
မဥမ္မာဝင်းနှင့် မဇာရီဝင်းတို့ကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအဖွဲ့၏ 'ကင်ဆာကင်းစင်ကမ္ဘာဖန်တီးဖို့ လူငယ်အားလုံး လက်တွဲဆောင်ရွက်ကြပါစို့'အခမ်းအနားတွင် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့
မဥမ္မာဝင်းနှင့် မဇာရီဝင်းတို့ကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအဖွဲ့၏ 'ကင်ဆာကင်းစင်ကမ္ဘာဖန်တီးဖို့ လူငယ်အားလုံး လက်တွဲဆောင်ရွက်ကြပါစို့'အခမ်းအနားတွင် တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့
ကင်ဆာဒဏ်သင့်ပေမဲ့ ရွှေရောင်နှင်းဆီနဲ့အတူ ပြန်လည်လှပခဲ့ကြတယ်
နှစ်လိုဖွယ်အပြုံးနဲ့ ခင်မင်ဖော်ရွေတတ်တဲ့ စိတ်နေသဘောထားကြောင့် သက်လတ်ပိုင်းအရွယ် မဥမ္မာဝင်းဟာ လွန်ခဲ့တဲ့တစ်နှစ်က ပြင်းထန်တဲ့ ရောဂါတစ်ခုကို ခုခံတွန်းလှန်နိုင်ခဲ့သူရယ်လို့ မထင်ရပါဘူး။၂ဝ၁၈ ခုနှစ် မေလက သူ့မှာအူမကြီးကင်ဆာ စတင်ခံစားနေရတာကို သိခဲ့ရပါတယ်။အဲဒီအချိန်က သူဟာအသက် ၃၅ နှစ်သာ ရှိပါသေးတယ်။ ပြီးတော့ သူ့မှာ တွယ်တာစရာအသက်တစ်နှစ်နဲ့သုံးလအရွယ် သားလေးတစ်ယောက်လည်း ရှိနေပြန်ပါသေးတယ်။
မိခင်ရဲ့စောင့်ရှောက်မှုကိုအပြည့်အဝလိုအပ်နေသေးတဲ့ နို့စို့အရွယ်သားလေးကြောင့်ပဲ ကင်ဆာရောဂါရဲ့ မမျှော်လင့်ဘဲ ရုတ်တရက်ထိုးစစ်ဆင်မှုကို ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။ ဆေးကုသမှုကို တိတိကျကျ လိုက်နာပြီးလို့ ဒုတိယအကြိမ် ပြန်လည်ဆေးစစ်တဲ့အခါမှာတော့ သူ့ရဲ့ဆေးစစ်ချက်အဖြေက ရလဒ်ကောင်းနေခဲ့ပါတယ်။
''ဖြစ်တဲ့အချိန်မှာအသက်လည်း ငယ်သေးတယ်။ ကလေးကိုလည်း တစ်ယောက်တည်း မထားခဲ့နိုင်သေးဘူး။အမျိုးသားကလည်းအဝေးမှာဆိုတော့ ကလေးဒုက္ခရောက်မှာကိုအရမ်းကြောက်တယ်။အဓိကကတော့ ကိုယ့်ကလေးရဲ့ တွန်းအားပေါ့။ သူ့ကိုစိတ်ပူပြီး ကိုယ့်ဘာသာကိုယ်အားတင်းပြီး ဆေးကုတာ''လို့ ဆေးရုံမှာ ခွဲစိတ်ကုသမှုအပြီး ချုပ်ရိုးအနာကျက်တာနဲ့ လုပ်ငန်းခွင်ပြန်ဝင်ခဲ့တဲ့ မဥမ္မာဝင်းက ပြောပါတယ်။မြန်မာပလာဇာမြေညီထပ်မှာ ဖွင့်ထားတဲ့ သူ့ရဲ့ရုံးခန်းလေးထဲမှာ ဆေးရုံက ဆင်းလာပြီးကတည်းက သွက်သွက်လက်လက်အလုပ်လုပ်နေခဲ့တာ ခုချိန်ထိပါပဲ။
phi1.jpg

အူမကြီးကင်ဆာကိုအံတုနိုင်ခဲ့သူ မဥမ္မာဝင်း။ ဓာတ်ပုံ – ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
အူမကြီးကင်ဆာကိုအံတုနိုင်ခဲ့သူ မဥမ္မာဝင်း။ ဓာတ်ပုံ – ရှင်မိုးမြင့်/မြန်မာတိုင်း(မ်)
