တိရစ်ဆာန်မှ လူကိုကူးစက်နိုင်သည့် ဒေါင့်သန်းရောဂါ
mmtimes.com
|
2019-02-28

ဒေါက်တာ ရန်နိုင်စိုး

တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးသန်းဆက်ဆံမှုတွေ များပြားလာသလို ရောဂါဖြစ်တဲ့နိုင်ငံကနေအခြားနိုင်ငံတွေကို ရောဂါပြန့်ပွားသွားဖို့အခွင့်အလမ်းအများကြီးရှိနေပါတယ်။ ဒါပေမဲ့ လူတွေမှာ ဒေါင့်သန်းရောဂါဖြစ်ပွားမှုဟာ တိရစ်ဆာန်တွေမှာဖြစ်ပွားမှုနဲ့နှိုင်းယှဉ်ရင် နည်းပါးပါတယ်။ဒေါင့်သန်းရောဂါအကြောင်းကို စာဖတ်သူတွေပိုမိုသိရှိစေဖို့ရည်ရွယ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ မွေးမြူရေးနှင့်တိရစ်ဆာန်ဆေးကုပညာရှင် ဒေါက်တာ ရန်နိုင်စိုး ကို မြန်မာတိုင်း(မ်)ကဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဒေါင့်သန်းရောဂါကိုအင်္ဂလိပ်လို Anthrax လို့ခေါ်ပြီး Bacillus anthracis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရတာဖြစ်ပါတယ်။ တိရစ်ဆာန်တွေမှာဖြစ်ပွားတဲ့ ဒေါင့်သန်းရောဂါက လူတွေကိုလည်းကူးစက်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ဖော်ပြချက်အရ ဒေါင့်သန်းရောဂါဟာ တိရစ်ဆာန်အချင်းချင်းကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီးအာဖရိကတိုက်နဲ့အာရှတိုက်မှာအဖြစ်များကာဥရောပတိုက် တောင်ဘက် နိုင်ငံအချို့၊အမေရိကန် နိုင်ငံနဲ့သြစတြေးလျနိုင်ငံရဲ့ဒေသအချို့တွေ မှာလည်းဖြစ်ပွားမှုရှိနေကြောင်း ဖော်ပြထားပါတယ်။


Q-ဒေါင့်သန်းရောဂါဖြစ်ပွားနိုင်တဲ့ တိရစ်ဆာန်တွေအကြောင်းနဲ့ ဘယ်တိရစ်ဆာန်တွေမှာအများဆုံးဖြစ်နိုင်သလဲဆိုတာ သိပါရစေ?


A- ဒေါင့်သန်းရောဂါဟာအဓိကတော့ နွား၊ သိုး၊ ဆိတ်နဲ့ကုလားအုတ်တွေမှာအဖြစ်များ ပါတယ်။ ဒါ့ပြင် မြင်းနဲ့ဝက်တွေမှာလည်း ဒီရောဂါဖြစ်တတ်ပြီး ဝက်၊ ခွေး၊ ကြောင်၊ ခွေးအ၊ဝံပုလွေ၊မြေခွေးစတဲ့ တိရစ်ဆာန်တွေကတော့ ဒေါင့်သန်းရောဂါပိုးကို ခံနိုင်ရည်ရှိကြပါတယ်။


Q-တိရစ်ဆာန်တွေမှာ ဒေါင့်သန်းရောဂါကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ?


