သားကြောဖြတ်ခြင်းနှင့် ရာသီပေါ်ခြင်း
healthcare.com.mm
|
2019-05-09


ဘယ်လိုလူမျိုးတွေက သားကြောဖြတ်သင့်ပါသလဲ ဆရာ။သားကြောဖြတ်တဲ့သူဟာ ဒီတစ်သက်မှာ ဘယ်လိုအကြောင်းကြောင်းကြောင့်မှ ကလေးထပ်မယူတော့ဘူးလို့အခိုင်အမာဆုံးဖြတ်ချက် ချထားတဲ့သူတွေသာ ဖြတ်သင့်ပါတယ်။အသက်ငယ်ရွယ်သေးတဲ့သူတွေ၊အကြောင်းကြောင်းကြောင့် ကိုယ်က ကလေး ပြန်လိုချင်တယ်ဆိုတဲ့ သူတွေကတော့ သားကြောမဖြတ်တာ ကောင်းပါတယ်။ ဥပမာ-အသက်ငယ်တဲ့သူဆိုရင် ကလး ဘယ်လောက်ပဲရှိရှိ ဆရာဝန်တွေက သားကြောဖြတ်မပေးတတ်ကြဘူး။ ဘာလို့လဲဆိုတော့အသက်ကငယ်သေးတာကြောင့် နောက်ထပ်အိမ်ထောင်ပြုတာမျိုးဆိုရင်၊ ပထမယောကျ်ားနဲ့က ကလေးဘယ်နှယောက်ပဲရှိရှိ ကလေးထပ်လိုချင်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ မမျှော်လင့်ဘဲ ကိုယ်မွေးထားတဲ့ ကလေးက မတော်တဆ ထိခိုက်မှုတွေကြောင့် ဆုံးပါးသွားမယ်ဆိုရင် ကလေးပြန်လို ချင်တာမျိုးတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကလေးမယူတော့ဘူးလို့ ဆုံးဖြတ်ထားသူတွေ၊အသက်အရွယ် ကြီးရင့်သူတွေနဲ့ တခြားကလေးမွေးရ ခက်ခဲတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိတယ်ဆိုရင်တော့ သားကြောဖြတ်ဖို့ စဉ်းစားသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သားကြောဖြတ်တာကိုအလွယ်တကူ မဆုံးဖြတ်သင့်ပါဘူး။အခုခေတ်မှာဆိုရင် သားကြောဖြတ်တာထက်တောင် ပိုပြီး ကလေးမရအောင် တားဆီးနိုင်တဲ့၊ စိတ်ချရတဲ့ နည်းလမ်းတွေ ပေါ်နေပြီ ဖြစ်တာကြောင့် သားကြောဖြတ်ဖို့ကိုအတော်စဉ်းစားသင့်ပါတယ်။ သားကြောဖြတ်ထားတဲ့သူက ရာသီသွေး ပေါ်တတ်ပါသလား ဆရာ။ သားကြောဖြတ်တယ်ဆိုတာက သားဥပြွန်လေးတွေကိုပဲ ဖြတ်လိုက်တာဖြစ်တယ်။ သားအိမ်က ခန္ဓာကိုယ်ထဲမှာ ကျန်နေတာ ဖြစ်တဲ့အတွက် ပုံမှန်ရာသီသွေးကတော့ပေါ်မှာပါပဲ။ ကလေးရနိုင်တဲ့ သားဥပြွန်လေးကို ဖြတ်ပြီး ထုံးထားလိုက်တာ ဖြစ်တဲ့အတွက်သားအိမ်ရဲ့ လုပ်ငန်းဆောင်တာက ထွေထွေထူးထူး ပြောင်းလဲသွားတာ မရှိပါဘူး။ သားကြောဖြတ်ထားတဲ့ သူတွေမှာ ရာသီသွေး မပေါ်တာတွေက ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်တတ်ပါသလဲဆရာ။ သားကြောဖြတ်ထားပေမယ့်အမျိုးသမီးတစ်ယောက်မှာ ပုံမှန် ရာသီသွေးကတော့ပေါ်တတ်ပါတယ်။ ရာသီသွေး မပေါ်ဘူးဆိုရင်တော့ သူက ဘယ်အချိန်မှာ သားကြောဖြတ်ခဲ့သလဲဆိုတာပေါ် မူတည်ပါတယ်။ ကလေးမွေးရင်းနဲ့ တစ်ခါတည်း သားကြောဖြတ်ခဲ့တဲ့အမျိုးသမီးဆိုရင် နို့တိုက်တဲ့ မိခင်ဟာ လေးလနဲ့ ခြောက်လလောက်ထိ ရာသီသွေး မပေါ်ဘဲ ရှိနေတတ်တယ်။ ဒါက နို့တိုက်မိခင်တွေဆိုရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာမျိုးဖြစ်တယ်။ ဒါက သားကြောဖြတ်တာနဲ့တော့ မဆိုင်ဘူး။ ကလေးမွေးရင်းနဲ့ သားကြောဖြတ်တာ မဟုတ်ဘူးဆိုရင်အဲဒီအမျိုးသမီးဟာအရင်ကသန္ဓေတားတဲ့ ဆေးကတ်လေးတွေ သောက်နေတာမျိုးကြောင့် ဖြစ်နိုင်တယ်။ သန္ဓေတား ဆေးကတ်လေးတွေကို ပုံမှန်သောက်နေတဲ့အမျိုးသမီးက ဆေးကတ် သောက်တာကြောင့် ရာသီသွေးက ပုံမှန်ပေါ်နေတယ်။အဲဒါကို ရုတ်တရက် ဆေးကတ်ကိုလည်း ဖြတ်လိုက်ရော ရာသီသွေးပေါ်တဲ့လမမှန်တာတွေ၊ နှစ်လလောက် ပျောက်သွားတာမျိုးတွေ ဖြစ်တတ်တယ်။အဲဒါကလည်း သားကြောဖြတ်တာနဲ့ မဆိုင်ဘူး။ ကိုယ်ကအရင်ကတည်းက သန္ဓေတားဆေးတွေ သောက်ခဲ့တယ်ဆိုရင် ဆေးကတ်ကို ဖြတ်လိုက်ရင် ရာသီမမှန်တာမျိုးတွေ ဖြစ်တတ်သလို၊ ရာသီမပေါ်တာမျိုးတွေလည်း ဖြစ်တတ်တယ်။ သားကြောဖြတ်ထားသူတွေမှာ တခြားဘယ်လိုအကြောင်းတွေကြောင့် ရာသီသွေးမပေါ်တာမျိုးတွေ ဖြစ်တတ်ပါသေးသလဲဆရာ။အမျိုးသမီးတစ်ယောက် ရာသီမလာနိုင်တဲ့အကြောင်းတွေကတော့အများကြီးရှိတယ်။အဲဒီ့အမျိုးသမီးရဲ့အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ သွေးဆုံးခါနီးမှ သားကြောဖြတ်လိုက်တယ် ဆိုရင်လည်း သွေးဆုံးသွားပြီး ရာသီမပေါ်တာမျိုးလည်း ဖြစ်နိုင်တာပဲ။အသက်အရွယ်အပိုင်းအခြားနဲ့လည်း ဆိုင်ပါတယ်။ သားကြောဖြတ်ထားသူဟာ ကျန်းမာရေး ထိခိုက်တတ်ပါသလား ဆရာ။ သားကြောဖြတ်တယ်ဆိုတာက သားအိမ်ရဲ့ ဘေးမှာရှိတဲ့ သားဥပြွန်ကလေးရဲ့ ထိပ်လေးကိုဖြတ်ပြီး ကြိုးနဲ့ ချည်ထားလိုက်တာမျိုးပဲ။အမျိုးသားဆီက သုက်ကောင်လေးနဲ့ သားဥပြွန်က သားဥလေး မတွေ့ရအောင် ဖြတ်လိုက်တဲ့ သဘောပဲ။ ဒီတော့အဲဒီ သားဥပြွန်ဟာ ဘာအလုပ်မှ မလုပ်တော့တာပဲ ရှိတယ်။ ချို့ယွင်းသွားတာမျိုး၊အရင်ကနဲ့ မတူတော့တာမျိုး ဘာတစ်ခုမှ မရှိပါဘူး။ လူတွေက သားကြောဖြတ်လိုက်ရင် ဇာတ်ကြောတက်မယ်၊ နေထိုင်မကောင်းဖြစ်မယ်ဆိုပြီး တွေးနေလို့ကတော့ ဒါဟာ စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေပဲ ဖြစ်တယ်။ ကိုယ်က ထင်နေတာကြောင့် ခန္ဓာကိုယ်မှာလည်း ဒီရောဂါတွေကို ခံစားနေရတယ်လို့ ထင်နေတတ်တယ်။ တကယ်တော့ သားကြောဖြတ်တာကြောင့် တခြား ထူးထူးခြားခြား ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်နိုင်ပါဘူး။ စိတ်ကြောင့် ဖြစ်နေတတ်တာတွေသာ ရှိပါတယ်။ သားကြောဖြတ်တာကြောင့်တော့ ထူးထူးခြားခြား ပိုပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေဖို့တော့ မလိုပါဘူး။ သူများတွေ စစ်သလို ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေသာ လုပ်ပေးလို့ရပါတယ်။ ဆရာဝန်နဲ့ ဘယ်အချိန် ပြသင့်ပါသလဲ ဆရာ။အမျိုးသမီး တစ်ယောက်အတွက်က ရာသီသွေးက ပုံမှန်ပေါ်နေဖို့လိုပါတယ်။ သားကြောဖြတ်ထားသူ ဆိုရင်လည်း ရာသီသွေးကတော့ ပုံမှန်ပေါ်နေမှာပါပဲ။အဲလိုမှမဟုတ်ဘဲ ရာသီသွေး မပေါ်ဘူးဆိုရင်တော့ စောင့်ကြည့်ပေးဖို့ လိုပါတယ်။ တစ်လနှစ်လလောက်အထိ ပုံမှန်မလာဘဲ ဖြစ်နေတယ်ဆိုရင်၊ ဆရာအထက်က ပြောခဲ့သလိုအခြေအနေတွေလည်း မရှိဘဲ ရာသီးသွေးမပေါ်ဘူးဆိုရင်တော့ နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုပါတယ်။အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။သွေးဆုံးကိုင်တဲ့အရွယ်တွေဆိုရင်လည်း ရာသီသွေး မပေါ်တာမျိုးတွေ ဖြစ်တတ်တယ်။ သားကြောဖြတ်ထားပြီးတဲ့သူက ကိုယ်ဝန်ရတာ ဘာကြောင့်ပါလဲ ဆရာ။ ဒါကအတော်ကို ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဖြစ်တတ်တဲ့အခြေအနေတွေလည်း ရှိပါတယ်။ တချို့က သားကြောမဖြတ်ခင်အချိန်လေးမှာကတည်းက ကိုယ်ဝန်ရှိနေတာမျိုးကြောင့်လည်း သားကြောဖြတ်ထားလျက်နဲ့ ကိုယ်ဝန်ရှိသွားတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ သားကြောအထဲမှာ ဖြတ်ထားလျက်နဲ့အထဲမှာ ပြေသွားပြီး ပြန်ဆက်သွား တာမျိုးလည်း ဖြစ်တတ်တယ်။ ဒါက စစ်တမ်းတွေအရအယောက် ၂၀၀ မှာ တစ်ယောက်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ်။ တကယ်ကို ရှားရှားပါးပါးပါပဲ။ Ref: တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင် သားဖွား၊ မီးယပ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်းသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..