Gym ကစားခြင်းဟာ ခန္ဓာကိုယ်အလေးချိန် ပိုတက်နိုင်ဖွယ်ရှိကြောင်း သိရ
shwemom.com
|
2019-05-09

လူအများစုက သူတို့ဟာ ပုံမှန် gym ကစားနေကြပေမယ့် ခါးလည်း မသေးသွားဘူး ဝိတ်လည်း မကျသွားဘူး ဆိုပြီး စောဒကတက်ကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ သိပ္ပံပညာရှင်တွေကတော့အဖြေပေးလိုက်ပါပြီ။ ပညာရှင်တွေကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုပြီး ခန္ဓာကိုယ်အလေးချိန်တက်စေပါတယ်လို့ ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ gym ပင်ပင်ပန်းပန်း ဆော့ပြီးလို့ ပြန်လာတဲ့သူတွေဟာအစားအသောက်ကို သာမန်စားနေကျထက် လေးပုံတစ်ပုံပိုပြီး စားကြတယ်ဆိုတာ လေ့လာသိရှိခဲ့ရပါတယ်။ ပိုစားရတဲ့အကြောင်းရင်းကတော့ သူတို့ဟာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် စားသင့်ပါတယ်ဆိုပြီး ယူဆလို့ဖြစ်ကြောင်း သိရပါတယ်။


shutterstock

Loughborough တက္ကသိုလ်က ပြုလုပ်တဲ့ စမ်းသပ်ချက်ထဲမှာတော့အမျိုးသမီး၊အမျိုးသား စုစုပေါင်းအယောက်(၄၀) ကို သုတေသနပြုခဲ့ကြပါတယ်။အယောက်(၄၀) ထဲမှာတော့အမျိုးသမီးအယောက်(၂၀) ပါဝင်ပါတယ်။ သုတေသနထဲ ပါဝင်သူတို့ဟာ တစ်ပတ်ကို (၃) ကြိမ်အေရိုးဗစ်သင်တန်းကို တက်ရောက်ကြပါတယ်။ ပါဝင်သူတွေရဲ့ ကိုယ်အလေးချိန်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သူတို့ဘယ်လောက်စားခဲ့သလဲဆိုတာကိုပါ ပညာရှင်တွေဟာ စစ်တမ်းယူခဲ့ကြပါတယ်။


pexels

တွေ့ရှိရတာကတော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ လူတွေရဲ့ စားသောက်နှုန်းဟာ (၂၄) ရာခိုင်နှုန်း တက်လာပြီး နေ့လည်စာစားသောက်တဲ့ ပမာဏကတော့ ကယ်လိုရီ(၁၅၀) တက်လာတာကို တွေ့ရပါတယ်။ ချောကလက်စားသောက်နှုန်းကတော့အမျျိုးသမီးတွေဟာအမျိုးသားတွေထက် ရာခိုင်နှုန်း (၂၀) ပိုတက်လာတာကိုလည်း တွေ့ရပါတယ်။ ပညာရှင်တွေက gym ဆော့သူတိုင်းဟာအစပိုင်းမှာ ခန္ဓာကိုယ်အလေးချိန်လျော့ကျနိုင်ပေမယ့် နောက်ပိုင်းမှာတော့အရှိန်နည်းသွားပြီး ခန္ဓာကိုယ်အလေးချိန်ဟာ တက်လည်းမတက်၊ ကျလည်း မကျပဲအချိန်တော်တော်ကြာတဲ့အထိ တန့်နေတတ်ကြောင်း ပြောပြပါတယ်။


pexels

ဝိတ်ချဖို့အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ပမာဏနဲ့စားပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါမှမဟုတ်ပဲ gym ဆော့ပြီးအစားအသောက်တွေပိုစားနေရင်တော့ ဝိတ်ကျဖို့ လမ်းမမြင်ပါဘူးလို့ ပညာရှင်တွေက ဆိုခဲ့တာပါ။ ကိုယ်စားသောက်တဲ့အစားအသောက်ပမာဏစွမ်းအင်ထက်ပိုလွန်ပြီး လေ့ကျင့်ခန်းလုပ်ကာ စွမ်းအင်ဖြိုခွဲနိုင်မှ တစ်ရှူးတွေထဲမှာရှိနေတဲ့အဆီတွေ ကျသွားမှာဖြစ်ကြောင်းလည်း သုတေသနပညာရှင်တွေက သတိပေးခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

Ref: dailymail




Some text some message..