မွေးလာတဲ့ကလေးက ပေါင်ချိန်လွန်နေရင် သို့မဟုတ် တအားဝနေရင် ဘာတွေဖြစ်လာနိုင်လဲ။
မွေးကင်းစကလေးတွေရဲ့ ပုံမှန်ပေါင်ချိန်ဟာ ၇ ပေါင် ၁၁အောင်စ ဖြစ်ပါတယ်။
မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၅ ပေါင် ၈အောင်စအောက်နည်းနေတယ်ဆိုရင် ထိုကလေးငယ်ကို ပေါင်ချိန်မပြည့်တဲ့ကလေးငယ် (Low birth weight infant) လို့သတ်မှတ်ပါတယ်။
တကယ်လို့ မွေးကင်းစကလေးငယ်ရဲ့ ပေါင်ချိန်ဟာ ၈ ပေါင် ၁၃အောင်စ ထက်များနေတယ်ဆိုရင်တော့ ထိုကလေးငယ်ကို ပေါင်ချိန်လွန်တဲ့ကလေး သို့မဟုတ် ပုံမှန်အရွယ်အစားထက် ကြီးတဲ့ကလေး (Big baby) လို့သတ်မှတ်ပါတယ်။
ပေါင်ချိန်လွန်တဲ့ ကလေး၊အရွယ်အစားကြီးတဲ့ ကလေးမွေးလာရင် ကျန်းမာရေးဗဟုသုတနည်းတဲ့ မိခင်ဖခင်အများစုက ပျော်တတ်ကြပါတယ်။
ကိုယ့်ကလေးက သူများကလေးထက်ကြီးတယ်၊ ထွားတယ် ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုပြီး ဂုဏ်ယူတတ်ကြပါတယ်။
တကယ်တော့ ပေါင်ချိန်လွန်၊အရွယ်အစားကြီးတဲ့ ကလေး (Big baby) မွေးလာတာဟာ ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးလာသလိုပဲ ဆိုးကျိုးတွေရှိပါတယ်။
ကလေးက ပုံမှန်ထက်အရွယ်အစားကြီးတာကြောင့် မွေးတဲ့အခါမှာ မွေးရခက်တာ၊ မွေးချိန်ကြာတာ၊ လေစုပ်၊ ညှပ်ဆွဲမွေးရတာ မျိုးတွေဖြစ်နိူင်ပါတယ်။
ဒီအခါ မိခင်ရဲ့မွေးလမ်းကြောင်းစုတ်ပြဲမှုများပြီး သွေးဆင်းများတာ၊ ကလေးခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ကလေးပခုံးအဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။
အများအားဖြင့်တော့ ကလေးကြီး (Big baby) တွေဟာ ရိုးရိုးမွေးရလေ့မရှိတတ်ဘဲ ခွဲမွေးရလေ့ရှိတတ်ပါတယ်။
အောင်အောင်မြင်မြင်မွေးပြီးလို့ မိခင်ဝမ်းအပြင်ရောက်တဲ့အခါမှာ ကလေးကြီးအတော်များများဟာ သွေးတွင်းသကြားဓါတ် ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။
သွေးတွင်းသကြားဓါတ်အလွန်အမင်းကျတာကိုအချိန်မှီမသိ ကုသမှုမခံယူပါကအသက်ဆုံးရှုံးသည်အထိအန္တရာယ် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မွေးပြီးပြီးချင်းမှာ သွေးတွင်းသကြားဓါတ်ကို ဖောက်စစ်ဖို့လိုပြီး စောင့်ကြည့်မှုတွေလုပ်ကာ လိုအပ်သလို သွေးတွင်းသကြားဓါတ်ကို စစ်နေဖို့လိုပါတယ်။
မွေးပြီးနာရီဝက်အတွင်းမှာ မိခင်နို့တိုက်ဖို့ လိုပါတယ်။
ဒါ့အပြင် ကလေးကြီးတွေဟာအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပါလာနိုင်သလို၊အသားဝါဝင်နိုင်ခြေလည်း များပါတယ်။
နောက်ပိုင်းမှာလည်းအသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ပေါင်ချိန်လွန်၊အရွယ်အစားကြီးတဲ့ ကလေးမွေးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့
– ဆီးချိုရောဂါအခံရှိတာ
– ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တာ
– ကိုယ်ဝန်ဆောင်ချိန်အဝလွန်တာ
– ခန့်မှန်းမီးဖွားရက်ထက် တပတ် သို့မဟုတ် နှစ်ပတ် ကျော်ပြီးမှမွေးတာ
–အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ရတာ
–အရင်ကအရွယ်အစားကြီးတဲ့ ကလေးမွေးဖူးတာ စသဖြင့်အကြောင်းတွေအများကြီးရှိပါတယ်။
အရွယ်အစားကြီးတဲ့ ကလေးမွေးနိုင်ခြေနဲအောင်အောက်ပါအချက်တွေကို ဂရုစိုက်လိုက်နာဖို့အကြံပေးချင်ပါတယ်။
– ကိုယ်ဝန်အပ်ပါ။
–အပ်တဲ့ဆီကချိန်းတိုင်း မှန်မှန်ပြပါ။
– ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုမတက်အောင် ဂရုစိုက်ပါ။
–အဝမလွန်ပါစေနဲ့။ ကိုယ်အလေးချိန်ကို ထိန်းပါ။
– ကိုယ်ဝန်ဆောင်ချိန်မှာအသား ငါး ဟင်းရွက်မျှတအောင် စားပါ။
– ကလေးတအားထွားအောင်ဆိုပြီးအလွန်အကျွံ စားတာမျိုးမလုပ်ပါနဲ့။
–အချိုများတဲ့အစားစားတွေ၊ ဆီေြက်ာတွေ၊ ရယ်ဒီမိတ်အသင့်စားအစားစာတွေအချိုရည်တွေကိုရှောင်ပါ။
Dr 528