အရေပြားပေါ်မှာ ထိုးထိုးထောင်ထောင် ထွက်လာတဲ့အဖု၊အသီး၊အကျိတ်စတဲ့အသားပိုလေးတွေကိုအသက်အရွယ် ရလာတာနဲ့အမျှ တွေ့ရကြုံရတတ်ပါသည်။အသက်ကြီးသူတွေမှာအတွေ့များတဲ့ Seborrheic Keratosis လို့ ခေါ်တဲ့ မှဲ့ပုံသဏ္ဍာန် ညိုညိုမည်းမည်းအဖုလေးတွေနဲ့အသားရောင်အသားပိုလေးတွေ (Skin Tags) ကိုတော့ မကြာခဏတွေ့ဖူး၊ ကြုံဖူးကြမှာပါ။ ဒီအကြောင်းတွေလည်း ကျွန်တော်မကြာခဏ ဆောင်းပါးရေးဖြစ်ခဲ့ပါတယ်။အသားပိုတစ်မျိုးဖြစ်တဲ့ ရှားရှားပါးပါးအရေပြားပေါ်က ချို (ဂျို) ပေါက်တဲ့ ကိစ္စကိုလည်း ဒီလမှာ ဆွေးနွေးပါဦးမယ်။အရေပြားပေါ်က ချို တိရိစ္ဆာန်တွေဖြစ်တဲ့ နွား၊ ကျွဲ၊ ဆိတ်၊ သမင် စတာတွေမှ ချိုပေါက်တာ မဟုတ်ပါဘူး။ လူမှာလည်း ရှားရှားပါးပါး ချိုပေါက်တတ်ပါတယ်။ Cutaneous Horn တဲ့။ ဦးခေါင်းနဲ့ မျက်နှာမှာအတွေ့များပါတယ်။ နဖူးမှာလည်း ချိုပေါက်လို့ နောက်ပြောင်ခံရတတ်ပါတယ်။ မျက်နှာအပြင် လက်ဖမိုးပေါ်မှာ တွေ့ရတတ်ပါသေးတယ်။အရေပြားပါးတဲ့ မျက်ခွံပေါ်မှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။အရွယ်အစားကတော့အမျိုးမျိုးပေါ့ စပြီးထွက်ခါစမှာ စပါးစေ့တစ်လုံးစာအရွယ်လောက်ရှိပေမယ့် မကုသဘဲထားရင် နှစ်ကြာတဲ့အခါ ခြောက်လက်မလောက်အထိကို ရှည်ထွက်လာနိုင်ပါတယ်။ တကယ့်ကို တိရိစ္ဆာန်တွေမှာ ထွက်လာတဲ့ ချိုလိုပဲ ထိုးထိုးထောင်ထောင်နဲ့ပေါ့။ ချိုချင်းတော့အတူတူပါပဲ တကယ်တော့ လူနာပေါက်တတ်တဲ့အသားပို ချိုအတတ်လေးတွေနဲ့ တိရိစ္ဆာန်တွေရဲ့ ချိုက ဖွဲ့စည်းပုံချင်းအတူတူပါပဲ။ ကာရာတင် (Keratin) ဆိုတဲ့အလွန်မာကျောတဲ့ ပရိုတင်းဓာတ်တွေနဲ့အဓိကဖွဲ့စည်းထားတာပါ။အဲဒီလိုမာကျော တောင့်တင်းတဲ့အတွက် တိရိစ္ဆာန်တွေဟာ ရန်သူသတ္တဝါတွေနဲ့ တိုက်ခိုက်တဲ့အခါအသုံးတည့်တာပေါ့။ လူမှာရှိတဲ့လက်သည်း၊ ခြေသည်း ငှက်တွေရဲ့ ခြေစွယ်၊ ခြေတက်တွေဟာလည်း ကာရာတင်နဲ့ပဲ တည်ဆောက်ထားတာမို့အလွန်မာကျောပြီး လိုအပ်တဲ့အခါ လက်နက်သဖွယ် သုံးလို့ရပါတယ်။အန္တရာယ်ရှိသလားတိရိစ္ဆာန်တွေမှာ ထွက်တဲ့ ချိုက သဘာဝအတိုင်း ထွက်လာတာဆိုတဲ့ ဘာမှပြဿနာ မပေးနိုင်ပေမယ့် လူမှာ ထွက်လာတဲ့ သဘာဝမဟုတ်တဲ့ ချိုအစွယ်လေးတွေကတော့ လုံးဝအန္တရာယ်ကင်းတယ်လို့ မဆိုနိုင်ပါဘူး။ ချိုအတက်တွေရဲ့ ၂ဝ ရာခိုင်နှုန်းကအရေပြားကင်ဆာနှင့် ဆက်နွယ်မှုတွေရှိနေပါတယ်။ ပြောရရင်ချိုရဲ့အရင်းမှာ တစ်နည်းအားဖြင့် ချိုထွက်လာတဲ့အထိုင်နေရာမှာ ကင်ဆာဖြစ်နေနိုင်တာပါပဲ။အထူးသဖြင့် ချိုက နာရင်၊အရင်းမှာရဲနေရင် ကင်ဆာ မသင်္ကာစရာပေါ့။ တကယ်လို့ ယောကျ်ားလိင်အင်္ဂါတွေမှာ ချိုဖုလေးတွေထွက်ရင်အရေပြားကင်ဆာဖြစ်နိုင်ခြေက ၃၇ ရာခိုင်နှုန်းတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချိုအသားပိုလေးတွေ ဟိုနားဒီနားထွက်လာရင် ဖြတ်တောက်ပြီးအသားစကို ဓာတ်ခွဲခန်းမှာ စစ်ဆေးသင့်ပါတယ်။ ကင်ဆာ ဟုတ်၊ မဟုတ် သေချာအောင် ခွဲခြားဖို့ လိုပါတယ်။ မှားတော့ မှားနိုင်တယ် ဒီလိုချိုအသားပိုလေးတွေနဲ့ တခြားအရေပြားရောဂါတွေလည်း မှားချင်စရာပါ။ ဥပမာ ကြွက်နို့တို့၊ Skin Tag လို့ခေါ်တဲ့အသားပိုလေးတွေနဲ့ မှားချင်စရာပါ။ မှဲ့နဲ့တူတဲ့ Seborrheic Keratosis နဲ့လည်း မှားတတ်ပါတယ်။ ထူးခြားတာက ချိုထွက်တဲ့အတိုင်းပဲအလွန်မာပါတယ်။ ထိပ်မှာအချွန်လေးရှိပြီးအရင်းကတော့ တုတ်နေပါတယ်။ ညိုမည်းမည်းအရောင်မဟုတ်ပါဘူး။ ညိုတိုတို၊ ဝါကြန့်ကြန့်အရောင်တွေပါ။အဲဒီအချွန်လေးက တဖြည်းဖြည်းချင်း ရှည်ထွက်လာပြီး ကြာတော့ တိရိစ္ဆာန်တွေရဲ့ ချိုလို ကွေးသွားတာပါ။ လူမြင်သူမြင်နေရာမှာရှိရင် စောစောစီးစီး သတိထားမိပေမယ့် ဆံပင်ထူတဲ့ ခေါင်းထဲမှာ ချိုထွက်နေရင်တော့ ကြွက်နို့လိုလို၊အသားပိုလိုလိုနဲ့ လက်နဲ့ စမ်းကြည့်ရင်း ကြာသွားတတ်ပါတယ်။ ချက်ချင်းဘာမှ ဒုက္ခမပေးဘဲကိုး။ ကုသတာခက်ပါသလားအမှန်ပြောရရင် ချိုသေချာရင် စောစောစီးစီး ကုရတာ လွယ်လွယ်လေးပါ။ ပိုးသန့်စင်ထားတဲ့ မုတ်ဆိတ်ရိတ်ဓားပါးလေးနဲ့တောင် ဖြတ်လိုက်လို့ရပါတယ်။ ဒါပေမယ့် ချိုရဲ့အရင်းမှာ ရောဂါရှိ မရှိ သိရအောင်အသားစလှီးထုတ်ပြီး ဘိုင်အိုစီဆိုတဲ့ ဓာတ်ခွဲစမ်းသပ်မှုလည်း လုပ်ကိုလုပ်ရမှာပါ။ တွေ့ရှိတဲ့ ရောဂါပေါ်မူတည်ပြီး ခွဲစိတ်တာ၊ ဓာတ်ကင်တာ၊ ကင်ဆာ လိမ်းဆေးလိမ်းတာ၊ ဒါမှမဟုတ်အလွန်အေးတဲ့ နိုက်ထရိုဂျင်အရည်နဲ့ တို့တာ စတာတွေ လုပ်ရပါတယ်။ နောက်ပြီး ချိုပေါက်တဲ့ နေရာဝန်းကျင်ကိုလည်း သတိထား စောင့်ကြည့်ပေးဖို့ လိုပါတယ်။ သတိထားဖို့ပြောတာပါဇရာအိုတွေမှာ ကြုံနိုင်တဲ့ ရှားပါးတဲ့ ရောဂါဖြစ်ပေမယ့် ကင်ဆာနဲ့ ဆက်စပ်နေတာကြောင့် မပေါ့ဆစေချင်ပါဘူး။ ကုရတာလည်း ခက်ခဲတာမဟုတ်တာကြောင့် စောစောစီးစီး စပါးစေ့လုံးလောက်အရွယ်လေးမှာတင်အမြစ်ပြတ်အောင် ရှင်းစေချင်ပါတယ်။ ဘာသိဘာသာထားခဲ့ရင် ရှေးပိုင်းမှာ ပြောခဲ့တဲ့ ချိုရှည်ကြီးတွေနဲ့ လူထူးလူဆန်းတွေ ဖြစ်သွားနိုင်တာမို့ပါ။အဲဒီထူးခြားတဲ့ သူတွေထဲက ပြင်သစ်အမျိုးသမီးကြီးရဲ့ ချိုရှည်ကြီးကိုတော့အမေရိကန်နိုင်ငံ ဖီလဒီဖီးယားပြည်နယ်က မူတာပြတိုက် (Mutter Museum) မှာ ယနေ့အထိ ဖယောင်းရုပ်တုအနေနဲ့ ပြသထားတာမို့ မယုံ မရှိကြပါနဲ့လို့ ပြောချင်ပါတယ်။ Credit : ဒေါက်တာဦးကျော်ကျော်(အရေပြားအထူးကု ဆရာဝန်ကြီး)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။