လာမည့် မေ ၃၁ ရက်တွင် ကျရောက်သော ကမ္ဘာ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးတိုက်ဖျက်ရေးနေ့အတွက် ယခုနှစ် ဆောင်ပုဒ်မှာ “ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်အဆုတ် ကျန်းမာရေး” ဟူ၍ သတ်မှတ်ထားသည်။
အထူးသဖြင့် ဆေးလိပ် သောက်သုံးခြင်းသည် သက်လုံနှင့်အဓိက သက်ဆိုင်သောအဆုတ်ကျန်းမာရေးကို ထိခိုက်စေသည့်အရာဖြစ်ပြီးအားကစားသမားများနှင့် လုံးဝမအပ်စပ်သည့်အရာဟုပင် ဆိုနိုင်သည်။ ကိုယ်ခံပညာအားကစား သမားများအတွက်ကတော့အဆုတ် ကျန်းမာရေးသည် သေရေးရှင်ရေး တမျှအရေးပါသည့်အချက်ဖြစ်သည်။
“ ဆေးလိပ်သောက်ရင်အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေတယ်။အဆုတ်ရဲ့ လုပ်ဆောင်နိုင်မှုကျရင် သက်လုံကျတယ်။ ငါးချီပွဲတွေ ဘာတွေထိုးရင်အရမ်းသိသာတယ်။ သုံးချီကျော်တာနဲ့ ကစားသမားက မောနေပြီ။ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်း ကလည်း ကျလာတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ရေရှည်သုံးစွဲရင်အဆုပ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာမယ်။ ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ငွေ့တွေကအဆုတ် ရောက်တယ်။အဆုတ်မှာ ဒီအငွေ့တွေကြောင့် ဒဏ်ဖြစ်ပြီး စွမ်းဆောင်ရည် ကျလာမယ်”ဟု World Lethwei Championship - WLC မှ ဆေးဘက်ဆိုင်ရာပညာရှင် ဒေါက်တာ စိန်ဖြိုးလှိုင်က သုံးသပ်ခဲ့သည်။
ဆေးလိပ်သည် ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါအားလုံးကို ထိခိုက်စေသည့်အရာဖြစ်သဖြင့် လေ့ကျင့်ရေး ပြုလုပ်ရာတွင်ပါအနှောက်အယှက် ဖြစ်စေသည်။ ခွန်အားသုံးရသည့် မည်သည့် ကြံ့ခိုင်ရေး လေ့ကျင့်မှုကို ပြုလုပ်သည် ဖြစ်စေ ခန္ဓာကိုယ်၏ ကြွက်သားများသည်အောက်ဆီဂျင်ကို လိုအပ်သည်။အဆိုပါအောက်ဆီဂျင်ကို ခန္ဓာကိုယ်အတွင်းရှိ ကြွက်သား များမှတဆင့် သွေးနီဥများအကူအညီဖြင့် ရရှိသည်။ ဆေးလိပ်မသောက်သူများသည်အဆိုပါ ဖြစ်စဉ်ကို ခန္ဓာကိုယ်၏ ခံနိုင်ရည် ရှိသည့် ပမာဏတစ်ခုအထိ ပုံမှန်အလုပ်လုပ်သည်။
ဆေးလိပ် သောက်သုံးသူများတွင်မူ သွေးနီဥများသည်အောက်ဆီဂျင်အစား ကာဗွန်မိုနောက်ဆိုဒ်များကို သယ်ဆောင် ကြသဖြင့် သွေးထဲမှအောက်ဆီဂျင်မရတော့ဘဲ မြန်မြန်ဆန်ဆန် မောပန်း လာတတ်သည်။ ထို့ကြောင့် ဆေးလိပ်သောက်သူများသည် လေ့ကျင့်ရေးတွင် ပိုမို ပင်ပန်းလွယ်ပြီး ခန္ဓာကိုယ် ကြွက်သားများ တည်ဆောက်ရာ တွင်လည်း ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်လျှင်အားနည်းလေ့ ရှိသည်။ တူညီသည့် ကြွက်သား တည်ဆောက်မှုအတိုင်းအတာ တစ်ခု ရောက်အောင် ဆေးလိပ် မသောက်သူ တစ်ယောက် လေ့ကျင့်ရသည့်အချိန်ထက် ဆေးလိပ်သောက်သူ များက ပိုကြာအောင် လေ့ကျင့်ရသည်။
“ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထဲမှာပါတဲ့ နီကိုတင်းက စွဲလမ်းစေတယ်။စွဲသောက်မိရင် ဖြတ်ရခက်တယ်။ ဆေးလိပ်ထဲမှာ ဓာတုပစ္စည်း ၄၈ဝဝ ကျော်ပါတယ်။အဲဒီထဲမှာ လူကို ကင်ဆာ ဖြစ်စေတာ ၄ဝ ကျော်လောက်ပါတယ်လို့ သိရတယ်။ ဆေးလိပ် တစ်လိပ်သောက်တိုင်းအသက် ၁၁ မိနစ် တိုတယ်လို့လည်း ပြောကြတယ်။ ဆေးလိပ်တို့ ကွမ်းတို့ စားသုံးတာက ဆီးချိုတို့၊ သွေးတိုးတို့၊ နှလုံးတို့၊ ကင်ဆာတို့၊ လေဖြတ်တာတို့ ရောဂါမျိုးစုံ ဖြစ်နိုင်တယ်”ဟု ONE Championship ၏ တစ်ဦးတည်းသော မြန်မာအမျိုးသမီးကိုယ်ခံပညာကစားသမား ဘိုဇီနာ “တိုတို”အန်တိုနီယာကလည်း သုံးသပ်ခဲ့သည်။
မည်သူမဆို မိမိအတွက် ကောင်းကျိုးမပေးသည့်အရာများကို မသုံးစွဲဘဲ ရှောင်ရှားသင့်ကြောင်း၊အထူးသဖြင့် နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရသည့်အားကစားသမားများသည် မိမိ တစ်ကိုယ်ရေအကျိုးအတွက် သာမက တိုင်းပြည်အကျိုးအတွက်ပါ ထောက်ရှု၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးစသည့်အရာများကို ဝေးဝေးက ရှောင်ကြဉ်ခြင်းသည်သာအကောင်းဆုံး ဖြစ်ကြောင်းအန်တိုနီယာက တိုက်တွန်း ပြောကြားခဲ့သည်။
“အားကစား သမားမှမဟုတ်ပါဘူး။ သာမန်လူ တွေကလည်းအစပြုပြီး မသုံးကြဖို့ ပြောချင်တယ်။အားကစားသမားကတော့ ပိုပြီး ရှောင်သင့်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ကိုယ့်တစ်ယောက်တည်းအတွက်အလုပ်လုပ်နေတာ မဟုတ်ဘူး။ နိုင်ငံကို ကိုယ်စားပြုပြီး လုပ်နေရတာ။ ဆေးလိပ်သောက်လို့ ရောဂါတွေ ဖြစ်လာရင် ကိုယ့်တစ်ယောက်တည်း နစ်နာတာ မဟုတ်ဘူး။ နိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးစေတာကြောင့် မသောက်သုံးဖို့ ပြောချင်တယ်”ဟုအန်တိုနီယာက ပြောကြားခဲ့သည်။
ကိုယ်ခံပညာအားကစားသမားများ ဆေးလိပ်ရှောင်ကြဉ်သင့်သည့် နောက်ထပ်အချက် တစ်ချက်မှာ လူငယ်လူရွယ်များအတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်းအားကစားသမားများကို လူအများက ခန္ဓာကိုယ်ကြံ့ခိုင်မှုအမြင့်ဆုံးရှိနေသည့်သူများဟု ယူဆထားကြသဖြင့် ၎င်းတို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို သုံးစွဲပါက ၎င်းတို့ကိုအားကျအတုယူ နေသည့် လူငယ်လူရွယ်များအတုယူမှားပြီး လမ်းလွဲ သွားစေနိုင်သောကြောင့် ဖြစ်သည်ဟု ယင်းတို့၏ ဆိုးကျိုးကို ကိုယ်တိုင်ခံစားခဲ့ရ ဖူးသည့်“ဘူရှီဒို” ဖိုးသော်က သုံးသပ်ခဲ့သည်။
“ဆေးလိပ်တို့၊အရက်တို့၊ မူးယစ်စေတဲ့အရာတွေက မကောင်းဘူးဆိုတာလူတိုင်းကလည်း ပြောတယ်။ ကျွန်တော် ကိုယ်တိုင်လည်း စမ်းပြီး သုံးခဲ့ရင်းက ဘဝပျက်မတတ်အထိ ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် နောက်ကို မလုပ်မိအောင် ရှောင်တယ်။ ကျွန်တော်အခု ကြိုးဝိုင်း ထဲမှာ သက်လုံနဲ ကြံ့ခိုင်ရေးအားနည်းတယ် ဆိုပြီး ဝေဖန်ခံနေရတာလည်း တစ်ချိန်က ဒီလို သုံးခဲ့မိတဲ့
လုပ်ရပ်တွေကြောင့်ပါ။ လူငယ်တွေအနေနဲ့ ကျွန်တော့်လိုအလားတူ ကြုံခဲ့ဖူးတဲ့ တခြားသူ တွေရဲ့အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံလို့ သဘောထားပြီး မကောင်းတဲ့အရာတွေကို ရှောင်ကြဉ် နိုင်ကြဖို့ တိုက်တွန်းပါတယ်”ဟု ONE ၏ ကစားသမား တစ်ဦးဖြစ်သူ ဖိုးသော်က ပြောကြား သွားခဲ့သည်။