အင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်
healthcare.com.mm
|
2019-05-06


ပထမဦးဆုံးတင်ပြချင်သည့်အယူအဆတစ်ခုမှာ “အင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်” ဟူသောအကြောင်းပင် ဖြစ်ပါသည်။ ဤအယူအဆမှာ ယခုမှသာမဟုတ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လူတစ်ယောက် နှစ်ယောက်သာမဟုတ်၊ လူအများအပြား ယုံကြည်နေကြခြင်းဖြစ်၏။ တချို့ပညာမတတ်မဟုတ်။ ဘွဲ့များစွာ ရထားသူများပင် ယင်းယုံကြည်မှုရှိနေသည်။ ကျွန်တော်တို့ မိဘများသည်လည်း ကျွန်တော်တို့ ငယ်စဉ်ကပင်အင်္ဂလိပ်ဆေးတိုက်မည်ဆိုလျှင်အချဉ်နဲ့ ရှောင်၍ တိုက်ကြသည်။အချဉ်စားထားသူများကို ဆေးမသောက်နှင့်ဦးဟု ဟန့်တားကြသည်။ တချို့သူများက “အချဉ်စားပြီးအင်္ဂလိပ်ဆေး သွားမသောက်နဲ့၊ တစ်ခါတည်းသေသွားမယ်၊ ဘာမှတ်လဲ ” ဆိုသည့် စကားမျိုးကိုပင် ပြောတတ်ကြသည်။ ယနေ့အချိန် သုံးစွဲနေသောအင်္ဂလိပ်ဆေးဝါးများ (ထိုးဆေး၊ စားဆေး) တွင်အချဉ်စားပြီး မထိုးရ၊ မသောက်ရဟု တားမြစ်ချက်များမပါဝင်ပါ။အင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်ဟူသောအယူအဆမှာ ရှေးခေတ်သုံးခဲ့သော ဆေးဝါးတစ်ချို့ ဓာတ်မတည့်မှုရှိခဲ့ပါ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ကြားဖူးခဲ့ပါသည်။အတိအကျတော့ မပြောနိုင်ပါ။ အချဉ်ဟုဆိုရာတွင် ဥပမာ - သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ချဉ်ပေါင်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီး စည်တို့ဖြစ်သည်။ ယင်းအသီးအနှံအရွက်များတွင် ဗီတာမင် “စီ” ဓာတ်ပါဝင်သည်။ ဗီတာမင် “စီ” သည်အစာလမ်းကြောင်းမှ ဆေးဝါးတချို့ စုပ်ယူမှုအားကို ကောင်းစေသည်။ ထို့ကြောင့်ပင် ဆေးဝါးတချို့ကို ဗီတာမင် “စီ” နှင့်တွဲ၍ သောက်စေသည်။ ဥပမာ သံဓာတ်စုပ်ယူသမှုကို ဗီတာမင် “စီ” ကအားပေးသည်။ တချို့ကျွမ်းကျင်ပညာရှင်အချို့ကအကယ်၍အချဉ်နှင့် ဆေးဝါးတချို့ ရောသောက်လျှင် စုပ်ယူမှုပိုကောင်း၍အန္တရာယ်မဖြစ်စေနိုင်ဘူးလားဟု စောဒကတတ်ကြသည်။ ဆေးဝါးများတွင် မူလကတည်းက လူအတွက်အန္တရာယ်မရှိသော လိုအပ်သည့်အတိုင်းအတာပမာဏ ကိုသာ ထည့်သွင်းပေးထားခြင်းဖြစ်သည်။အန္တရာယ်ဖြစ်စေနိုင်စရာအကြောင်း မရှိပါ။ ကျွန်တော်တင်ပြလိုသည်မှာအင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်ဆိုသည်မှာအယူအဆအမှား တစ်ခုသာ ဖြစ်ပါသည်။အင်္ဂလိပ်ဆေးတချို့နဲ့ ဓာတ်မတည့်သည့် ဥပမာတချို့ကို တင်ပြပေးပါမည်။အရက်နှင့်အချို့အင်္ဂလိပ်ဆေး မတည့်ပါ။ ဤသည်မှာအမှန်ဖြစ်ပါသည်။ လူတစ်ယောက်အရက်အလွန်အကျွံသောက်လျှင်အမူးလွန်သွားနိုင်သည်။အိပ်ဆေးအသောက်များလျှင်လည်းမူးဝေပြီးအိပ်ရာမထချင်ဘဲ ဖြစ်နေတတ်သည်။အရက်နှင့်အိပ်ဆေးတွဲသောက်မိလျှင်အသက်အန္တရာယ် ဖြစ်စေနိုင်သည်။အရက်နှင့်အိပ်ဆေးသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်အားကူလှုံ့ဆော်မှု ပြုကြသည်။အရက်နှင့် မက်ထရိုနိုက်ဒဇော် (မက်ထရို) Metronidazoleအကြောင်းမှာ Metronidazole မက်ထရိုနိုက်ဒဇောဆေးမှာအရက်ဖြတ်ဆေးကဲ့သို့အာနိသင်ရှိသောကြောင့်ဖြစ်သည်။အချုပ်အားဖြင့်ဆိုရသော်အင်္ဂလိပ်ဆေးနှင့်အချဉ်မတည့်ဟူသောအယူအဆအမှားကို မေ့ဖျောက်သင့်ပြီ ဖြစ်ပါသည်။ အချဉ်စားထားသူလည်း ဆေးထိုးနိုင်ပါသည်။အချဉ်စားပြီးလျှင်လည်း ဆေးသောက်နိုင်ပါသည်။ -အင်္ဂလိပ်ဆေးနှင့်အချဉ် တည့်ပါသည်။ -အရက်နှင့် တချို့အင်္ဂလိပ်ဆေး မတည့်ပါ။ Ref: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ) ကျန်းမာရေးနှင့် ပတ်သက်သောအယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..