မွန်တိုင်းရင်းသူအဘွားအိုတဦးကို ထိုင်း Workpoint ရုပ်သံအစီအစဉ်က ဆုငွေတွေ ချီးမြှင့်
popolay.com
|
2018-10-31

အသက် ၈၀ ကျော်ပေမယ့်လည်း လေးလံတဲ့ မုန့်ဗန်းကို နေ့စဉ် ခေါင်းရွက်လှည့်လည်ရောင်းချပြီး လူမမာသည်သားကို ပြုစုနေတဲ့ မွန်တိုင်းရင်းသူအဘွားအိုတဦးကို ထိုင်း Workpoint ရုပ်သံ Super 60အစီအစဉ်က ဆုငွေတွေ ချီးမြှင့်ခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက်နေ့အစီအစဉ်မှာတော့အသက် ၈၀ ရှိ ဈေးသည် မွန်အဘွားအိုတဦးရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူမရဲ့စွမ်းရည်တွေကို ပြသခဲ့ပါတယ်။အဘွားအမည်မှာ ဒေါ်ရင်ဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် မော့ကနိုင်ကျေးရွာဇာတိ ဖြစ်ကာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာတာ ကြာခဲ့ပါပြီ။




အဘွားရင်ဟာ လက်ရှိ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်၊ ဆန်ခပူရီမြို့မှာ နေထိုင်ကာ နာမကျန်းဖြစ်နေသူအသက် ၃၀ ရွယ်ခန့်ရှိ သားကို လုပ်ကျွေးပြုစုလျက် ရှိပါတယ်။သားဖြစ်သူ နစ်ခ်ဟာအရင်က ကွန်ပျူတာပြင်အလုပ်သမားဖြစ်ပြီး လုပ်ငန်းခွင်ဒဏ်ရာကြောင့်အဆုတ်မှာ ပြဿနာရှိကာအသက်ရှူကျပ်တဲ့ရောဂါနဲ့ မသွားနိုင်မလာနိုင် ဖြစ်နေတာပါ။သားဖြစ်သူဟာအသက်ရှူကျပ်လာရင် တက်သွားပြီး သတိလစ်သွားတတ်တာမို့ လက်ရှိ ဆရာဝန်က လည်ပင်းမှာအပေါက်ဖောက်ကာ ပိုက်နဲ့အသက်ရှူစေသလိုအစာကိုလည်း ပိုက်ကနေတဆင့် ၂ လကြာ ပေးသွင်းခဲ့ရပါတယ်။အဘွားရင်ရဲ့ ခင်ပွန်းမှာ လွန်ခဲ့တဲ့ ၆ နှစ်က ဆုံးပါးသွားပြီး သားသမီးစုစုပေါင်း ၈ ယောက်ရှိပေမယ့်အားလုံးဟာ သူ့အိမ်ထောင်နဲ့သူ၊အလုပ်အကိုင်မှာလည်း ရရစားစားအလုပ်သမားတွေမို့ သူမကို များများစားစား မထောက်ပံံ့နိုင်ဘူးလို့ဆိုပါတယ်။လူမမာသည်သားမှာ တလကို ၄ ကြိမ် ဆေးရုံပြနေရပြီး တကြိမ်ကို ဆေးဖိုး ဘတ် ၂၀၀၀ မှ ၃၀၀၀ ထိ ကုန်ကျကြောင်း၊ သူမမှာ မုန့်လည်ရောင်းတာ တနေ့ကို ဘတ် ၁၀၀ မှ ၃၀၀ ထိသာ ရရှိတဲ့အတွက် သားဖြစ်သူ ဆေးဖိုးဝါးခအတွက် ငွေတိုးနဲ့ ချေးငှားထားပြီး လောလောဆယ် ဘတ် ၈၀၀၀အကြွေးတင်နေတယ်လို့ ဆိုပါတယ်။