A- ရောဂါပိုးကူးစက်ခံရတဲ့သတ္တဝါတွေမှာ ရောဂါလက္ခဏာ ပြတာရော၊ရောဂါလက္ခဏာ မပြဘဲ ရုတ်တရက် သေဆုံးတာပါ ရှိတတ်ပါတယ်။ မြင်းတွေဆို ရောဂါ လက္ခဏာပြပြီး နှစ်ရက်၊၃ ရက်လောက်ကြာရင် သေဆုံးတတ်ပါတယ်။ တိရစ်ဆာန်တွေရဲ့ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်လာပြီးလို့ သုံးရက်ကြာရင် ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။အစာမစားတာ၊ စားမြုံ့မပြန်တာ၊မသေဆုံးမီအကြောဆွဲတာနဲ့အသက်ရှူကြပ်တာတွေကို တွေ့ရတတ်ပါတယ်။ နောက်ဆုံးတော့ ပြင်းထန်စွာ ဖျားနာပြီး သေဆုံးတတ်ပါတယ်။သေဆုံးပြီးရင် ဒွါရပေါက်တွေက မည်းနက်ပြီးမခဲတဲ့သွေးတွေယိုစီးတတ်ပါတယ်။ တိရစ်ဆာန်အသေကောင်ရဲအစာအိမ်ဟာ လေတွေနဲ့ဖောင်းကားနေတတ်ပြီးအသေကောင်ဟာတောင့်တင်းမှုမရှိတာတွေကို တွေ့ရတတ်ပါတယ်။ တစ်ခါတစ်ရံတော့ နှစ်ပတ်လောက်ကြာပြီးမှ ရောဂါလက္ခဏာပြတာလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ တိရစ်ဆာန်တွေကို ကုန်သွယ်မှုပြုမယ်ဆိုရင် ရက်ပေါင်း ၂ဝ စောင့်ကြည့်စစ်ဆေးရေးစခန်းတွေမှာထားပြီး ရက်ပေါင်း၂ဝအထိ ရောဂါလက္ခဏာမပြတော့မှ ကုန်သွယ်ခွင့်ပြုဖို့ ကမ္ဘာ့တိရစ်ဆာန်ကျန်းမာရေးအဖွဲ့(OIE)က စည်းကမ်းသတ်မှတ်ထားပါတယ်။


Q-ဒေါင့်သန်းရောဂါဖြစ်တဲ့ ဘက်တီးရီးယားဟာအပူချိန်ဘယ်လောက်အထိ ခံနိုင်ရည်ရှိပါသလဲမြေကြီးထဲမှာဆိုရင်အချိန်ကာလဘယ်လောက်အထိ ကြာမြင့်စွာအသက်ရှင်နေနိုင်သလဲဆိုတာကိုပါ သိပါရစေ?


A- ဒေါင့်သန်းရောဂါပိုးဟာအပူဒဏ်၊အအေးဒဏ်၊ မိုးခေါင်ခြောက်သွေ့မှုဒဏ်နဲ့ ပိုးသတ်ဆေးအချို့ရဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့်မို့ မြေကြီး၊ တိရစ်ဆာန်သားရေနဲ့အရိုးတွေမှာ နှစ်ပေါင်းများစွာအသက်ရှင်နိုင်စွမ်းရှိပါတယ်။


Q-မြန်မာနိုင်ငံရဲ့ဘယ်နေရာတွေမှာ ဒေါင့်သန်းရောဂါအဖြစ်များလဲဆိုတာ သိရှိလိုပါတယ်?


A- မြန်မာနိုင်ငံဟာ ဒေါင့်သန်းရောဂါကင်းစင်တဲ့နိုင်ငံမဟုတ်သလို ရောဂါပိုးကိုလည်း နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ နွေရာသီနဲ့မိုးဦးကျမှာအဖြစ်များတတ်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်ပြီး ရေပြန်ကျသွားရင်လည်း ဖြစ်တတ်ပါတယ်။ ဒေါင့်သန်းရောဂါပိုးဟာ တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့ ပိုးအမျိုးအစားဖြစ်ပါတယ်။


Q-ဒေါင့်သန်းရောဂါပိုးဟာ တိရစ်ဆာန်နဲ့လူတွေမှာ ဘယ်လိုအခြေအနေမှာ ကူးစက်နိုင်လဲဆိုတာလည်းသိလိုပါတယ်။ တိရစ်ဆာန်ကနေ လူကိုဘယ်လိုကူးစက်သလဲဆိုတာကိုပါ ရှင်းပြပေးစေချင်ပါတယ်?


