နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီးနိုးလာတဲ့အခါ ခေါင်းအုံးပေါ်မှာ သွားရည်တွေရွှဲနေတာမျိုး ခံစားရဖူးပါသလား။ သွားရည်ကွက်တွေကြောင့် ခေါင်းအုံးစွပ် ခဏခဏလဲနေရပြီလား။ ကလေးတွေ သွားရည်ကျတယ်ဆိုတာကအာခံတွင်း ကြွက်သားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးလို့ဆိုပေမဲ့ လူကြီးတွေ သွားရည်ကျရတဲ့အကြောင်းရင်းကရော ဘာကြောင့်များပါလဲ။

ကလေးတွေ သွားရည်ကျတယ်ဆိုတာကအာခံတွင်း ကြွက်သားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးလို့ဆိုပေမဲ့ လူကြီးတွေ သွားရည်ကျရတဲ့အကြောင်းရင်းကရော ဘာကြောင့်များပါလဲ
လူ့ခန္ဓာကိုယ်က တစ်ရက်ကို တံတွေး တစ်လီတာကျော် ထုတ်လုပ်ပါတယ်။ တံတွေးဂလင်းကနေ ထုတ်လိုက်တဲ့ တံတွေးတွေကို ပြန်မြိုချပြီး သွေးကြောကနေတစ်ဆင့် ပြန်လည်လည်ပတ်တာပါ။ တံတွေးတွေကို မမြိုချဘဲ ခံတွင်းထဲမှာစုထားတဲ့အခါ မထိန်းနိုင်ဘဲ ခံတွင်းအပြင်ဘက်ကိုလျှံကျလာပါတယ်။ ညဘက်အိပ်နေတုန်းမှာ ခန္ဓာကိုယ်ကြွက်သားတွေက ပြေလျော့နေပြီး ပါးစပ်ကတော့ ဟနေပါတယ်။ ဒီနေရာမှာအိပ်ပုံအိပ်နည်းကလည်း နည်းနည်း စကားပြောပါတယ်။အိပ်နည်းမှားတဲ့အခါ တံတွေးက ခံတွင်းထဲကိုမျိုမချမိတော့ဘဲ ဟနေတဲ့ပါးစပ်ကနေ ထွက်ကျသွားတတ်ပါတယ်။
နောက်တစ်ချက်ကအသက်ရှူကျပ်တဲ့သူတွေ၊ နှာစေးချောင်းဆိုးပြီး နှာပိတ်သွားသူတွေမှာ ပါးစပ်နဲ့အသက်ရှူရတဲ့အတွက်အိပ်နေစဉ်သွားရည်ကျတာမျိုး ဖြစ်နိုင်ပါတယ်။အိပ်နေစဉ်သွားရည်ကျတာလောက်က ကုသစရာလိုလို့လားမေးရင်တော့ မလိုအပ်ပါဘူးလို့ ဖြေရပါမယ်။ ဒါပေမဲ့အသက်ရှူကျပ်လို့ သွားရည်ကျတာမျိုးကိုတော့ ဆရာဝန်နဲ့ ပြသလိုက်တာက ပိုကောင်းပါတယ်။
တခြား ပုံမှန်သွားရည်ကျတတ်သူတွေအတွက် မကျအောင်ရှောင်ရှားနိုင်တဲ့ ပထမနည်းလမ်းကအိပ်တဲ့ ပုံစံအနေအထား ပြောင်းဖို့ပါ။ တစောင်းအိပ်လို့ သွားရည်ကျနေတယ်ဆိုရင် ပက်လက်လှန်အိပ်ရပါမယ်။ ဒီလိုဆိုရင် ကမ္ဘာမြေဆွဲအားက သွားရည်မကျအောင် ထိန်းထားပေးမှာပါ။ ခေါင်းအုံးမြင့်မြင့်နဲ့အိပ်တာကလည်း သွားရည်မယိုအောင် ထိန်းထားပေးနိုင်ပါတယ်။
နောက်ထပ်နည်းလမ်းတစ်ခုက နှာစေးပျောက်ဆေး သောက်တာပါ။ နှာစေးတဲ့အခါ ပါးစပ်နဲ့အသက်ရှူရတာများတဲ့အတွက် သွားရည်ယိုတယ်ဆိုရင်တော့ နှာစေးပျောက်ဆေး သောက်တာကအကောင်းဆုံးပါပဲ။
အာရုံကြောစနစ်မကောင်းလို့ သွားရည်မနိုင်တာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးအာရုံကြောဆေး သောက်သုံးရပါမယ်။ နိုင်ငံခြားမှာဆိုရင် တံတွေးဂလင်းထဲကို Botox ထိုးပေးတာ များပါတယ်။ တစ်ကြိမ်ထိုးထားရင် (၆) လလောက်ကအနိမ့်ဆုံးခံတာဖြစ်လို့အာရုံကြောချို့ယွင်းသူတွေအတွက် သွားရည်ထိန်းထားနိုင်ဖို့နည်းလမ်းကောင်း ဖြစ်လို့နေပါတယ်။
သွားရည်ယိုတာက ရှက်စရာမဟုတ်သလို ရောဂါလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ သွားရည်တရွှဲရွှဲနဲ့အိပ်နေရတာကို မကြိုက်ဘူး၊အာရုံကြောစနစ်မကောင်းလို့ သွားရည်ကျနေရတာဖြစ်မယ်လို့ထင်ရင်တော့အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုလိုက်နာပြီး သွားရည်ယိုခြင်းကိုရှောင်ရှားနိုင်ပါတယ်။
Ref: medicalnewstoday “Why Do People Drool in Their Sleep?”
Alice May (ရိုးရာလေး)