မကွေးတိုင်းဒေသကြီးတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (၂၀၁၈ ခုနှစ်အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ) ကျွဲ၊ နွားကောင်ရေ ၂၄၀ဝ၀ ကျော်အား ခွာနာ၊ လျှာနာ၊ လည်ချောင်းကွဲ၊ ထောင့်သန်း၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးထံမှ သိရသည်။
လျာထားဆောင်ရွက်
"မကွေးတိုင်းအတွင်း ကျွဲ၊ နွား၊ တိရစ်ဆာန် ကူးစက်ရောဂါကာကွယ် ဆေးထိုးနှံပေးမှုကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းတိုင်းအတွင်းရှိ မြို့နယ်တွေမှာ ရောဂါဖြစ်ပွားမှုနဲ့ ကာကွယ်ထိန်းချုပ်မှုတွေကို စီမံချက် ချပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ္ဍာနှစ်အတွင်း လျာထားချက်အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးမှုကို ခွာနာ၊ လျှာနာရောဂါအတွက် ကောင် ရေ ၁၀၅၀ဝဝ၊ လည်ချောင်းကွဲရောဂါအတွက် ကောင်ရေ ၅၂၆၀ဝ၊ ထောင့်သန်းရောဂါအတွက် ကောင်ရေ ၁၄၈၈၀ဝ၊ ပေါင်ပုပ်၊ လက်ပုပ် ရောဂါအတွက် ကောင်ရေ ၂၄၁၀၈၀ စုစုပေါင်း ကျွဲနွားကောင်ရေ ၅၄၇၄၈၀ ကို ကာကွယ်ဆေးထိုးနှံပေးဖို့ လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးက ပြောဆို သည်။ လက်ရှိအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ခွာနာ၊ လျှာနာ ရောဂါအတွက် ၂၁၃၀၁ ကောင်၊ လည်ချောင်းကွဲရောဂါအတွက်ကောင် ရေ ၂၆၂၀ဝ၊ ထောင့်သန်းရောဂါအတွက် ကောင်ရေ ၇၅၁၀ဝ၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါအတွက် ကောင်ရေ ၁၂၁၀ဝဝ၊ စုစုပေါင်း ကျွဲနွား ၂၄၃၆၀၁ ကောင်ကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
သေဆုံးမှုမရှိ
ကျွဲနွားများ ရောဂါဖြစ်ပွားမှုအနေဖြင့် ချောက်မြို့နယ် ထိန်စမ်း ကျေးရွာနှင့် ရွာမကျေးရွာတို့တွင် နွားကောင်ရေ ၆၅၀အနက် ၄၇ ကောင် မှာ ခွာနာ၊ လျှာနာရောဂါဖြစ်ပွားခဲ့ပြီး ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်၍ ပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ တိရစ်ဆာန်ကူးသန်း သွားလာမှု ထိန်းချုပ်ခြင်း၊ ရောဂါဖြစ်နွား ၄၇ ကောင်ကို ဆေးကုသပေးခြင်း၊အနီးဝန်းကျင်ကျေးရွာများရှိ နွား ၂၅၄၈ ကောင်အား ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးဟောပြောမှုများ ပြုလုပ်နိုင်ခဲ့ ခြင်းတို့ကြောင့် တိရစ်ဆာန်များသေဆုံးမှုမရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။