သူမရဲ့ နေ့စဉ်ဘဝနဲ့ပတ်သက်ပြီးအဘွားရင်မှာ မိုးမလင်ခင် မုန့်ထလုပ်ပြီးအိမ်ရှေ့မှာအရင်ရောင်းချကြောင်း၊ ရောင်းမကုန်ရင် လမ်းပေါ်လှည့်လည်ရောင်းချကြောင်း၊အဘွားကို သနားတဲ့သူတွေက မုန့်နည်းနည်းဝယ်ရုံနဲ့ မုန့်ဖိုး ၁၀၀ ပေးသွားပြီး တချို့က သူ့ကို ဓာတ်ပုံရိုက်ကာ ဘတ် ၂၀ ပေးသွားတယ်လို့ ပြောပါတယ်။တီဗွီအစီအစဉ်ကအဘွားရဲ့ လုပ်ရည်ကိုင်ရည်ကို ပြသစေရာမှာအဘွားရင်က ၅ ကီလိုဂရမ်အလေးချိန်ရှိ မုန့်ဗန်းကို ခေါင်းပေါ်တင်ပြီး လက်ကလည်း ဈေးခြင်းတောင်းဆွဲကာ တပတ်လျှောက်ပြ၊ နှုတ်ဆက်ပြပါတယ်။မုန့်ဗန်းကို လက်နဲ့မထိန်းဘဲအဖိတ်အစင်မရှိ၊အတိမ်းအစောင်းမရှိ ရွက်ပြီး လမ်းလျှောက်သွားနိုင်တာကို ကြည့်ရှုသူ ပရိသတ်တွေကအံ့သြချီးကျူးနေပေမယ့်အဘွားကတော့ ဒါက သူ့ရဲ့ နေ့စဉ်လုပ်နေကျအလုပ်လို့ ပြောပါတယ်။ဒါ့အပြင် မုန့်တည်ခင်းရောင်းချတဲ့အလေးချိန် ၈ ကီလိုဂရမ်ရှိ စားပွဲခုံတလုံး၊အလေးချိန် ၂ ကီလိုဂရမ်ရှိ ဇလုံနဲ့ ရေပုံးတွေပါ ပေါင်းပြီး တပြိုင်တည်း ခေါင်းပေါ်ရွက်ပြသွားခဲ့ပါတယ်။=အိမ်မှာကျန်ခဲ့တဲ့ သားကတော့အမေကို မပင်ပန်းစေချင်လို့ ရုပ်သံဌာနမှာ စွမ်းရည်ပြခိုင်းတဲ့အခါ လုပ်နိုင်သလောက်ပဲလုပ်ဖို့၊ သူ့ကြောင့်အမေပင်ပန်းတာ သိပေမယ့် ဘာမှမတတ်နိုင်လို့အားငယ်ကြောင်း၊ သူ ပြန်ကျန်းမာပြီးအလုပ်လုပ်နိုင်တဲ့အခါအမေကို မပင်ပန်းစေရဘူးလို့ ပြောပါတယ်။အဘွားရင်ကတော့ သားအတွက် ကြိုးစားမယ်လို့ ပြောပါတယ်။




သာမန်လူငယ်တွေတောင် မမနိုင်တဲ့အလေးအပင်ကိုအဘွားရင် မနိုင်တာ၊ ဆင်းရဲပင်ပန်းခြင်းကို ခံနိုင်ရည်ရှိတာဟာ သားဖြစ်သူပေါ်ထားရှိတဲ့ မိခင်ရဲ့ မေတ္တာစွမ်းအားကြောင့် ဖြစ်တယ်လို့အစီအစဉ်တင်ဆက်သူက ပြောဆိုပြီး ရုပ်သံစပွန်စာ King Power က ဆေးဖိုးဝါးခ ဘတ် ၅၅၅၀၀ ဆုချီးမြှင့်ကြောင်း၊အဘွားရင် တင်ရှိနေတဲ့အကြွေး ၈၀၀၀ ကိုလည်း တာဝန်ယူပေးမယ်လို့ ပြောပါတယ်။ဒါ့အပြင်အဘွားရင်က မုန့်ပေါင်းအိုးတလုံး လိုချင်တယ်လို့ စုံစမ်းသိရှိရကြောင်း၊ ဒါကြောင့်အဘွားရင် မုန့်လုပ်ရောင်းတာ ပိုပြီးအဆင်ပြေစေဖို့ လျှပ်စစ်ပေါင်းအိုးတလုံးကိုပါအပိုဆု ပေးလိုက်ပါတယ်။ဆုရပြီး နောက်တနေ့မှာအဘွားရင်က သားဖြစ်သူကို ဆေးရုံထပ်သွားပြခဲ့ရာမှာ ဆရာဝန်က တဖြည်းဖြည်း နေပြန်ကောင်းသွားမှာပါလို့ ပြောတဲ့အတွက်အဘွားရင်ကအကြွေးလည်းကြေ၊ သားကိုလည်း ဆေးကုရလို့ ရုပ်သံအစီအစဉ်ကို ကျေးဇူးတင်ပြီး ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူးလို့ ပြောသွားပါတယ်

DVB




Some text some message..