
ကလေးအသက်သုံးလအတွင်းမှာ လိုအပ်သမျှအာဟာရဓာတ်တွေကို မိခင်နို့နဲ့ နို့မှုန့်တွေကပေးပါလိမ့်မယ်။ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေမှာအစာစားခြင်း၊အာဟာရ ဖြစ်စဉ်လည်း ဆင့်ကဲတိုးတက်လာပါတယ်။ မိခင်နို့ ဒါမှမဟုတ် နို့မှုန့် တိုက်ကျွေးရင် တခြားအစားအစာတွေကျွေးစရာမလိုပါဘူး။ ကျွေးလို့လည်းမရသေးပါဘူး။ သင့်ကလေးအသက်၁လကနေ ၃လအထိအာဟာရဓာတ်ပြည့်ဝအောင် ဘယ်လိုမျိုးကျွေးမွေးပြုစုရမလဲဆိုတာနဲ့ ပတ်သက်ပြီးဒီဆောင်းပါးမှာဖော်ပြပေးထားပါတယ်။
သင့်ကလေးကို တနေ့ဘယ်နှကြိမ် မိခင်နို့တိုက်ကျွေးသင့်သလဲ။ ဘယ်လောက် တိုက်သင့်သလဲ။
မွေးပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာ သင့်ကလေးကို နို့တိုက်ဖို့လိုတဲ့အကြိမ်ရေနည်းလာပြီး ညဖက်တွေမှာလည်း ပိုအိပ်လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ သင့်ကလေး ကြီးထွားဖွံ့ဖြိုးနေတဲ့အချိန်ကာလမှာအာဟာရပြည့်စေဖို့အထူးဂရုစိုက်ရပါမယ်။ တစ်နေ့ကို ၆ကြိမ်မှ ၈ကြိမ်အထိ နို့တိုက်ပါ။အနှီးစိုတွေကိုလည်း မှန်မှန်လဲပေးပါ။ တကယ်လို့ ကလေးက နို့မဝဘူးဆိုရင် နို့တိုက်ပြီးတာတောင် တောက်လျှောက်ငိုနေမှာ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြလာရင်တော့ ကလေးဆရာဝန်ဆီသွားရောက်ပြသအကြံဉာဏ် တောင်းခံရမှာပဲ ဖြစ်ပါတယ်။အသက်တစ်လပြည့်ပြီးတဲ့နောက်မှာ ဝမ်းသွားတဲ့အခေါက်ရေလည်း နည်းသွားပါလိမ့်မယ်။အရင်ကလို နို့တိုက်ပြီးတာနဲ့ ဝမ်းသွားတာမျိုးရှိမှာမဟုတ်တော့ဘဲ နေ့တိုင်းတောင် ဝမ်းသွားချင်မှ သွားပါလိမ့်မယ်။ ဒါပေမယ့် သုံးလေးရက်လောက်ထိ ဝမ်းလုံးဝမသွားဖူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ဒီလိုအချိန်မျိုးမှာ ကလေးဟာခါတိုင်းထက်ပိုပြီး နို့တောင်းပါလိမ့်မယ်။ ဒီလို နို့တောင်းရင် သဘာဝအရမိခင်ရဲ့ ခန္ဓာကိုယ်ကနေလည်း နို့ရည်တွေကို ထွက်ရှိစေပါလိမ့်မယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ကလေးငယ်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး မိခင်ရဲ့ ခန္ဓာကိုယ်က နို့ရည်ထွက်ရှိမှုကိုအလိုအလျောက် ထိန်းညှိပေးသွားပါလိမ့်မယ်။ ကလေးအတွက် နေရောင်ခြည်ကရရှိတဲ့အပူနွေးနဲ့အလင်းကအကောင်းဆုံးသောအကျိုးသက်ရောက်မှုကိုပေးပါလိမ့်မယ်။၂လသား ကျော်လာတဲ့အခါ ဆရာဝန်ရဲ့ လမ်းညွှန်မှုနဲ့အတူ ကလေးငယ်ကို သစ်သီးဖျော်ရည်၊ ရေဒါမှမဟုတ် တခြားဖြည့်စွက်စာတွေကိုအရည်ပုံစံနဲ့ စတင်တိုက်ကျွေးနိုင်ပါပြီ။