A- ဒေါင့်သန်းရောဂါပိုးတွေပါရှိတဲ့ စားကျက်ခင်းထဲက မြက်တွေနဲ့ရေကို တိရစ်ဆာန်က စားသောက် မိတာ၊ ပိုး ပါဝင်တဲ့ လေရှူမိတာတွေကြောင့် ကူးစက်တတ်ပါတယ်။ ဒေါင့်သန်းရောဂါကြောင့်သေသွားတဲ့ တိရစ်ဆာန်ရဲ့အသားကို ကောင်းစွာ ကျက်အောင်မချက်ဘဲစားရင် လူကိုကူးတတ်ပါတယ်။အသက်ရှူလမ်းကြောင်းမှတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။ဒေါင့်သန်းရောဂါဖြစ်ပွားတဲ့ တိရစ်ဆာန်အသေကောင်တွေ၊အသားစတွေ၊ ဒဏ်ရာတွေမှာတွယ်ကပ်ခဲ့တဲ့အင်းဆက်ပိုးမွှားတွေမှာ ရောဂါပိုးတွေကပ် ငြိလာရင်အဲဒီကတစ်ဆင့်ရောဂါကူးစက်နိုင်ပါတယ်။ကျေးလက်နေပြည်သူတွေဟာ တိရစ်ဆာန်တွေနဲ့အမြဲထိတွေ့နေရသူတွေဖြစ်လို့ ဒေါင့်သန်းရောဂါမကူးစက်စေရေး သတိပြုရမှာဖြစ်ပါတယ်။ ကံကောင်းတာကတော့ လူတစ်ဦးမှတစ်ဦးကူးစက်တာ မတွေ့ရခြင်းပါ။လူတွေမှာတော့ ဒေါင့်သန်းရောဂါပိုးကူးစက်ခံရပြီး တစ်ရက်အကြာမှာ ရောဂါလက္ခဏာပြတတ်သလို၊ တစ်ခါ တစ်ရံနှစ်တွေကြာတော့မှလည်း ရောဂါလက္ခဏာ ပြတတ်ပါတယ်။ ဒေါင့်သန်းရောဂါကူးစက်နိုင်ဖို့အခွင့်အလမ်းများသူတွေကတော့ မွေးမြူရေးခြံလုပ်သားတွေ၊ တိရစ်ဆာန်ဆေးကုဆရာဝန်တွေ၊ သားရေနယ်လုပ်ငန်း ဆောင်ရွက်သူတွေ၊ သိုးမွှေးညှပ်တဲ့သူတွေ၊ သားသတ်ရုံလုပ်သားတွေ၊အရိုးမှုန့်စက်ရုံ လုပ်သားတွေ၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေနဲ့စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေဖြစ်ပါတယ်။ လူတွေမှာဒေါင့်သန်းရောဂါကူးစက်ခံရပြီဆိုရင်ပုံစံလေးမျိုးနဲ့ တွေ့ရတတ်ပါတယ်။အရေပြားမှာဖြစ်တဲ့ ဒေါင့်သန်းရောဂါကအရေပြားမှာရှိတဲ့အနာ၊ ထိခိုက်ပွန်းပဲ့ ဒဏ်ရာတွေကတစ်ဆင့် ရောဂါပိုးဝင်ရောက်လို့ ပိုးဝင်တဲ့နေရာမှာအနာတွေဖြစ် လာပါတယ်။ လူတွေမှာတွေ့ရတဲ့ ဒေါင့်သန်းရောဂါဖြစ်ပွားမှုရဲ့ ၉၅ ရာခိုင်နှုန်းဟာအရေပြားမှာဖြစ်ပွားတဲ့ပုံစံဖြစ်ပါတယ်။အစာလမ်းကြောင်းမှာဖြစ်တဲ့ဒေါင့်သန်းရောဂါကတော့ ဒေါင့်သန်းရောဂါဖြစ်နေတဲ့ တိရစ်ဆာန်ရဲ့အသားကိုကောင်းစွာမချက်ပြုတ်ဘဲ စားမိရင် ပါးစပ်၊အစာရေမြိုနဲ့အူတွေမှာဒေါင့်သန်းရောဂါဖြစ်ပေါ်တတ်ပါတယ်။အသက်ရှူလမ်းကြောင်းမှာ ကူးစက်တဲ့ဒေါင့်သန်းရောဂါကတော့ ဒေါင့်သန်းရောဂါဖြစ်စေတဲ့ပိုးတွေဟာ လေနဲ့အတူပါလာပြီးအဆုတ်တွေထဲ ဝင်ရောက်မှုကြောင့် ရောဂါဖြစ်ရတာပါ။ နောက်တစ်ခုကတော့ ဆေးထိုးတာကတစ်ဆင့် ကူးစက်တဲ့ ဒေါင့်သန်းရောဂါဖြစ်ပါတယ်။ဥရောပတိုက်နိုင်ငံတွေမှာ မူးယစ်ဆေးဝါးသွေးကြော ထဲထည့်သွင်းသုံးစွဲသူတွေမှာ ဒေါင့်သန်းရောဂါဖြစ်ပွားတာတွေရှိပါတယ်။ ဆေးထိုးတဲ့ကရိယာတွေမှာ ဒေါင့်သန်းရောဂါပိုးတွေကပ်ပါသွားလို့ ဖြစ်ပါတယ်။


