တက်တာ ဘယ်လိုမျိုးလဲ
febrile seizureအမျိုးအစားကိုမူတည်ပါတယ် - ရိုးရိုး တက်ခြင်း -အဖြစ်များတဲ့အမျိုးအစားဖြစ်ပြီး တစ်မိနစ်၊နှစ်မိနစ်လောက်ပဲ ဖြစ်လေ့ရှိပါတယ်။အလွန်ဆုံးကြာရင် ၁၅မိနစ်ထိ တက်နိုင်ပါတယ်။အဖျားကြီးလို့ တက်တာက ပုံမှန်အားဖြင့်အန္တရာယ်မရှိတတ်ပါဘူး။ လက္ခဏာတွေကတော့ -
အကြောဆွဲခြင်း - တစ်ကိုယ်လုံးတုန်ခါ၊ တွန့်ခြင်း
မျက်ဖြူလန်ခြင်း
ခေါ်လို့မရ၊ မတုံ့ပြန်နိုင်ခြင်း
ညည်းနေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ တက်ပြီး နာရီပိုင်းအတွင်းမှာ ကလေးကအိပ်ငိုက်နေတာ၊ စိတ်ဆိုးလွယ်တာ၊ ဂျီကျနေတာ၊အာရုံရှုပ်ထွေးနေတာတွေဖြစ်နေနိုင်ပါတယ်။ တခြားအကြောင်းရင်းကြောင့် တက်ခြင်း (Complex seizures) - ဒီအမျိုးအစားကတော့အဖြစ်မများပါဘူး။ ဖြစ်ပြီဆိုလည်း ၁၅ မိနစ်ထက်ပိုကြာနိုင်ပါတယ်။ တစ်နေ့တည်းမှာ တစ်ကြိမ်မကလည်း ဖြစ်နိုင်တယ်။ ကလေးရဲ့ကိုယ်တခြမ်းမှာပဲ တွန့်တာ၊အကြောဆွဲတာဖြစ်နေနိုင်တယ်။ နောက်ပိုင်းမှာတော့အဲဒီတဖက်မှာ ခြေ သို့မဟုတ် လက် မသန်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအမျိုးအစားက ပိုပြီးစိတ်ပူစရာကောင်းပါတယ်။ ရောဂါရှာဖွေမှုသေချာလုပ်ဖို့လိုအပ်ပြီး ဆေးရုံတင်ရနိုင်ပါတယ်။
ဘာကြောင့်ဖြစ်တာလဲ
ကလေးအသက် ၆ နှစ်မပြည့်ခင်အတွင်းအဖျားတက်တဲ့အချိန်တိုင်း febrile seizure ဖြစ်နိုင်ခြေရှိပါတယ်။အဖြစ်များတဲ့အကြောင်းရင်းတွေကတော့ - ရောဂါပိုး ကြောင့် - ကလေးမှာ ဗိုင်းရပ်စ်သို့မဟုတ် ဘက်တီးရီးယားပိုးကြောင့်အဖျားတက်ရနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရိုစီရိုလာ (Roseola) ရောဂါဆိုရင်အဖျားတက်တာ မြန်စေနိုင်ပါတယ်။ ကာကွယ်ဆေးကြောင့် - ဝက်သက်၊ ဂျိုက်သိုး၊ပါးချိတ်ရောင်ကာကွယ်ဆေးအပါအဝင် တချို့ကာကွယ်ဆေးတွေထိုးပြီးရင်အဖျားတက်နိုင်ပါတယ်။ ဆေးထိုးပြီး ၈ ရက်ကနေ ၁၄ ရက်အတွင်း ကိုယ်ပူနေနိုင်ပါတယ်။
ဘယ်လိုပြုစုရမလဲ
