
သကြားဓာတ်ပါတဲ့အချိုရည် သောက်သုံးခြင်းကြောင့် ဆီးချိုရောဂါ၊အဝလွန်ရောဂါတို့ကို ဖြစ်စေနိုင်ကြောင်း လူအတော်များများ သိရှိထားကြပြီး ဖြစ်ပါတယ်။ လက်တလော ဆေးသုတေသီတို့ တွေ့ရှိထားတဲ့ လေ့လာစမ်းစစ်ချက်အသစ်တစ်ခုမှာတော့အချိုရည်တွေဟာ ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း တွေ့ရှိထားပါတယ်။ သကြားဓာတ်ပါတဲ့အချိုရည်တွေဟာ ဒီလောက်တောင်အန္တရာယ်ရှိနေပြီလား..?
ဟုတ်ပါတယ်..၊
New Strait Times
သတင်းမှာ ဖော်ပြထားချက်အရ သကြားတွေနဲ့ ပြုလုပ်ထားတဲ့ ဆိုဒါအချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေမှာအချို့သော ကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ခြေ မြင့်မားတဲ့ လက္ခဏာတွေကို ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ တွေ့ခဲ့တာဖြစ်ပါတယ်။
အဝလွန်ရောဂါနဲ့ လုံးဝဆက်စပ်နေတဲ့အချိုရည်တွေကို တစ်ကမ္ဘာလုံးမှာ လူတွေ နှစ်ခြိုက်စွာ သောက်သုံးနေကြပါတယ်။အဓိက ကင်ဆာဖြစ်နိုင်တဲ့အချက်၊ တရားခံကတော့အဝလွန်ရောဂါကြောင့် ဖြစ်တယ်လို့ သုတေသီတွေရဲ့ သုံးသပ်တင်ပြချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံက သုတေသီတွေဟာအချိုရည်လွန်ကဲစွာသောက်သုံးသူတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေနှုန်း ဘယ်လိုဆက်စပ်နေသလဲဆိုတာကိုအချိန်ယူပြီး လေ့လာခဲ့ကြပါတယ်။အချိုရည်ကြောင့်အထွေထွေကင်ဆာတွေအပြင်၊ ရင်သားကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊အူသိမ်အူမကင် ဖြစ်ပွားမှုရဲ့ ဆက်စပ်မှုတွေကို လေ့လာခဲ့ကြပါတယ်။
သုတေသနလုပ်ငန်းမှာအရွယ်ရောက်ပြီးသူပေါင်း တစ်သိန်းကျော်ကို လေ့လာခဲ့ကြပြီး သူတို့ရဲ့အသက်ဟာ ပျှမ်းမျှ ၄၂ နှစ်အရွယ် ဝန်းကျင်တွေဖြစ်ကြပါတယ်။အားလုံးရဲ့ ၇၉% ဟာအမျိုးသမီးတွေ ဖြစ်ပါတယ်။
သုတေသီတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကြသူတွေဟာ ၉ နှစ်တိုင်တိုင် မပျက်မကွက် နေ့စဉ်သူတို့ရဲ့ စားသောက်မှုပုံစံကို တစ်ရက်လျှင် မေးခွန်း ၂ ခုစီ သုတေသီတွေရဲ့ မေးမြန်းမှုကိုအွန်လိုင်းကနေတစ်ဆင့် ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။
ဒီမေးခွန်းတွေထဲမှာ နေ့စဉ် သကြားစားသုံးတဲ့ ပမာဏ၊ သကြားတု ပါဝင်တဲ့အချိုရည်သောက်သုံးမှုတွေအပြင်အသီးစစ်ဖျော်ရည် သောက်သုံးမှု စတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။
နောက်ဆုံးမှာတော့ တစ်ရက်လျှင် သကြား ၁၀၀ မီလီပါဝင်တဲ့အချိုရည်၊ ဖျော်ရည်တွေ သောက်သုံးခြင်းဖြင့်အမျိုးမျိုးသော ကင်ဆာဖြစ်နိုင်ခြေ ၁၈% မြင့်မားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကတော့ ၂၂% မြင့်မားတယ်လို့ သုတေသီတွေ ကောက်ချက်ချနိုင်ခဲ့ပါတယ်။
သစ်သီးတွေကို သကြားထည့်ဖျော်ပြီး သောက်တာကလည်းအလားတူ ကင်ဆာရောဂါဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။
သုတေသီတွေဟာ သူတို့သုတေသနပြု လေ့လာမှုမှာပါဝင်ခဲ့သူတွေကို ထပ်ချပ်မကွာ စောင့်ကြည့်လေ့လာခဲ့ရာ လူပေါင်း ၂,၁၉၃ ဦးဟာ သူတို့အသက် ၅၉ နှစ်ပတ်ဝန်းကျင်မှာ ကင်ဆာရောဂါဖြစ်လို့ ဆေးကုသမှုခ့ယူနေကြရပါတယ်။ ဒါပေမယ့်လည်း ဒီလူတွေ ကင်ဆာရောဂါ ဖြစ်ပွားရတာဟာ သူတို့တွေရဲ့ လေ့လာတွေ့ရှိတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့တော့ သူတေသီတွေအတည်မပြုပေးနိုင်သေးပါဘူး၊အခြားဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေလည်း များစွာရှိနေပါသေးတယ်။
“ ဒီအကြောင်းအရာက ကျယ်ပြန့်ပါတယ်၊ တွေ့ရှိထားတဲ့ သက်သေအထောက်ထားတွေအရ သကြားဓါတ်သောက်သုံးမှုကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားတယ်ဆိုတာ ဆက်စပ်ပက်သက်မှု ရှိနေနိုင်ပါတယ် ” လို့ ယူကေရဲ့ ကင်ဆာသုတေသီ Graham Wheeler က ပြောဆိုခဲ့ပါတယ်။