Q-ဒေါင့်သန်းရောဂါ လူမှာကူးစက်ခံရရင်အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေရှိ၊ မရှိ ကိုသိရှိလိုပါတယ်?


A- ဒေါင့်သန်းရောဂါပိုးကြောင့်အသက်ရှူလမ်းကြောင်းမှာရောဂါရခဲ့ပြီး မကုသဘူး ဆိုရင်အသက်ဆုံးရှုံးဖို့ ၉ဝ ရာခိုင်နှုန်းရှိပါတယ်။ သေသေချာချာ ကုသမယ်ဆိုရင်သေနှုန်း ၅ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။အရေပြားမှာဖြစ်တဲ့ ဒေါင့်သန်းရောဂါကို ထိ ထိရောက်ရောက် မကုသနိုင်ရင်သေနှုန်း ၂ဝ ရာခိုင်နှုန်းရှိပြီး သေသေချာချာကုသမယ်ဆိုရင် သေနှုန်း တစ်ရာခိုင်နှုန်းပဲရှိမယ်။အစာလမ်းကြောင်းမှာဖြစ်တဲ့ ဒေါင့်သန်းရောဂါဟာ မကုသခဲ့ဘူးဆိုရင်သေနှုန်း ၄ဝ ရာခိုင်နှုန်းအထက်မှာရှိပါတယ်။ ဒေါင့်သန်းရောဂါပိုးတွေကပ်နေတဲ့ ဆေးထိုးအပ် တွေသုံးပြီး သွေးကြောတွင်း မူးယစ်ဆေးဝါးထိုးသွင်းတဲ့အခါအရေးတယူ ကုသမှုမရှိရင်သေနှုန်းက ၃ဝ ရာခိုင်နှုန်း လောက်ရှိတတ်ပါတယ်။


Q-လူနဲ့ တိရစ်ဆာန်တွေမှာ ဒေါင့်သန်းရောဂါကူးစက်ခံရရင် ဘယ်လိုကုသမှုခံယူ ရသလဲဆိုတာ သိလိုပါတယ်?


A- Ciprofloxacin ဆေးနဲ့ ကုသရပါတယ်။ ခုနစ်ရက်ကနေ ၁ဝ ရက်အထိ ကုသပေးဖို့လိုပါတယ်။အရေပြားမှာ ဒေါင့်သန်းရောဂါရနေသူတွေနဲ့အသက် ရှူလမ်းကြောင်းမှာ ဒေါင့်သန်းရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေး ရက် ၆ဝအထိပေးဖို့ လိုအပ်ပါတယ်။ ဒေါင့်သန်းရောဂါရနေတဲ့လူနာတွတွေကိုပဋိဇီဝဆေးသာမက Anthrax Immune Globulin (AIG) ပါ တွဲဖက်ကုသမှရောဂါပျောက်ကင်းနိုင် ခြေပိုရှိပါတယ်။အမေရိကန်နိုင်ငံမှာတော့အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)က ခွင့်ပြုထားတဲ့ ဒေါင့်သန်းရောဂါကာကွယ်ဆေး Anthrax Vaccine Absorbed (AVA) ကို လူတွေမှာပါအသုံးပြုနိုင်တယ်။


Q-ဒေါင့်သန်းရောဂါကူးစက်မခံရအောင် ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာကိုလည်း သိရှိလိုပါတယ်?


