အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ
hellosayarwon.com
|
2019-04-02

ပစ္စည်းတစ်ခုခုပြင်ဖို့၊ ကပ်ဖို့လိုတိုင်း စူပါဂလူးကို ပြေးဝယ်ကြပါတယ်။ တကယ်လည်းစွယ်စုံအသုံးဝင်တဲ့အရာဖြစ်ပေမယ့် ကပ်လိုတဲ့နေရာမဟုတ်ဘဲ မတော်တဆ ချော်ပြီး မျက်စိကိုစဉ်မိရင်အန္တရာယ်ရှိနိုင်ပါတယ်။အသားမှာကပ်သွားရင်လည်းအတင်းဆွဲခွာရလို့အသားတွေစုတ်ပြဲရနိုင်တယ်။ စူပါဂလူးကအရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့်အသားတွေထိကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါအရေပြားကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာအလွယ်ဆုံးနည်းလေးတွေ ပြောပြမယ်နော် -

(၁) ဆပ်ပြာရည်
ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ ကော်တွေကို ဖယ်ရှားပါ။ ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲ ရေနွေးစပ်ပြီး ချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ ကော်ကပ်နေတဲ့လက်ကို ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စိမ်ထားပါ။ ကော်ကပျော့လာပြီဆိုရင်အသာအယာပွတ်ပါ ဒါမှမဟုတ်အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင် ဒီနည်းနဲ့တင် နည်းနည်းချင်း လျော့ပါးသွားနိုင်ပါတယ်။ မရရင် နောက်တစ်နည်းပေါ့။  

(၂) လက်သည်းဖျက်ဆေး
လက်သည်းဖျက်ဆေးအများစုမှာ acetone  လို့ခေါ်တဲ့ စူပါဂလူးကိုပျော်ဝင်စေတဲ့အစွမ်းထက်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းနဲ့ဆွတ်ပြီး ကော်ကပ်နေတဲ့နေရာကို ခဏလောက်ဖိကပ်ပေးပါ။ Acetone ကအဆိပ်အတောက်ရှိနိုင်တဲ့ဓာတ်ဖြစ်ပြိးအရေပြားကိုခြောက်သွေ့စေနိုင်တယ်ဆိုတော့ သုံးပြီးတာနဲ့ လက်ကိုသေချာဆေးဖို့အရေးကြီးပါတယ်။အရေပြားရောဂါရှိတဲ့သူတွေနဲ့ ထိခိုက်လွယ်အသားအရေတွေတော့ မသုံးသင့်ပါဘူး။အရေပြားပေါက်ပြဲနေရင်လည်း မသုံးသင့်ပါဘူး။


(၃) ထောပတ်နဲ့ဆီများ
အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ် ၊ မာဂျရင်း တို့လိုအဆီတွေက စူပါဂလူးခွာတဲ့နေရာမှာအသုံးဝင်ပါတယ်။ ရေနွေးနွေးလေးထဲမှာ လက်ကိုအရင်စိမ်လိုက်ပြီးမှအဲဒီအဆီတစ်ခုခုကို စိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ ကော်တွေမစင်မချင်း ဆီတွေထပ်သုံးလို့ရပါတယ်။  

(၄) ချေးတွန်းကျောက်
အသားမာတွေ၊အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့ သုံးကြတဲ့ ချေးတွန်းကျောက်ကို  ခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ ကော်ပေနေတဲ့လက်ကို ဆပ်ပြာရည်ထဲခဏစိမ်ပြီး ချေးတွန်းကျောက်ကိုတော့ ရေနွေးလေးထဲစိမ်ထားပါ။ ပြီးမှ ချေးတွန်းကျောက်နဲ့အသာအယာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။

(၅) သံပရာသီး
သံပရာသီးရဲ့အက်စစ်ဓာတ်က စူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သံပရာသီးညှစ်ထည့်ပြီး ကော်ပေနေတဲ့လက်ကို ၅ မိနစ်/ ၁၀ မိနစ် နှစ်ထားပေးပါ။ ဒါမှမဟုတ် သွားပွတ်တံဖြစ်ဖြစ်၊ ဂွမ်းနဲ့ဖြစ်ဖြစ်  သံပရာရည်ဆွတ်ပြီး ကော်ကပ်နေတဲ့နေရာကို တို့ပွတ်ပါ။   အသားမှာ ကော်ကပ်မိရင် အသားမှာကပ်နေတဲ့ ကော်တွေကို ဆွဲမခွာသင့်ပါဘူး။အရေပြားကို သို့မဟုတ် ကော်ကို ညင်သာစွာပွတ်တိုက်တာကပဲအဆင်ပြေမှာပါ။ တချို့က ဒီတိုင်းနေရင်း၊အဝတ်လျှော် ၊ ပန်းကန်ဆေးရင်းနဲ့ ကွာကုန်တာလည်းရှိပါတယ်။ ဒါပေမယ့်အရေးကြီးတာက စူပါဂလူးသုံးရင် ပါးစပ်ထဲနဲ့ မျက်စိထဲမဝင်ဖို့ပါပဲ။ မျက်စိ သို့မဟုတ် မျက်ခွံမှာ ကော်တွေပေရင်အန္တရာယ်ရှိနိုင်ပါတယ်။ နောက်တစ်ချက်အရေးကြီးတာကအရေပြားမှာ ပေါက်ပြဲမှုရှိခဲ့ရင် ဓာတုပစ္စည်းတွေသုံးပြီး ကော်မဖယ်ရှားပါနဲ့။ နောက်ဆုံးမရရင် ဆရာဝန်ပြသင့်ပါတယ်။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..