HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့အလွဲတွေအများကြီးရှိပါတယ်။ ဒီအလွဲတွေကြောင့်ပဲ HIV ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေရဲ့အကြောက်တရားကပိုလာသလို ပတ်ဝန်းကျင်ရဲ့ နှိမ့်ချဆက်ဆံမှုတွေဟာလည်း ဆိုးသထက်ဆိုးလာပါတယ်။ ဒီဆောင်းပါးလေးမှာ HIV ပိုးကူးစက်ပုံတွေ၊ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လူတွေသိထားတဲ့အလွဲတွေအကြောင်း ဖြေရှင်းပေးချင်ပါတယ်။
HIV ဆိုတာဘာလဲ

ခုခံအားစနစ်ကိုအားနည်းအောင်တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး သူဟာ ရောဂါတစ်ခုမဟုတ်ပါဘူး
ခုခံအားစနစ်ကိုအားနည်းအောင်တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး သူဟာ ရောဂါတစ်ခုမဟုတ်ပါဘူး။ HIV ပိုးဟာ သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ထွက်တဲ့အရည်၊ မိခင်နို့ရည်မှာတည်ရှိပြီး ဒီအရည်တွေက တခြားသူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းထဲကိုတိုက်ရိုက်ဝင်မှသာ ရောဂါပိုးကူးစက်ခံရတာဖြစ်ပါတယ်။
HIV ပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တယ်ဆိုပေမယ့် လူတွေသိထားသလိုအသားချင်းထိလို့၊ နမ်းလို့၊ ပစ္စည်းတစ်ခုကိုအတူသုံးစွဲတာ၊ တစ်အိမ်တည်းအတူနေတာနဲ့ မကူးစက်နိုင်ပါဘူး။ ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးမယ်ဆိုရင် ရောဂါပိုးကို တခြားသူဆီမကူးစက်အောင် ထိန်းပေးနိုင်သလို သွေးထဲမှာရှိတဲ့ပိုးတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးမယ်ဆိုရင် ရောဂါပိုးကို တခြားသူဆီမကူးစက်အောင် ထိန်းပေးနိုင်
HIV ပိုးအများဆုံးကူးစက်ခံရတဲ့အကြောင်းရင်း
အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော်တစ်ဦးထက် ပိုများတာ၊ လိင်အပျော်အပါး လိုက်စားတာ၊ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲတာ၊ ပိုးရှိသူမိခင်က ပိုးထိန်းဆေးသေချာမသောက်တာတွေဟာ HIV ပိုးကူးစက်ခံရတဲ့အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။
HIV က နမ်းရုံနဲ့ ကူးစက်နိုင်လား
လုံးဝမကူးစက်နိုင်ပါဘူး။ တံတွေးထဲမှာပါနေတဲ့အင်ဇိုင်းဓာတ်ဟာ HIV ဗိုင်းရပ်စ်ပိုးကို ချက်ချင်းသေစေတဲ့အတွက် နောက်ထပ်မပြန့်ပွားစေတော့ပါဘူး။ ဒါကြောင့် နမ်းတာ၊ လျှာချင်းထိတာ၊ တံတွေးချင်းဖလှယ်တာအစရှိတဲ့နမ်းတဲ့ပုံစံတွေကြောင့် ကူးစက်တာမျိုးမရှိပါဘူး။အလွန်ရှားပါးလွန်းတဲ့ ဖြစ်စဉ်ကတော့ ပိုးရှိတဲ့သူရဲ့ပါးစပ်မှာအကြောင်းအမျိုးမျိုးကြောင့် သွေးထွက်နေတာ၊ ပိုးမရှိတဲ့သူရဲ့ပါးစပ်မှာအနာဖြစ်နေတာ၊ ပွန်းပဲ့ပြီးဒဏ်ရာဖြစ်နေရင်တော့ ကူးစက်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဒီလိုကူးစက်ဖို့ ရာခိုင်နှုန်းဟာအလွန်ကိုနည်းတယ်လို့ ဆိုနိုင်ပါတယ်။
HIV ပိုး မကူးစက်နိုင်တဲ့နည်းလမ်းတွေက ဘာတွေလဲ
ပွေ့ဖက်နမ်းရှုံ့တာ
အသားချင်းထိတာ
ချွေး၊ တံတွေးချင်းထိတာ
တစ်အိမ်တည်းအတူနေတာ
မုန့်တစ်ခုတည်းကို မျှစားတာ
လက်ကိုင်တာ
လေထဲကတစ်ဆင့်
အိမ်သာ၊ ရေချိုးခန်းအတူသုံးစွဲတာ
ပိုးကောင်၊ တိရစ်ဆာန်တွေအကိုက်ခံရတာ
ဆီး၊ ခြောက်နေတဲ့ သုက်ရည်၊ သွေးကနေတစ်ဆင့် မကူးစက်နိုင်ပါဘူး။

လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးဖြစ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကိုအသုံးပြုပါ
HIV ပိုးကူးစက်ခံရခြင်းကင်းဝေးစေဖို့ ဘယ်လိုဂရုစိုက်နေထိုင်မလဲ
၁။ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးဖြစ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကိုအသုံးပြုပါ။
၂။ ကိုယ့်မှာ ရောဂါပိုးရှိ၊ မရှိ (၃) လတစ်ခါ သွေးစစ်ပါ။
၃။ HIV ပိုးရှိတယ်ဆိုရင် ပိုးထိန်းဆေး (ART ဆေး) ကို နေ့စဉ်အချိန်မှန်သောက်ပေးပါ။
၄။ ကိုယ့်မှာရောဂါပိုးရှိတဲ့အကြောင်းကို မိသားစုဝင်၊အိမ်ထောင်ဖက်၊ ချစ်သူကို ပြောပြထားပါ။
၅။ ရောဂါပိုးရှိတဲ့အမျိုးသမီး ကိုယ်ဝန်ဆောင်မယ်ဆိုရင် မွေးလာမယ့်ကလေးကို ပိုးမကူးစက်စေဖို့ ART ဆေး ပုံမှန်သောက်ပြီး ကာကွယ်ပေးနိုင်ပါတယ်။
၆။ ဆေးထိုးအပ်ကို တခြားသူနဲ့ မျှဝေမသုံးစွဲပါနဲ့။ သုံးပြီးသားဆေးထိုးအပ်တွေကို ထပ်ခါထပ်ခါ ပြန်မသုံးပါနဲ့။
၇။ ပါးစပ်ဖြင့်လိင်ဆက်ဆံမယ်ဆိုလည်း ကွန်ဒုံးကိုအသုံးပြုပါ။အထူးသဖြင့် ပါးစပ်ထဲ သုက်မလွှတ်မိစေဖို့၊ တခြားပွန်းပဲ့ဒဏ်ရာ၊အနာတွေမရှိစေဖို့ ဂရုစိုက်ပါ။
HIV ပိုးကိုအမြစ်ပြတ်ကုသနိုင်တဲ့ ဆေးပညာမပေါ်လာသေးဘူးဆိုပေမဲ့ ပိုးကိုထပ်မပြန့်ပွားအောင် ထိန်းပေးနိုင်တဲ့ဆေးတွေ ရှိပါတယ်။ ရောဂါပိုးရှိမှန်းသိသိချင်း ကုသမှုခံယူမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့အသက်ရှင်နေထိုင်သွားနိုင်မှာပါ။
Ref: Hello ဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win