သန်ကျဆေးသောက်ရမှာကြောက်တဲ့သူတွေအတွက် သဘာဝဆေး (၇) မျိုး
hellosayarwon.com
|
2019-04-09


သန်ကောင်တုတ်ကောင်တွေဆိုတာ ပုံသဏ္ဍာန်ကိုကအူယားစရာ၊ ရွံစရာကောင်းပါတယ်။ လူ့ခန္ဓာကိုယ်အတွင်းထဲမှာ ရှင်သန်ပွားများနေကြတာတွေးကြည့်ရင်ပဲ စိတ်ပျက်စရာပါ။ ဒါတင်မက သူတို့တွေကအူလမ်းကြောင်းမှာပဲရှိနေတာမဟုတ်ပါဘူး။ ဒီကပ်ပါးကောင်တွေကအဆုတ်၊အစာလမ်းကြောင်း၊ နားလမ်းကြောင်း စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာထိအောင် ပျံ့နှံ့ရောက်ရှိနေနိုင်ပါတယ်။   လူကစားလိုက်သမျှကို သူတို့ကစားသုံးတယ်၊ လူရဲ့သွေးကိုလည်း စားသုံးတယ်ဆိုတော့ ကြာလာရင်အရေးပါတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့လိုအာဟာရဓာတ်တွေ ချို့တဲ့တာတွေဖြစ်လာစေတာပေါ့။ တုတ်ကောင်သန်ကောင်တွေက သွေးကြောထဲဝင်ရောက်နိုင်တယ်၊ ခန္ဓာကိုယ်အနှံ့ကိုသွားလာနိုင်တယ်ဆိုတော့အသည်း၊အဆုတ်နဲ့အစာအိမ်တို့လို ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေထဲ ထိုးဖောက်ဝင်ရောက်ပြီး ဆိုးကျိုးပေးနိုင်ပါတယ်။ ဥပမာ -အသည်းထဲကို သန်ကောင်ရောက်သွားရင်အသည်းခြောက်ခြင်းနဲ့ ပြည်တည်နာတွေဖြစ်လာစေနိုင်တယ်။ သူတို့ကို

သန်ကောင် ရှိတဲ့ ဝက်သား၊အခွံမာငါးနဲ့  မသန့်တဲ့ရေတို့ကနေ ကူးစက်ရရှိနိုင်တယ်။ ခြင် ဒါမှမဟုတ် တိရစ္ဆာန်တွေမှာရှိတဲ့သန်းအကိုက်ခံရရင်၊ ခြေဗလာနဲ့လမ်းလျှောက်ရင်၊ သန်ကောင်ဥရှိတဲ့နေရာ ထိတွေ့မိပြီး နှာခေါင်းနဲ့ပါးစပ်တို့ကို ကိုင်တွယ်မိတာက တဆင့် ကူးစက်ခံရနိုင်တယ်။ နေရာပေါင်းစုံကနေ ကူးစက်ရရှိနိုင်လို့ ခြောက်လတစ်ကြိမ် သန်ကျဆေးပုံမှန်သောက်ဖို့ ဆရာဝန်တွေကအကြံပြုတာဖြစ်ပါတယ်။ ဒါပေမယ့်တချို့က သန်ကျဆေးသောက်ရမှာကို ကြောက်ကြတယ်၊ သောက်လိုက်ရင်ပဲ လူကိုထိခိုက်မှာလိုလို၊အားနည်းသွားမှာလိုလိုနဲ့ စိတ်ပူကြပါတယ်။ တချို့ကျတော့ သန်ကောင်တွေက မသေဘဲအရှင်လိုက်ထွက်လာမှာကိုအရမ်းကြောက်ကြတာလည်းရှိတယ်။အမှန်တော့ သန်ကျဆေးတွေက လူအတွက်ဘေးကင်းပါတယ်။ သန်ကောင်တွေကိုသာ ရှင်းလင်းပေးမှာဖြစ်လို့ ကလေးတွေကိုပါ တိုက်လို့ရတယ်၊ ကြောက်စရာတော့မရှိပါဘူး။ ဒါပေမယ့် သန်ကျဆေးကြောက်သူတွေအတွက်အဆင်ပြေစေမယ့် တစ်နည်းတော့ရှိတယ်။ အဲဒါကတော့ သဘာဝနည်းအတိုင်း သန်ကျစေမယ့်အစားအစာတွေ စားပေးတာပါပဲ။ သိထားရမယ့်အချက်ကတော့ ဆေးလောက်တော့ ချက်ချင်းထိရောက်မှုမပေးနိုင်ဘူးဆိုတာပါပဲ။ စားနေကျအစားအစာတွေမို့ မကြာမကြာစားသုံးပေးမှအာနိသင်ထူးခြားမှာဖြစ်ပါတယ်။

(၁) ဖရုံစေ့
ဖရုံစေ့က ဆိမ့်ဆိမ့်လေးနဲ့အရသာရှိလို့ နှစ်သက်တတ်ကြပါတယ်။ ဒါပေမယ့်အဲဒါက လှော်ပြီးသားအသင့်စား ဖရုံစေ့တွေပါ။ သူ့ရဲ့ သန်ကျစေနိုင်တဲ့အာနိသင်ကတော့အစိမ်းစားမှ ရနိုင်မှာပါတဲ့။အိမ်မှာ ရွှေဖရုံသီးချက်တယ်ထား၊ ဖရုံသီးအစေ့လေးတွေ ဖယ်ထားပေါ့။ ရေသေချာဆေးပြီး ဒီအတိုင်းစားလည်းရပေမယ့်အာဟာရပညာရှင်တချို့ကတော့ ဖရုံစေ့ကိုကြိတ်၊အုန်းနို့ရည်လေးနည်းနည်းနဲ့ ရေ ခွက်တစ်ဝက်ရောမွှေ၊ ပျစ်ပျစ်လေးကိုစားပြီး ရေတစ်ခွက်သောက်ချပါလို့ နည်းညွှန်ကြပါတယ်။

