့။ (အရက်တွေထက် ဝိုင်နီတွေက ဒီအာနိသင် ပိုရှိပါတယ်။ ဝိုင်နီဟာအမျိုးသားရောအမျိုးသမီးပါ နှလုံးသွေးကြောပိတ်ရောဂါတွေကို ကာကွယ်နိုင်တဲ့အာနိသင်ရှိပါတယ်။အရက်သောက်ကြပါလို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ သောက်ကြမယ်ဆိုရင်တော့ ဝိုင်နီသောက်ပါလို့ ဆိုလိုတာပါ။ ကျန်းမာရေးအတွက်အကျိုးရှိဖို့အမျိုးသား နှစ်ပက်၊အမျိုးသမီး တစ်ပက်ထက် မကျော်လွန်ရပါဘူး) (၃) ဆေးဝါးများ ပုံမှန်စွဲသောက် နေရခြင်း သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဖက်နာရောဂါတို့လို နာတာရှည် နာကျင်ကိုက်ခဲမှုရောဂါများ၊ စိတ်ကျရောဂါ စတဲ့ ရောဂါတွေမှာ သောက်ရတဲ့ ဆေးတွေက ရေရှည်စွဲသောက်ရင် ပန်းသေပန်းညှိုး ဖြစ်စေတဲ့အာနိသင်ရှိကြပါတယ်။ ဒါကြောင့် ဒီဆေးတွေ စွဲသောက်နေရင်းအမျိုးသားတစ်ယောက်ဟာအိမ်ထောင်ရေးမှာ ထိခိုက်မှုရှိလာရင် ဆေးအမျိုးအစား ပြောင်းဖို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။အထက်ပါဆေးတွေအပြင်အမ်ဖက်တမင်း ကဲ့သို့ စိတ်ကြွရူးသွပ်ဆေးများဟာ ပန်းသေပန်းညှိုးနဲ့အခြား မျိုးဆက်ပွား ကျန်းမာရေး ပြဿနာတွေ၊အခက်အခဲတွေ တွေ့ရတတ်လေ့ရှိပါတယ်။ ခဏတာလက်တည့်စမ်း သုံးစွဲသူတွေဟာ စွမ်းဆောင်ရည် မြင့်မားလာသလိုလို ခံစားရလေ့ ရှိလို့ ဒီဆေးတွေဟာအန္တရာယ်မရှိဘူးလို့ လူငယ်အချို့ကအမှတ်မှားနေကြပါတယ်။ ရေရှည်မှာ ပြဿနာမျိုးစုံ ကြုံရမှာမို့ စိတ်ကြွရူးသွပ်ဆေးပြားများကို ကိုယ့်အသိနဲ့ကိုယ် ရှောင်ကြသင့်ပါတယ်။ (၄) စိတ်ဖိစီးမှု မိသားစုအရေးနဲ့အလုပ်ကိစ္စတွေကြားမှာ ဗျာများနေသူဟာ လိင်မှုကိစ္စမှာအနည်းနဲ့ အများ ကျဆင်းပါတယ်။အလုပ်ပိသူတွေဟာအိပ်ရေးမဝကြတဲ့ရက် များမယ်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း၊အားကစားတွေလုပ်ဖို့အချိန်မပေးနိုင်ဘူး၊ တွေ့ကရာအဆင်သင့်အစာတွေ စားမယ်ဆိုရင် ကြာလာတာနဲ့အမျှ လိင်မှုဘဝ နိမ့်ပါးခြင်းနဲ့ ကြုံလာရတတ်တာ များပါတယ်လို့ ပညာရှင်များက တွေ့ရှိထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုအာရုံတွေများတဲ့ သူဟာ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ရအောင်ယူပြီးအိပ်ရေး တတ်နိုင်သမျှ ဝအောင်အိပ်မယ်ဆိုရင် ဒီပြဿနာမျိုးတွေ နည်းသွားမှာပါ။ (၅) ဒေါသ ဒေါသဖြစ်ရင် မျက်နှာတွေ နီလာကာ သွေးဖိအားတက်လာပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေတဲ့အာနိသင်တော့ မရှိပါဘူး။ ဒေါသကြောင့် ထွက်တဲ့ ဟော်မုန်းများဟာ လိင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကို လွှမ်းမိုးတားဆီးတဲ့အာနိသင် ရှိပါတယ်။ ဒါ့အပြင် ဒေါသစိတ်က ရင်ထဲမှာ ကိန်းအောင်းနေရင် သင့်ရဲ့အဖော်နဲ့ နေတဲ့အခါမှာ ဒီဒေါသဟာ သူမနဲ့ မဆိုင်သော်ငြားလည်း ကြီးစွာအနှောင့်အယှက် ဖြစ်စေပါတယ်။ မျိုသိပ်ထားတဲ့ဒေါသတွေက ဒီလိုအာနိသင် ပိုရှိလို့ ပွင့်ပွင့်လင်းလင်း သမားတွေက ပန်းသေပန်းညှိုးဖြစ်တာ ပိုနည်းတယ်လို့အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။ (၆) သောက ငါတော့အိပ်ရာထဲမှာ စွမ်းဆောင်နိုင်ပါ့မလား၊အရင်တခါလိုပဲ တလွဲတချော်တွေ ဖြစ်ဦးမလား ဆိုတဲ့ စိတ်ကအတော်လေး ဆိုးပါတယ်။အဲလို စိုးရိမ်နေလို့ကိုအာရုံစူးစိုက်နိုင်စွမ်း ထပ်ကျပြီး ထပ်စိတ်ညစ်ရဦးမှာပါ။ ဒီလို သောကအပြင် လူမှုဘဝထဲက သောကတွေကလည်းအိမ်ထောင်ရေး သုခကို ကြီးစွာသော ထိုးနှက်တိုက်ခိုက်ချက် ဖြစ်စေပါတယ်။ (၇) သက်လတ်ပိုင်းအဝလွန်လာခြင်းအချို့အမျိုးသားတွေဟာ မျိုးရိုး၊အနေအထိုင်၊အစားအသောက် စတာတွေကြောင့်အသက် ၃၅ နှစ် နောက်ပိုင်းမှာ ကိုယ်အလေးချိန် မြန်မြန်ဆန်ဆန် တိုးလာတတ်ကြပါတယ်။အဲလိုဖြစ်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည် ကျေနပ်မှု (self-esteem) နဲ့ လိင်မှုစွမ်းရည်ကို ကျဆင်းစေပါတယ်။အဝလွန်တဲ့အမျိုးသားတွေဟာအမျိုးသားဟော်မုန်း တက်စတိုစတီရုန်း ကျလာလို့ ကျားသဘာဝတောင့်တင်းမှုရော ဆန္ဒပါ ကျဆင်းလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကအဝလွန်ရင် သွေးတိုးရောဂါ နောက်ကလိုက်လာပါတယ်။ သွေးတိုးရောဂါကြောင့် သွေးကြောနံရုံတွေ ထိခိုက်ပြီး မာခဲလာမယ်၊ လိင်အင်္ဂါကို သွားတဲ့ သွေးကြောတွေ ကျဉ်းပြီး ပန်းသေပန်းညှိုး ဖြစ်စေပါတယ်။ (၈) မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ခံယူထင်မြင်မှု သင့်ကိုယ်သင် မှန်ထဲမှာ ပြန်ကြည့်တိုင်း မြင်ရတဲ့ သင့်ရဲ့ ရုပ်ရည်၊အဝတ်အစား ဆံပင်စတဲ့ စတိုင်တွေကို သင်ကိုယ်တိုင်ကတောင် သဘောမကျဘူး ဖြစ်နေရင် သင့်ရဲ့ ပါတနာကလည်း ဒီလိုပဲ မြင်ဖို့ သေချာသလောက်ရှိပါတယ်။ ကိုယ့်ရဲ့အသွင်အပြင်ဟာ ဆွဲဆောင်မှု မရှိဘူးလို့ သင်တွေ့မြင်နေရရင် ယုံကြည်မှုတွေ လျော့ပါးကာအမှတ်(၆)မှာ ပြောခဲ့တဲ့ သောကမျိုးနဲ့ ကြုံတွေ့ရမှာ သေချာပါတယ်။ ဒါ့အပြင်အချစ်နဲ့ စပ်လျဉ်းတဲ့အိမ်ထောင်ရေးမျိုးမှာတောင် သင်က ဆွဲဆောင်မှု မရှိရင် တစ်ဖက်သားရဲ့ စိတ်ပါလက်ပါ ရှိမှုကို လျော့စေပြီး ဒါကို သင်က တဖန်ပြန်ခံစားမိပြန်တော့ သောက သံသရာလည်ကာ နောက်ဆုံးအာရုံစူးစိုက်လို့ မရတော့ဘဲ ပန်းညှိုးရောဂါ ဖြစ်လာတတ်တဲ့အထိ ဒီကိစ္စဟာ ကြီးကျယ်ပါတယ်။ မွေးရာပါ ရုပ်ရည်ဟာ ပြင်ရခက်ပေမယ့် ဆံပင်ပုံစံကနေ စလို့ မျက်နှာ၊အဝတ်အစား၊ ကိုယ်နံ့ စတာတွေက ဆွဲဆောင်မှုရှိအောင် ပြင်ဖို့အရမ်းမခဲယဉ်းပါဘူး။ ငွေကုန်ကြေးကျ မများဘဲနဲ့ ဖက်ရှင်ကျအောင် ယောကျ်ားပီပီသသ ဆွဲဆောင်မှုရှိအောင် (sexy ဖြစ်အောင်) လုပ်ယူလို့ ရပါတယ်။ ဒါဆိုရင်အထက်ပါ ပြဿနာတွေကိုဖြေရှင်းကျော်လွှားနိုင်လာမှာပါ။ (၉) ကာမစိတ်နည်းပါးကျဆင်းခြင်း ဒါဟာ ပန်းသေပန်းညှိုးရောဂါနဲ့ မတူဘူးလားလို့ မေးရင် မတူပါဘူးလို့ပဲ ဖြေရပါမယ်။ တစ်ခါတစ်လေ ဘာအကြောင်းမှုမရှိဘဲ ဒီစိတ်တွေ ကျနေတာကို လူတိုင်း ခံစားဖူးကြမှာပါ။ စိတ်ကျရည် စွမ်းဆောင်ရည်ပါ ကျပါတယ်။ တစ်ခါတစ်လေကျ တက်လာပေမယ့် ကြာကြာမခံဘဲ ပြန်ကျသွားတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် ကျေနပ်မှု (self-esteem) ကျဆင်းလာခြင်း၊ ကြီးမားတဲ့ စိတ်ဖိစီးမှု၊ ရောဂါအချို့မှာ သောက်ရတဲ့ ဆေးဝါး တွေဟာ စိတ်ပါဝင်စားမှုကို တားဆီးထားလို့ ဖြစ်ရတာ များပါတယ်။ ဗိုက်တာမင်နဲ့ သတ္တုဓာတ်အချို့ ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဗိုက်တာမင် Bအုပ်စု၊ ဗိုက်တာမင် E နဲ့ ဇင့်ချို့တဲ့မှုတွေမှာ တွေ့ရတတ်ပါတယ်။ ဒါကိုအစားအစာနဲ့ ပြုပြင်ချင်ရင် ငါးများ၊ ထောပတ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး စတဲ့အသီးများ၊ ဥများ၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီစိမ်း၊အခွံမာသီးအဆန်များ စတာတွေ စားပြီးပြန်လည် ဖြည့်တင်းနိုင်ပါတယ်။ (၁ဝ) ကျန်းမာရေး ဆီးချိုနဲ့ သွေးတိုးရောဂါများဟာ သွေးလှည့်ပတ်မှု ထိခိုက်ခြင်း၊အာရုံကြောများရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းတွေနဲ့ ဆက်စပ်လို့ ဒီရောဂါ ရှိသူများဟာ ပန်းသေပန်းညှိုးရောဂါ ခံစားရလေ့ရှိပါတယ်။ ခါးရိုးဆစ်ဒဏ်ရာ ရဖူးသူတွေဟာလည်း ကျားအင်္ဂါတောင့်တင်းစေဖို့ လိုအပ်တဲ့ လှုံ့ဆော်မှုတွေ ကျောရိုးအာရုံကြောမကြီး ကနေ မရတော့တဲ့အတွက် လုံးဝ ပန်းသေသွားတတ်ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါတစ်ခုခုရှိလို့ ခွဲစိတ်မှု လုပ်ရရင် သက်ဆိုင်ရာအာရုံကြောတွေ ထိတတ်ပြီး ခွဲစိတ်မှုအပြီးမှာ ပြဿနာတက်ပါတယ်။ ဒီလို ကျန်းမာရေးအခြေအနေတွေကို ပျောက်ကင်း သက်သာအောင် ကုသဖို့ ဆရာဝန်ပြသရမှာပဲ ဖြစ်ပါတယ်။ ဒီနောက်ဆုံးအချက် နံပါတ်(၁ဝ) ကတော့ ကျွန်တော်တို့ဘက်က လုပ်နိုင်တာ နည်းပါမယ်။ ဒါပေမဲ့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါအတွက်ကော သွေးလှည့်ပတ်မှုအတွက်ပါ ကိုယ်လက်လှုပ်ရှားမှု စနစ်တကျ မှန်မှန်ပြုလုပ်ခြင်းဟာ ဒီရောဂါတွေကို ငြိမ်သက်နေအောင် ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ကို ဝေးဝေး ရှောင်ကြဉ်မယ်၊ စွဲနေရင် ဖြတ်မယ်ဆိုရင် တန်ဖိုးရှိတဲ့ စွမ်းဆောင်ရည်မြင့်အမျိုးသားဘဝကို တန်ဖိုးထားရာ ရောက်မှာ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါဟာ စောစောကုရင် နောက်ဆက်တွဲ ပြဿနာတွေ မများတော့ဘဲ မြန်မြန် သက်သာတတ်သလိုအချိန်တွေ ဆွဲနေရင် ဒါမှမဟုတ် မိမိသဘောနဲ့ တွေ့ကရာ ဆေးမြီးတိုတွေနဲ့ ကြိတ်ကုနေလို့ ကြာလာရင် ကုရခက်တဲ့အနေအထား ရှိတာမို့ လက်တွေ့ကြုံရရင် ရှက်ရွံ့မနေဘဲ၊အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ ကုသပါလို့အကြံပြုလိုက်ပါတယ်။ Credit : မိုးကောင်းသားသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..