သင့်ကလေးကိုတစ်နေ့ဘယ်နှကြိမ် နို့မှုန့်တိုက်ကျွေးသင့်သလဲ။ ဘယ်လောက် တိုက်သင့်သလဲ။
နို့မှုန့်ကို သင့်ကလေးအသက်တစ်လကျော်မှ စပြီး တိုက်သင့်တယ်လို့ ကလေးဆရာဝန်တွေကအကြံပြုထားကြပါတယ်။အခုခေတ်မှာ ဈေးကွက်ထဲရရှိနိုင်တဲ့ နို့မှုန့်တွေဟာ ကလေးတွေရဲ့အာဟာရလိုအပ်ချက်အားလုံးနဲ့ ကိုက်ညီမှုရှိစေဖို့အတွက် မိခင်နို့နဲ့ တူနိုင်သမျှတူအောင် ဖန်တီးထုတ်လုပ်ထားကြတာပဲ ဖြစ်ပါတယ်။ ကလေးရဲ့အစာအိမ်ဟာသေးငယ်သေးတဲ့အတွက် နို့ပမာဏအနည်းငယ်ပဲ ထိန်းထားနိုင်မှာဖြစ်ပြီး နို့မှုန့်ကိုအစာချေနှုန်းဟာလည်းနှေးတဲ့အတွက် သင့်အနေနဲ့ မိခင်နို့တိုက်တဲ့ ကလေးတွေလောက်အကြိမ်ရေများများတိုက်စရာလိုမှာမဟုတ်ပါဘူး။ ကလေးငယ်ဟာအသက်နှစ်လအထိ နို့ဘူးကိုများများ ပိုစို့နိုင်မှာ ဖြစ်တဲ့အတွက် နို့တိုက်ချိန်ဟာလည်း တချိန်နဲ့ တချိန်အတော်ကြာကြာခြားပါလိမ့်မယ်။ ညဖက်တွေမှာလည်း ပိုပြီးအိပ်ပါလိမ့်မယ်။ တစ်ခါကျွေးရင် လေးငါးအောင်စ ပမာဏလောက် တိုက်ကျွေးရပါမယ်။အသက်သုံးလလောက် ရောက်တဲ့အထိ တစ်ခါကျွေးပမာဏဟာတိုးလာနိုင်ပါသေးတယ်။ နို့ဘူးနဲ့ နို့မှုန့်တိုက်တာဟာ မိခင်နို့တိုက်တာထက် ပိုလွယ်ကူသက်သာတယ်ဆိုပေမယ့် နို့သီးခေါင်းအရွယ်အစားကိုတော့ သင့်ကလေးအတွက် မှန်ကန်စွာရွေးချယ်အသုံးပြုရပါမယ်။ ဒါမှသာကလေးအနေနဲ့ ဖြည်းဖြည်းမှန်မှန် စို့နိုင်မှာဖြစ်ပြီး သီးတာ၊ နင်တာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သီးတာ၊ နင်တာတွေဟာ နားထဲပိုးဝင်တာ၊ သွားပိုးစားတာတွေကိုအထိတောင် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သတိထားဖို့ကကလေးတိုင်းရဲ့ လိုအပ်ချက်ဟာ တစ်ဦးနဲ့တစ်ဦးကွက်တိတူကြမှာမဟုတ်ဘဲ သူတို့ရဲ့ကိုယ်ပိုင်အစားအစာလိုအပ်ချက်တွေ ရှိကြမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးအစာစားတာ/နို့စို့တာနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ရမှာပဲ ဖြစ်ပါတယ်။
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။