A- ကျွဲ၊ နွား၊ သိုး၊ ဆိတ်နဲ့ဆင်တွေမှာ ဒေါင့်သန်းရောဂါမဖြစ်ဖို့ ကာကွယ်ထိန်းချုပ်နိုင်တဲ့အဓိကနည်းလမ်းကတော့ ဒေါင့်သန်းရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြစ်ပါတယ်။ ဒေါင့်သန်းရောဂါကာကွယ်ဆေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးဓာတ်ခွဲခန်းတွေမှ ထုတ်လုပ်ပါတယ်။ ကျွဲ၊နွားတွေကိုအခမဲ့ထိုးနှံပေးပါတယ်။မြန်မာနိုင်ငံမှာတော့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်နဲ့ဆင်တွေအတွက်ထုတ်လုပ်တဲ့ ဒေါင့်သန်းရောဂါကာကွယ်ဆေးတွေသာ ရှိပါတယ်။ ဒေါင့်သန်းရောဂါကာကွယ်ဆေး တစ်စီစီကို တိရစ်ဆာန်တွေရဲ့အရေပြားအောက်ထိုးနှံပေးရပါတယ်။ တစ်နှစ်တစ်ကြိမ်ထိုးပေးဖို့လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်နွားမတွေကိုဒေါင့်သန်းကာကွယ်ဆေးထိုးထားရင် မွေးဖွားလာမယ့် နွားငယ်အတွက် ရောဂါကာကွယ်နိုင်စွမ်းရရှိပါတယ်။ နွားငယ်ကလေးတွေကိုအသက်ခြောက်လကစလို့ ထိုးနှံပေးရပါမယ်။


Q-ဒေါင့်သန်းရောဂါနဲ့ပက်သက်လို့ တခြားဖြည့်စွက်ပြောစရာတွေရှိရင်လည်း သိရှိလိုပါတယ်?


A- ယခုခေတ်ကာလမှာ ဇီဝအကြမ်းဖက်မှုအတွက် ဒေါင့်သန်းရောဂါကို ဇီဝလက်နက်အနေနဲ့အသုံးပြုနိုင်လို့အရေးကြီးတဲ့ရောဂါတစ်မျိုးအဖြစ်သတိထား ကြရပါမယ်။ ၂ဝရာစု နှစ်လယ်အစပိုင်းလောက်မှာနိုင်ငံတော်တော်များများမှာ ဒေါင့်သန်းရောဂါပိုးကို ဇီဝလက်နက်အဖြစ်အသုံးပြုဖို့အစီအစဉ်တွေချမှတ်ခဲ့ကြတယ်။ ၂ဝဝ၇ ခုနှစ်၊ မတ်လ ၁ဝ ရက်မှာအမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကအယ်လ်ကိုင်ဒါအဖွဲ့အနေနဲ့ ဒေါင့်သန်းရောဂါပိုးနဲ့အခြားရောဂါပိုးတွေအသုံးပြုပြီး ဇီဝလက်နက်တွေထုတ်လုပ်ဖို့ ကြိုးစားနေကြတယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ရောဂါဖြစ်ပွားမှုစီမံခန့်ခွဲခြင်းရဲ့အဓိကရည်ရွယ်ချက်မှာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကို လက်ခံနိုင်တဲ့ တိရစ်ဆာန်၊ရောဂါဖြစ်ပွားစေဖို့ထောက်အကူပြုနေတဲ့ သဘာဝပတ်ဝန်းကျင်တို့ရဲ့စက်ဝန်းကို ဖြတ်တောက်လိုက်တော့မှ ရောဂါဖြစ်ပွားမှုရပ်တန့်စေမှာဖြစ်ပါတယ်။




Some text some message..