ဒူးနာတယ်ဆိုတာ တစ်ကြိမ်တစ်ခါဖြစ်ပြီး ပျောက်သွားတတ်တဲ့အရာမဟုတ်။ ခုသက်သာသွားလည်းအခန့်မသင့်တိုင်း ပြန်ပြန်ဖြစ်တတ်တဲ့ ဒဏ်ပါ။ လမ်းလျှောက်ရင်းနဲ့၊ လှေကားတက်ဆင်းရင်းနဲ့၊အထိုင်အထလုပ်ရင်းနဲ့ မျက်ခနဲဖြစ်ပြီဆို သွားပြီလေ။ ဒူးနာရတဲ့အကြောင်းရင်းတွေကအဆစ်နာရောဂါလား၊ ထိခိုက်မှုရှိလို့လား၊အရိုးပွနေတာလား အမျိုးမျိုးရှိနိုင်တယ်။ ဒူးအဆစ်ထဲမှာ ပြဿနာရှိနေတာလား၊အရွတ်တွေထိထားတာလား ဆိုတာ စစ်ဆေးကုသမှုလုပ်ပြီးမှ သိနိုင်မှာပါ။ ဆရာဝန်နဲ့ ကုပြီးပြီပဲထားပါဦး၊ သက်သာပြီးနောက်ပိုင်း တော်ရုံနည်းနည်းနာတာလောက်တော့ ခဏခဏဆေးခန်းမပြေးနိုင်ကြဘူးမဟုတ်လား။အချိန်လည်းပေးရမယ်၊ ငွေလည်းရှိရမယ်၊အတူလိုက်ပို့ပေးမယ့်သူလည်းရှိရမယ် ဆိုတော့ ဒဏ်ကြေဆေးနဲ့ပလာစတာပဲအားကိုးကြရတာပဲ။ ဒီလိုအချိန်မှာအပြင်ကဝယ်စရာမလိုဘဲအိမ်မှာရှိတတ်တဲ့ပစ္စည်းတွေနဲ့ပဲ သဘာဝနည်းနဲ့ ကုသနိုင်မယ်ဆို ပိုအဆင်ပြေနိုင်မလား။ ဒူးနာသက်သာစေမယ့်အိမ်တွင်းဆေးဆရာတွေကို မိတ်ဆက်ပေးလိုက်ပါမယ်။
(၁) နာနတ်သီး၊ သစ်ကြံပိုးခေါက်၊အုတ်ဂျုံ
ဒီသုံးမျိုးရောစပ်ထားတဲ့ မနက်စာမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်၊အမျှင်ဓာတ်တို့ပါဝင်တဲ့အပြင် နာနတ်သီးမှာ ရောင်ရမ်းမှုလျော့ကျစေတတဲ့ bromelain ဒြပ်ပေါင်းပါဝင်လို့ နာကျင်တာ၊ ရောင်ရမ်းတာတွေသက်သာစေနိုင်ပါတယ်။ ကွေကာကြမ်း(အုတ်ဂျုံ)ကို ကျိုပြီး ရေတစ်ခွက်၊ လိမ္မော်ရည်တစ်ခွက်၊အတုံးသေးတုံးထားတဲ့နာနတ်သီး ပန်းကန်လုံးသုံးလုံးစာ၊သစ်ကြံပိုးခေါက်အမှုန့်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း လိုအပ်ပါတယ်။အုတ်ဂျုံကလွဲပြီး ကျန်တာအကုန် blender နဲ့ကြိတ်ချေပါ။ပြီးမှအုတ်ဂျုံကို နည်းနည်းချင်းထည့်ထည့်ပြီး ပျစ်နှစ်လာတဲ့အထိ ဆက်ကြိတ်ပါ။
(၂) ချင်း
ချင်းမှာ gingerol ဆိုတဲ့ဒြပ်ပေါင်းတစ်မျိုးပါဝင်လို့ ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာကျင်ခြင်းကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒီအာနိသင်အတွက် သူ့ကို စားလည်းရ၊ လိမ်းလည်းရပါတယ်။ ချင်းက အစိုပဲဖြစ်ဖြစ်၊အခြောက်ခံထားတဲ့အမှုန့်ဖြစ်ဖြစ်အာနိသင်ရှိတာကြောင့် ဘယ်အစားအစာမှာဖြစ်ဖြစ်အမှုန့်လေးထည့်စားလည်းရတယ်။ ဒူးနာနေတုန်း ဆက်တိုက်သောက်ပေးလို့အဆင်ပြေတာကတော့ ချင်းရေနွေးြမ်းပါပဲ။ နုတ်နုတ်စဉ်းထားတဲ့ ချင်းနှစ်ဇွန်းစာကို ရေနွေးထဲထည့်တည်ပါ(ဆယ်မိနစ်လောက်)၊ပြီးရင်အဖတ်တွေစစ်ထုတ်ပစ်ပါ။ ချင်းရေနွေးထဲကို ပျားရည်ထည့်၊ကြိုက်တတ်ရင် သံပရာရည်ညှစ်ပြီး နေ့တိုင်းသောက်လို့ရပါတယ်။ ချင်းက ဆေးဖက်ဝင်တဲ့တခြားအာနိသင်တွေလည်းရှိလို့ ဘေးမရှိနိုင်ပါဘူး။
(၃) နှမ်းဆီနဲ့သံပရာ
