မိတ်ပျောက်သွားတဲ့အခါအမာရွတ်လေးတွေကြောင့်အရုပ်မဆိုးစေဖို့
hellosayarwon.com
|
2019-04-29


နွေရာသီမှာ မိတ်ပေါက်တာမဆန်းပေမယ့် မိတ်တွေပျောက်သွားရင်တော့ ဖြစ်ကျန်ခဲ့တဲ့အမာရွတ်တွေကို သူများမြင်ရင်တော့ ဆန်းနေမှာနော်။ မိတ်ဖုလေးတွေ ပျောက်သွားရင် ကျန်ခဲ့တဲ့အကွက်လေးတွေက ညှင်းတွေလိုလို၊ ပွေးတွေလိုလိုအထင်ခံရတာ တော်တေ်ာဆိုးပါတယ်။ သူကတော့အန္တရာယ်မပေးနိုင်ပေမယ့် နေရခက်စေတာရယ်၊အမာရွတ်ကျန်တာရယ် ကြောင့် မိတ်ပေါက်လာတာနဲ့ ကိုယ်သက်သာမယ့်နည်းလမ်းကို ရှာရပါတော့တယ်။ မိတ်ဖုတွေဟာအပူချိန်ပြင်းလွန်းလို့အရေပြားကတုံ့ပြန်လာတဲ့အရာပါ။ ချွေးထွက်ပြွန်တွေပိတ်ဆို့ပြီးအရေပြားထဲမှာချွေးတွေငုပ်သွားတဲ့အခါ မိတ်ထွက်လာပါတယ်။ နီနီဖုအသေးလေးတွေခပ်ကျဲကျဲ သို့မဟုတ်အပြင်လိုက်ထွက်တတ်တဲ့ မိတ်ဖုလေးတွေကအများအားဖြင့်အဝတ်အစားနဲ့ဖုံးအုပ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်လာတတ်တယ်။ ဥပမာ ကျော၊ လည်ပင်း၊ ရင်ဘတ်၊ ချိုင်းကြား၊ ဗိုက် တို့မှာပေါ့။ ဒါပေမယ့်အမာရွတ်ကျန်ရင်ကျ လူမြင်လောက်တဲ့ လက်မောင်းနဲ့ချိုင်း ဒါမှမဟုတ် လည်ပင်းမှာဆို လက်ပြတ်လေးလည်းမဝတ်ရဲ၊ လည်ပင်းပေါ်မှာစိုးလို့ ဆံပင်လည်းလှန်မတင်ရဲ ဖြစ်ရတာတွေ ရှိပါတယ်။အချိန်တန်ရင် သူ့အလိုလိုပျောက်ကင်းမှာဆိုပေမယ့် နေရခက်တာတွေသက်သာအောင်၊အမာရွတ်မကျန်အောင် ဒီအချက်တွေ ဂရုစိုက်ပေးလိုက်ပါ။ ဒါဆို မိတ်အတွက်နဲ့ စိုးရိမ်နေဖို့ မလိုတော့ဘူးပေါ့ -   - ချွေးအလွန်အကျွံမထွက်အောင် နေပူထဲသိပ်မထွက်ဖြစ်ဖို့၊ နေမလောင်ဖို့ သတိပြုပါ။ တတ်နိုင်သလောက်အရိပ်ထဲနေပါ။ -  လေဝင်လေထွက်ကောင်းပြီးအသားအေးတဲ့အဝတ်အစားတွေဝတ်ပါ။ ပူအိုက်စေပြီး ချွေးမစုပ်တဲ့အသားတွေ ဝတ်ရင် ပိုဆိုးစေနိုင်တယ်။ - အဝတ်အစားကျပ်ကျပ်တွေမဝတ်ပါနဲ့။အသားမှာကပ်မနေဘဲ ချောင်ချိတာကို ရွေးပါ။ -  ရေတစ်နေ့နှစ်ကြိမ်ချိုးပါ။ သိပ်မပြင်းတဲ့ဆပ်ပြာကိုပဲသုံးပါ။ -အရေပြားကို မပွတ်တိုက်ပါနဲ့။ ရေချိုး၊ ဆပ်ပြာတိုက်တဲ့အခါ ဖြစ်ဖြစ်၊ ရေသုတ်တဲ့အခါဖြစ်ဖြစ်အသာအယာပဲထိတွေ့ပါ။ မိတ်ဖုတွေပွန်းပဲ့ ပေါက်ပြဲရင်အမာရွတ်ကျန်မှာသေချာပါတယ်။ - အရေးကြီးဆုံးနဲ့ လိုက်နာရအခက်ဆုံးအချက်က မကုတ်ဖို့ပါပဲ။ မိတ်တွေက မခံနိုင်အောင် ယားတတ်တာမို့ မကုတ်မိအောင် ထိန်းပါ။အမာရွတ်ကျန်နိုင်တဲ့အဓိကအချက်ဖြစ်ပါတယ်။ -  သနပ်ခါးလိမ်းပါ။အပူကြောင့်ဖြစ်တဲ့ မိတ်ဖုတွေကို သနပ်ခါးရဲ့အအေးဓာတ်နဲ့ကုစားပါ။ မြန်မြန်ချပ်ရပ်သွားပါလိမ့်မယ်။ သိပ်မပျစ်တဲ့ ရေကျဲလေးတော့ဖြစ်ပါစေ။ - အရေပြားကို မခြောက်သွေ့အောင်ဂရုစိုက်ပါ။ ရေဓာတ်ဖြည့်ပေးတဲ့အစိုဓာတ်ထိန်းပစ္စည်း (moisturizer )တစ်ခုခုလိမ်းပါ။ ဓာတုပစ္စည်းမပါတာကိုသုံးပါ။ သဘာဝပစ္စည်းအခြေခံတဲ့ ဂျယ်လ်ဆိုပိုကောင်းပါတယ်။ ဥပမာ ရှားစောင်း သို့မဟုတ် သခွားသီးဂျယ်လ်လိုမျိုး။ -  ရေများများသောက်ပါ။ ရေဓာတ်က ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ပွင့်စေပြီးအပူဖုတွေကြောင့်အရေပြားပူလောင်မှုကို သက်သာစေပါတယ်။ -  လေသလပ်ခံပေးပါ။




ဒါပေမယ့်

အရမ်းများနေတာ၊
ဆိုးရွားလာတာ၊
အနာဖုတွေကြီးလာတာဆိုရင် ဆရာဝန်ပြပါ။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..