အရက်စကားအမှားများ
အရက်ဘီယာသောက်တတ်တဲ့သူတွေအတွက်တော့အရက်နာကျတယ်ဆိုတာ သိပ်မဆန်းတဲ့အတွေ့အကြုံ တစ်ခုပါပဲ။မကြုံဘူးသေးဘူးဆိုရင်တောင်မှ သောက်တတ်စားတတ်တဲ့သူတွေအဖို့ ထင်းခွေမကြုံ ရေခပ်ကြုံ တကွေ့ကွေ့တော့ ကြုံရနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့အရက်နာကျတာနဲ့ပတ်သက်ပြီး လူအများကြားမှာ မှန်သလိုလို မှားသလိုလို ဝေဝေဝါးဝါး ဖြစ်နေတဲ့အချက်တွေကို ရှင်းလင်းသွားပါမယ်။
အမှား (၁)အရက်နာကျတာ စိတ်ပူစရာ မလိုပါဘူး
အမှန်။အရက်အလွန်အကျွံသောက်သုံးခြင်းဟာ ဗဟိုအာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေပါတယ်။ခေါင်းမူးတာ ခေါင်းကိုက်တာ ပျို့အန်တာစသဖြင့်အတော်လေးခံရခက်တဲ့ဝေဒနာတွေကို နောက်တနေ့မှာခံစားရစေပြီး ရေဓာတ်ဆုံးရှုံးမှုလည်း ဖြစ်စေပါတယ်။ပင်ပန်းနွမ်းနယ်အလုပ်ပျက်အကိုင်ပျက်တွေဖြစ်သလိုအစားစားချင်စိတ်လည်းမရှိဘဲ ကိုယ်ခံအားပါ ကျဆင်းနိုင်တာတွေ့ရပါတယ်။
အမှား (၂ ) ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်အရက်နာကျတာကို ညီတူမျှတူ ခံစားရတယ်
အမှန်။ Ladies’ Night တွေမှာ ဖရီးရတိုင်း သွားသွားသောက်နေတဲ့ကလေးမလေးတွေ ကလေးမကြီးတွေအတွက် မှတ်သားစရာပါ။သောက်တဲ့ပမာဏတူတူဆိုရင်တောင်မှ မိန်းမတွေကအရက်နာကျတဲ့ဒဏ်ကို ပိုခံရပါတယ်။အကြောင်းရင်းကတော့ ယောကျာ်းတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ပိုမိုပါဝင်ပြီးအရက်ကို ရေရောပေးသလို ဖြစ်စေပါတယ်။မိန်းမတွေမှာတော့ ရေဓာတ်နည်းတဲ့အတွက် သွေးထဲကိုအရက်ပိုရောက်စေပါတယ်။
အမှား ( ၃ ) မချိမဆန့် သောက်မှသာအရက်နာကျမယ်
အမှန်။အများကြီးသောက်ရင်အရက်နာကျဖို့ ပိုများတယ်ဆိုပေမဲ့ ပါးပါးလေးပုတ်လိုက်ရင်းကပဲအားရပါးရအရက်နာကျသွားတဲ့လူတွေလည်း ရှိပါတယ်။ဘီယာသောက်သောက်အရက်သောက်သောက် တခွက် နဲ့ တခွက် ကြားထဲမှာ ရေသောက်ပေးတာ ဖျော်ရည်သောက်ပေးတာက ခန္ဓာကိုယ်ထဲမှာကျန်ခဲ့မယ့်အရက်ပမာဏကို လျော့နည်းစေပါလိမ့်မယ်။
အမှား ( ၄ ) ဝိုင်သောက်တာကအရက်နာကျနိုင်ချေအနည်းဆုံးပဲ
ဝိုင်အနီမှာ tannins လို့ ဓာတုပစ္စည်းပါဝင်ပြီး သူက ခေါင်းကိုက်စေပါတယ်။အထူးသဖြင့်အရောင်ရင့်ရင့်အရက်တွေမှာ ပိုပါပါတယ်။မော့တ်ဝီစကီ လိုမျိုးပေါ့။မနက်ပိုင်း ခေါင်းဆိုးဆိုးရွားရွား ကိုက်တာမခံနိုင်ရင်တော့အရောင်သိပ်မရင့်တဲ့အရောင်ကိုမပါတဲ့ ဘီယာ၊ဂျင် နဲ့ ဗော့ဒ်ကာလိုအရက်မျိုးတွေ သောက်ပါ။
အမှား ( ၅ ) မအိပ်ခင်အကိုက်အခဲပျောက်ဆေး သောက်ပါ။
အရက်နာကျတဲ့အခါ ကိုယ်တွေလက်တွေ ကိုက်ခဲတတ်တာကြောင့်အကိုက်အခဲပျောက်ဆေး သောက်တာက မှန်သင့်သလောက်တော့ မှန်ပါတယ်။ဒါပေမဲ့ ညဘက်အိပ်ခါနီးသောက်တာကတော့အလကားသက်သက်ပါပဲ။ဘာလို့လည်းဆိုတော့ ဒီဆေးတွေက သောက်ပြီး လေးနာရီလောက်အတွင်းမှာအစွမ်းပြတတ်လို့ပါပဲ။အိပ်ပျော်နေတဲ့အချိန်ကြီး ကိုက်ခဲမှုမရှိတာကတော့ ဘာထူးမှာလဲဗျာ။ဒါကြောင့်အိပ်ရာနိုးမှအစားတခုခုစားပြီး သောက်ပါ။
အမှား( ၆ )အရက်နာကျတဲ့အခါ ပြန်ဖြေတဲ့အနေနဲ့ နည်းနည်းပါးပါး သောက်သင့်တယ်။
အရက်စွဲစေခြင်းရဲ့အဓိကလက်သည်တရားခံအယူအဆပါ။ညက များသွားလို့ မနက်ပြန်ဖြေတယ်ဆိုပြီး သောက်တာဟာအရက်နာကျမဲ့အချိန်ကိုအနည်းငယ်လေးဆွဲဆန့် ပေးနိုင်ယုံကလွဲပြီး တကယ့်အကျိုး ဘာမှ မရှိပါဘူး။အချိန်တန်တော့အရက်နာကျတဲ့ဝေဒနာ ပြန်ခံရ ၊ မခံနိုင်လို့ ပြန်ဖြေ။ ဒီလိုနဲ့ လုံးချာပတ်ချာလိုက်ပြီးအရက်သမားဖြစ်ကရောပဲ။မနက်မိုးလင်းတာနဲ့အယ်လ်ကိုဟောလေး နဲနဲမှ မဝင်ရင် ဘာမှ မလုပ်နိုင်ဖြစ်နေပြီလား။အရက်ဖြတ်ဖို့ ဆရာဝန်ဆီသာ မြန်မြန်ပြေးပါ။
အမှား ( ၇ ) ကော်ဖီသောက်ရင်အရက်နာကျတာ သက်သာတယ်။
ကဖိန်းဓာတ်က သွေးကြောတွေကို ကျဉ်းစေပြီးအရက်နာကျတာကို ပိုလို့တောင်မှ ဆိုးစေပါတယ်။ဒါကြောင့် ပိုးစိုးပက်စက်သောက်မိထားတဲ့အခါ နောက်တနေ့မှာ ရေနဲ့အားဖြည့်အချိုရည်တွေသောက်ပြီးသာ ကုန်ဆုံးသွားတဲ့ ရေနဲ့ သတ္ထုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ကြိုးစားပါ။
ကိုညိမ်းမောင် (ဆေး ၁ )