(၂) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ကပ်ပါးပိုးတွေကို နှိမ်နင်းနိုင်တဲ့ ဆာလ်ဖာပါဝင်တဲ့အမိုင်နိုအက်စစ်တွေ ကြွယ်ဝပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ဒြပ်ပေါင်းကလည်း သန်ကောင်တွေကို ရှင်းလင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ရဖို့ သူ့ကိုလည်းအစိမ်းစားရမှာပဲ။ ကြက်သွန်ဖြူကို ထက်ခြမ်းခွဲတာ၊ စိတ်တာ၊ စဉ်းတာ၊ ထောင်းတာ လုပ်ပြီးမှ allicin  ပိုထွက်ရှိလာမှာဖြစ်လို့ ဒီလိုလုပ်ပြီး ခဏလောက် လေနဲ့ထိတွေ့စေပြီးမှ စားပါ။ မရမ်းသီးထောင်းတို့၊ ပုဇွန်ခြောက်ထောင်းတို့လို မြန်မာ့ဓလေ့အတိုင်း စားတာက ဒီနည်းနဲ့ကွက်တိပါပဲ။

(၃) သင်္ဘောသီး
papain လိုအစာကြေအင်ဇိုင်းတွေနဲ့အမိုင်နိုအက်စစ်တွေပါဝင်တဲ့ သင်္ဘောသီးက တုတ်ကောင်၊သန်ကောင်တွေအတွက် ရှင်သန်ရခက်တဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ပါတယ်။အထူးသဖြင့် သင်္ဘောစေ့က ဘာမှမကုန်ကျဘဲ ဘေးကင်းထိရောက်တဲ့ သဘာဝသန်ကျဆေးဖြစ်တယ်လို့ သုတေသနတွေကအတည်ပြုထားတာဖြစ်ပါတယ်။

(၄) တမာ
ဘက်တီးရီးယားသေစေတယ်၊ မှိုပိုးသေစေတယ်၊ ဗိုင်းရပ်စ်တွေကိုနှိမ်နင်းနိုင်တယ်ဆိုတာတွေက တမာရဲ့အစွမ်းတွေပါ။ တမာရွက်(တမာတစ်ပင်လုံး)ရဲ့အာနိသင်တွေထဲမှာ ကပ်ပါးပိုးတွေကို သေစေတဲ့အပြင်အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတာလည်း ပါဝင်ပါတယ်။

(၅) ဂရိတ်ဖရု
ဂရိတ်ဖရုသီးရဲ့အစေ့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ ပိုးသတ်အာနိသင်ရှိတဲ့ citrus bioflavonoid ဓာတ်တွေ ပမာဏပါဝင်မှုများပါတယ်။အထူးသဖြင့် ဂရိတ်ဖရုစေ့မှာပါတဲ့ hesperidin က ပိုးသေစေတဲ့အာနိသင်ပိုများတာဖြစ်နိုင်ပါတယ်။

(၆) လေးညှင်း
လေးညှင်းပွင့်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး eugenol လို့ခေါ်တဲ့ ပိုးသေစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကအူလမ်းကြောင်းထဲက ကပ်ပါးပိုးတွေကို ရှင်းလင်းပေးနိုင်ပြီး သန်ကောင်ဥတွေ၊ သားလောင်းတွေကိုပါ နှိမ်နင်းနိုင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ပါးစေပြီး ကင်ဆာကာကွယ်နိုင်တယ်လို့လည်း သိရပါတယ်။ လေးညှင်းဆီ ဒါမှမဟုတ် လေးညှင်းပွင့်က သန်ကောင်တွေအပြင် ငှက်ဖျား၊ ဝမ်းရောဂါ၊ ဝဲပေါက်ခြင်း၊ သွေးလွန်တုပ်ကွေး၊ တီဘီရောဂါတို့လို တခြားကပ်ပါးပိုးတွေ၊ မှိုပိုး၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်ရာမှာလည်းအသုံးဝင်ပါတယ်။ လေးညှင်းကအစာအိမ်အနာကိုဖြစ်စေတဲ့ H Pylori ပိုးကိုလည်း ကာကွယ်နှိမ်နင်းနိုင်တယ်လို့ သိရပါတယ်။

(၇) ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးကိုအာရှမှာအတော်ကြိုက်နှစ်သက်ကြသလို ဆေးဖက်ဝင်ပစ္စည်းအဖြစ်အနောက်နိုင်ငံတွေမှာပါအသုံးပြုကြပါတယ်။ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်တွေ၊အမှျှင်ဓာတ်၊ ဘီတာကယ်ရိုတင်းတွေပါအစုံအလင်ပါဝင်လို့ ဆေးဖက်ဝင်အာနိသင်ကများပါတယ်။ သူ့ရဲ့အခါးကို သည်းခံနိုင်တယ်ဆိုရင်တော့ နည်းနည်းကြိတ်သောက်တာ သန်ကျစေနိုင်ပါတယ်။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..