ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း
healthcare.com.mm
|
2019-05-09


ကလေးဘဝမှာ ခုန်ပေါက် ဆော့ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ်တစ်ခါမှ ရာသီမလာဖူးသေးတဲ့အတွက် ရာသီအကြိုဝေဒနာအကြောင်းကို ကြိုတင်သိရှိမထားရင်အထိတ်တလန့် ရင်ဆိုင်ရနိုင်ပါတယ်။ ရာသီစတင် လာတဲ့အခါမြင်လိုက်ရတဲ့ သွေးစသွေးနတွေကြောင့် ဘာများ ဖြစ်တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့်အပျိုဖော်ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြိုဝေဒနာအကြောင်းကို ရေးသား လိုက်ရပါတယ်။ ရာသီအကြိုဝေဒနာ ဆိုသည်မှာ  လစဉ် ရာသီစတင် မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြို ဝေဒနာလို့ ခေါ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာတွေကို စားချင်စိတ် ပြင်းပြတာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ်ကျတာ၊အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊အိပ်မပျော်တာ၊ ဖိစီးမှုများတာ၊ စိတ်ဂနာမငြိမ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ်ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွားတတ်ပါတယ်။ ရာသီအကြို ဝေဒနာကို ဘာကြောင့် မိန်းကလေး တချို့ကပဲ ခံစားရတာလဲ ဒါက ဟော်မုန်းပမာဏအပြောင်းအလဲနဲ့  ဆက်စပ်နေတယ်လို့အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေးတစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ်ထဲကအမျိုးသမီးဟော်မုန်းအီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်းအပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုကြတာပါ။ ရာသီမလာခင် စားသောက်တဲ့ တချို့အစားအသောက်တွေကြောင့်လည်း ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုကြပါတယ်။ ရာသီအကြိုဝေဒနာ သက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ - သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများပါတဲ့ မျှတတဲ့အစာကို စားပေးပါ။ -အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင်ထားတဲ့အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့် လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများသောက်ပါ။ - ကဖင်းဓာတ်ကို လျှော့ချပြီးအိပ်ရေးဝဝအိပ်စက်အနားယူပါ။ ကယ်လ်စီယမ်အလုံအလောက် မှီဝဲတာက တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာမဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။ - နေ့စဉ် လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာလို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုုယ်ထဲမှာအန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ - ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ် တင်ပေးတာကြောင့်ကြွက်သားတွေကိုအနားရစေပြီး ဗိုက်အောင့်တာကို သက်သာစေပါတယ်။ - ရာသီအကြို ဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့အိုင်ဗျူပရိုဖင်လိုအကိုက်အခဲပျောက် ဆေးကို ဆောင်ထားပါ။ - ရာသီအကြို ဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့အုပ်ထိန်းသူတွေကို ပြောပြပါ။ ရာသီသွေးဆင်းမှုအတွက် ဘယ်လိုပြင်ဆင်ထားသင့်သလဲ  ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သိနားလည်ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှားနိုင်ဖို့ သိထားသင့်တဲ့အချက်တွေ ရှိပါတယ်။ (၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကိုအလေးထားပါ - နေ့စဉ် ရေမှန်မှန်ချိုးကာအဝတ်အစားအသစ်လဲပါ။အထူးသဖြင့်အတွင်းခံအဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။ (၂)အိပ်ရေးဝဝအိပ်ပါ  - ရာသီလာစဉ် ပင်ပန်းနွမ်းနယ်မှု ပြေလျော့စေဖို့အိပ်ရေးဝဝအိပ်စက်အနားယူပါ။ (၃)အာဟာရ ပြည့်ဝအောင် စားပါ - ရာသီသွေးဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်းနိုင်အောင်အစိမ်းရောင် ဟင်းရွက်၊အနီရောင်အသား၊ တိရစ္ဆာန်ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီ ပါဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။ (၄) လစဉ်သုံး ပစ္စည်းကိုအမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာအမျိုးသမီး လစဉ်သုံးပစ္စည်းအဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအခက်အခဲ တွေ့ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့အမြဲတမ်း ကျောင်းလွယ်အိတ်ထဲမှာ Non-Recyle Material နဲ့ ပြုလုပ်ထားတဲ့အမျိုးသမီးလစဉ်သုံး ပစ္စည်းကိုအမြဲဆောင်ထားပါ။ ပြီးရင်အမျိုးသမီးလစဉ်သုံးပစ္စည်းကိုဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။အမျိုးသမီးလစဉ်သုံး ပစ္စည်းကိုလေးနာရီ ခြောက်နာရီခြားပြီး တစ်ကြိမ်အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။ Ref: ဇွန် Source: By Good Health  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..