နှမ်းဆီကို တရုတ်နဲ့အိန္ဒိယတိုင်းရင်းဆေးမှာ ကျန်းမာရေးပြဿနာအတော်များများအတွက် သုံးကြပါတယ်။ နှမ်းဆီက ကြွက်သားနာကျင်တာ၊အရိုးအဆစ်နာ၊ ထိခိုက်နာကျင်တာတွေအတွက် သက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့အခါ နှမ်းဆီလိမ်းလို့ရတယ်။ ဆီကိုနွေးနွေးလေးအပူပေးပြီး လိမ်းရင် ပိုကောင်းပါတယ်။ နောက်တစ်ခုကအတည်ပြုထားတဲ့သိပ္ပံလေ့လာမှုမရှိသေးပေမယ့် နှမ်းဆီကို သံပရာသီးနဲ့ရောလိမ်းရင် ပိုသက်သာတယ်လို့တချို့က ယုံကြည်ပါတယ်။ ဘယ်လိုလဲဆိုတော့သံပရာသီးကို လှီး၊စိတ်ပြီး နှမ်းဆီထဲနှစ်၊ သံပရာစိတ်ကိုကိုင်ပြီး ဒူးမှာပွတ်လိမ်းရတာပါ။ သံပရာစိတ်နဲ့ နှိပ်နယ်တာပေါ့။
(၄) နနွင်း
ဟင်းချက်တိုင်းအမြဲပါလေ့ရှိတဲ့ နနွင်းကအနာကျက်စေနိုင်တာကိုတော့ သိကြပါတယ်။ သူ့မှာအကိုက်အခဲပျောက်ဆေးအာနိသင်ပါနေတာက ibuprofen နဲ့တန်းတူလောက်ရှိတယ်လို့ လေ့လာမှုတွေက ပြောပါတယ်။ curcumin ဒြပ်ပေါင်းပါဝင်မှုများလို့အကိုက်အခဲပျောက်၊အရောင်ကျစေတဲ့အာနိသင်တွေရှိနေတာဖြစ်ပါတယ်။ နနွင်းကို ပုံမှန်စားသုံးပေးရင်အရိုးပွရောဂါ၊ လေးဖက်နာရောဂါဖြစ်နိုင်ခြေနည်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့်ပဲ ဟိုးယခင်တည်းက မြန်မာ့ရိုးရာမှာ နနွင်းနဲ့ ဆားမီးဖုတ်၊လက်ဖက်ခြောက်ကိုအချိုးညီညီရောစပ်ထားတဲ့ နနွင်းဆေးကို ပုံမှန်သောက်ခိုင်းကြတာဖြစ်ပါလိမ့်မယ်။ ဒူးနာတဲ့အချိန် နနွင်းရေနွေးကြမ်းဖြစ်ဖြစ် နနွင်းဆေးဖြစ်ဖြစ် သောက်ပေးလို့ရပါတယ်။
(၅) မုန်ညင်းဆီ
မုန်ညင်းဆီကို သံလွင်ဆီနည်းနည်းရောပြီးဖြစ်ဖြစ် သူ့ချည်းပဲဖြစ်ဖြစ် ဒူးမှာလိမ်းပေးရင် ဒူးနာသက်သာစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီးအရောင်ကျစေတယ်၊ နာကျင်မှုလည်းလျော့စေတယ်။ နောက်တစ်နည်းက မုန်ညင်းဆီထဲ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူထည့်ပြီး မီးပျော့ပျော့နဲ့ ၁၀ မိနစ်လောက်အပူပေးပါ။အဲဒီဆီကိုအအေးခံပြီး နှိပ်နယ်လိမ်းပါ။ allicin ဒြပ်ပေါင်းပါဝင်မှုကြောင့် ကြက်သွန်ကလည်းအရောင်ကျစေနိုင်စွမ်းရှိပါတယ်။ ဒီနည်းလေးတွေက ကုသမှုနေရာမှာအစားထိုးဖို့တော့မဟုတ်ဘူးနော်။ ဒူးနာတာကို မကုသဘဲထားတာကြာရင်၊ ကြိတ်ခံစားတာကြာရင်အရိုး၊အဆစ်၊အရွတ်၊ကြွက်သားတို့မှာ မလိုအပ်ဘဲနောက်ဆက်တွဲပြဿနာတွေဖြစ်လာရတာမကောင်းပါဘူး။ ဖြစ်နိုင်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။အပေါ်မှာပြောခဲ့သလိုအနည်းအကျဉ်းနာကျင်တာမို့၊ ဆေးခန်းမသွားဖြစ်လို့၊အခြေအနေမပေးလို့၊ ဒဏ်ကြေဆေးတွေမလိမ်းချင်လို့ စတဲ့အနေအထားတွေမှာသာ ဒီသဘာဝနည်းလေးတွေကို စမ်းကြည့်ပါ။ ဘေးဥပါဒ်ဖြစ်စရာမပါတဲ့အိမ်သုံးပစ္စည်းတွေနဲ့မို့ ဝေဒနာသက်သာ၊ စရိတ်သက်သာစေဖို့အကြံပြုလိုက်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။