ကလေးက တက်နေရင်အရင်ဆုံး ကိုယ်က စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ပျာယာခတ်ပြီးအမှားမလုပ်မိစေဖို့ ဒါလေး လိုက်နာပေးပါ -
ကလေးကို (လိမ့်ကျတာ၊ပြုတ်ကျတာမဖြစ်စေဖို့) ညီညာတဲ့ကြမ်းပြင်မှာ ထားပါ။
တံတွေး၊ ပျို့အန်တာတွေနဲ့ တစ်ဆို့မသွားစေဖို့ ဘေးတစ်ဖက်စောင်းပေးထားပါ
အဝတ်အစားတွေကို ချောင်ချိအောင်လုပ်ပေးပါ။ ကြယ်သီးဖြုတ်တာ၊အနွေးထည်ချွတ်တာ။ စောင်တွေဖယ်ပါ။
ကလေးရဲ့ ပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။
တက်နေတဲ့အချိန် ဘာမှမခွံ့ပါနဲ့။အလွန်ဆုံး ရေပါမတိုက်ပါနဲ့။
ကလေးကို ချီမထားပါနဲ့၊အကြောဆွဲတာ၊ တွန့်လိမ်နေတာကို ထိန်းချုပ်ပေးဖို့မကြိုးစားပါနဲ့။
ကလေးကို လွတ်လွတ်လပ်လပ်ထားပေးပါ။
တစ်ယောက်တည်းပစ်မထားပါနဲ့။
အနီးအနားမှာ ထိခိုက်စေမယ့်ပစ္စည်းတွေ ရှင်းထားပါ။
ကလေးက ပါးစပ်ထဲမှာအန်တာတွေ၊ ချွဲတွေ ရှိနေတယ်ဆိုရင် ဘေးစောင်းစေပါ ဒါမှမဟုတ် မှောက်ပေးလိုက်ပါ။ လျှာအနေအထားကအသက်ရှူလမ်းကြောင်းကိုပိတ်မသွားစေဖို့အရေးကြီးပါတယ်။ ပြီးရင်တော့ ဆရာဝန်ပြပြီး တက်ရတဲ့အကြောင်းရင်းကိုရှာဖွေပါ။ တချို့မှာ ဦးနှောက်အမြျေးရောင်ပိုးကြောင့်အဖျားတက်တာ ဖြစ်နိုင်လို့ မပေါ့ဆပါနဲ့။
အရေးပေါ်ကုသမှုလိုအပ်ချိန်
တကယ်လို့ -
တက်တာ ၅ မိနစ်ထက်ပိုကြာရင်
ကလေးကအသက်ရှူရခက်နေရင် ဒါမှမဟုတ် ပြာနှမ်းလာရင်
ကလေးရဲ့ခန္ဓာကိုယ်တစ်ဖက်ခြမ်းပဲအကြောဆွဲနေတာဆိုရင်
ရေဓာတ်ခန်းခြောက်တဲ့ပုံစံဖြစ်နေရင်
၂၄ နာရီအတွင်း နောက်တစ်ကြိမ်တက်ရင်
တက်ပြီး ၁ နာရီကျော်ကြာလောက်ထိ ထူးထူးဆန်းဆန်းလက္ခဏာဖြစ်နေရင်အရေးပေါ်ကုသမှုခံယူဖို့ကြိုးစားပါ။
Febrile Seizures ကြောင့် တခြားပြဿနာတွေဖြစ်စေနိုင်သလား
ကိုယ်အပူကြီးလို့ တက်တာက ကလေးရဲ့ဦးနှော်က်ကိုမထိခိုက်စေနိုင်သလို သင်ယူလေ့လာနိုင်စွမ်းကိုလည်းမထိခိုက်စေနိုင်ပါဘူး။ တက်တယ်ဆိုတိုင်း ဝက်ရူးပြန်တာမဟုတ်ပါဘူး။ ဒါပေမယ့် Febrile seizures ဖြစ်ထားတဲ့ကလေးတွေက ဝက်ရူးပြန်ရောဂါဖြစ်နိုင်ခြေ နည်းနည်းလေးပိုများနိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။