သူဟာ ရောဂါလက္ခဏာကို ၂ဝ၁၈ ခုနှစ်သကြင်္န်ကာလမှာ စတင်ခံစားခဲ့ရပါတယ်။အစာစားပြီးတိုင်း မခံမရပ်နိုင်အောင် ဗိုက်နာတတ်ပြီး ဝမ်းခဏခဏပျက်တဲ့အတွက်အစာအိမ်ဆရာဝန်နဲ့ ပြသပြီးအစာအိမ်ဆေး တွေသောက်ပေမဲ့လည်း တစ်လကြာတဲ့အထိ မသက်သာပါဘူး။အလုံမြို့နယ်က မှုခင်းဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းအောင်က သူ့ကိုမှန်ပြောင်းကြည့်ဖို့ ညွှန်ကြားခဲ့ပြီးနောက်အစာအိမ်ကို မှန်ပြောင်းကြည့်တဲ့အခါမှာ ကင်ဆာမှန်းသေချာစေတဲ့အသားလုံးကို တွေ့ရှိခဲ့ပါတယ်။ ကင်ဆာရဲ့အဆင့်ကိုသိဖို့အတွက်အသားစယူတဲ့အခါအဆင့်က တစ်နှင့်နှစ်ကြားမှာဖြစ်နေတဲ့အတွက် ခပ်စောစောအဆင့်ဖြစ်တာမို့ ကံကောင်းတယ်လို့ သူက ပြောပါတယ်။
မပြင်းထန်သေးတဲ့အဆင့်ပေမဲ့ ချက်ချင်းခွဲစိတ်မှုမခံယူရင်အူပိတ်သွားနိုင်တယ်လို့ ပြောတာကြောင့် ဘန်ကောက်က Bangpakok 9အပြည်ပြည်ဆိုင်ရာဆေးရုံမှာ laparoscopic appendectomy surgery နည်းနဲ့ ခွဲစိတ်မှုခံယူခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက သင်္ဘောတက်နေတဲ့အတွက် သားလေးကိုတော့ ယောက္ခမအိမ်ကကြည့်ထားရပြီး မဥမ္မာဝင်းရဲ့ဖခင်ကတော့ တစ်နေ့နှစ်ခေါက် မြေးကလေးဆီ သွားရောက်ကြည့်ရှုရပါတယ်။
''သားလေးနဲ့ ခွဲနေတဲ့အချိန် ဆေးရုံတက်နေချိန်မှာလည်း သူ့ကိုပဲ စိတ်ပူပြီးအမြဲတမ်း video call တွေ ပြောဖြစ်တယ်။ ရန်ကုန်ကို မြန်မြန်ပြန်ဖို့အရေးပဲ စိတ်စောနေတယ်။ ကုန်ကျစရိတ်တွေအရမ်းတက်မှာစိုးလို့ ဆေးရုံကနေ မြန်မြန်ဆင်းချင်တယ်။ ဆေးရုံမှာဆို ခွဲပြီးရင် ထပြီးလမ်းလျှောက်နေမှ မြန်မြန်နာလန်ထူတာ။ 'နာ' လည်း သည်းခံပြီးထတယ်။ မြန်မြန်အနာကျက်အောင် ဆေးရုံစကြøလမ်းမှာ လမ်းထလျှောက်တယ်'' လို့ သူကပြောပါတယ်။
ခွဲစိတ်မှုအတွက် ဆေးရုံမှာ သုံးရက်သာနေဖို့ စီစဉ်ထားပေမဲ့ ပန်ကရိယကိုထိသွားတဲ့အတွက် ခြောက်ရက်နေခဲ့ရပါတယ်။ရန်ကုန်ရောက်တော့ ၄၅ ရက်အတွင်းမှာ chemotherapy (ကင်ဆာဆေးသွင်းကုသမှု)ကို six cycle (တစ်ခါဆေးသွင်းလျှင် နှစ်ပတ်ဆက်တိုက် သွင်းရပြီးအားလုံး ၁၂ ကြိမ်) သွင်းရပါတယ်။အကျိုးအမြတ်မယူတဲ့ လူမှုအသင်းအဖွဲ့တစ်ခုဖြစ်တဲ့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းနဲ့ ချိတ်ဆက်မိပြီး ၁၂ ကြိမ်စလုံးကိုအဲဒီမှာပဲအခမဲ့ ဆေးသွင်းနိုင်ခဲ့ပါတယ်။
ရွှေရောင်နှင်းဆီကင်ဆာဖောင်းဒေးရှင်းကို ၂ဝ၁၃ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကုသဖို့ခက်ခဲတဲ့သူတွေအတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့ပါတယ်။ ဖောင်ဒေးရှင်းကို ကင်ဆာရောဂါမှ လွန်မြောက်လာသူများ၊ ကင်ဆာရောဂါဝေဒနာရှင်များရဲ့ မိသားစုများနဲ့ ကင်ဆာဆရာဝန်ကြီးများနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။အဖွဲ့ရဲ့တည်နေရာကတော့အမှတ် ၁ဝ၆၊ ၄၉ လမ်း (အနော်ရထာနှင့် မဟာဗန္ဓုလကြား)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။
''ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ကင်ဆာဆရာဝန် ဒေါ်ယဉ်ယဉ်ထွန်း ကျေးဇူးတွေအများကြီးပဲ။ ကုန်ကျစရိတ်မယူတဲ့အပြင် သောက်ရမယ့်ဆေးတွေကိုပါအခမဲ့ပေးတယ်'' လို့ မဥမ္မာဝင်းက ပြောပါတယ်။ဒါကြောင့် သူဟာ ကင်ဆာဝေဒနာခံစားနေရသူတွေနဲ့ တွေ့တဲ့အခါ ရွှေရောင်နှင်းဆီကိုသွားဖို့အသိပေးလေ့ရှိပါတယ်။ဆေးသွင်းပြီးရင်အန်တာ၊အစာမစားချင်တာ၊ ခေါင်းတွေတရိပ်ရိပ်နဲ့ မူးလာတာစတဲ့ ဓာတ်ကုထုံးရဲ့ ဒဏ်တွေကိုခံရပေမဲ့ ခဏအနားယူပြီးတာနဲ့ သူကတော့ ညစာတွေကို ထပြီးချက်ပြုတ်တော့တာပါပဲ။
''အဓိကက သားလေးကြောင့်ပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့လည်း မဆုံးချင်သေးဘူး။ ကိုယ့်ရဲ့ ကင်ဆာအဆင့်ကလည်းအစောဆုံးအဆင့်ဆိုတော့ ကိုယ်တိုက်နိုင်တယ်ဆိုပြီး ကြိုးစားတိုက်တယ်။ ကင်ဆာဆေးသွင်း (chemotherapy) ပြီးရင်အစားမစားချင်လည်း ကြိုးစားပြီးစားတယ်။ ဆေးသွင်းပြီးလို့ ညနေအိမ်ပြန်ရောက်ရင် ဟင်းချက်တယ်။ နောက်တစ်နေ့ဆို ရုံးသွားတက်တာပဲ'' လို့ မဥမ္မာဝင်းက ပြောပါတယ်။
''ဘယ်သူ့ကိုမှတော့ လက်မလျှော့စေချင်ဘူး။ ဘာပဲ ဖြစ်နေဖြစ်နေ။အစ်မကသိစမှာအားငယ်ပြီး ဝမ်းနည်းတယ်။ ငွေရေးကြေးရေးကအစ ကုန်မယ်။ သားအတွက် စိတ်ပူပန်မှုလည်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ငွေဘယ်လောက်ကုန်ကုန် လက်မလျှော့ဘဲအသက်ရှင်ဖို့အတွက် နည်းလမ်းကိုတော့ ရှာစေချင်တယ်'' လို့သူက ပြောပါတယ်။၂ဝ၁၇ ခုနှစ် နှစ်စလောက်မှာ မဇာရီဝင်းဟာ ဘယ်ဘက်ရင်သားမှာအကျိတ်တစ်ခုကို စမ်းမိခဲ့ပါတယ်။အဲဒီတုန်းက သူကအသက် ၃၆ နှစ်သာ ရှိပါသေးတယ်။မဇာရီဝင်းဟာ ပုသိမ်ဇာတိသူ ဖြစ်ပါတယ်။အကျိတ်စတွေ့စမှာ သူဟာနီးစပ်သူတွေထဲက ရင်သားမှာအကျိတ်ဖြစ်ဖူးသူတွေကို စုံစမ်းပြီး သူတို့ရဲ့ခံစားချက်တွေကို မေးမြန်းခဲ့ပါတယ်။
''အဲဒီအချိန်မှာအဆီကျိတ်ဆိုရင်တော့ ဘယ်လို၊ ကင်ဆာကျိတ်ဆိုရင်တော့ ဘယ်လိုမျိုးဆိုတာ သိခဲ့ရတယ်။ ကိုယ်က ကျန်းမာရေး ဗဟုသုတလည်းရှိ စိတ်လည်းဝင်စားတော့အကောင်းဆုံး ဘယ်လိုလုပ်သင့်သလဲဆိုတာ ကိုယ့်ဟာကိုယ် စဉ်းစားတယ်။အားယူတယ်။ လမ်းမှန်ကို ရွေးချယ်ပြီး ဆုံးဖြတ်ချက်မြန်မြန်ချနိုင်တယ်။ စိတ်ကိုလည်း တောင့်ထားတယ်'' လို့ မဇာရီဝင်းကပြောပါတယ်။သူ့ရဲ့ရောဂါကိုအတိအကျသိရဖို့အတွက် ရန်ကုန်ကို တစ်ယောက်တည်း တက်လာပြီး ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းဆီကို တန်းသွားခဲ့ပါတယ်။ ဖောင်ဒေးရှင်းကဆရာဝန်တွေက သူ့ကို တိကျတဲ့လမ်းညွှန်မှုတွေ ပေးခဲ့ပါတယ်။
''Mammogram ရိုက်ကြည့်တဲ့အခါ ကင်ဆာမှန်း သိတယ်။ ဆရာဝန်တွေကလည်းအတိအကျ လမ်းညွှန်မှုပေးတယ်။ ငွေကြေးမပြည့်စုံတဲ့သူတွေအတွက်လည်း ဘယ်ဆေးရုံတွေမှာ ကုသရမလဲဆိုတာအကြံပေးတယ်။အစ်မက မဟာမြိုင်ဆေးရုံမှာ ခွဲစိတ်ခဲ့ပါတယ်။ ရွှေရောင်နှင်းဆီက လာတာပါဆိုတော့ ဆရာကြီး ဒေါက်တာဦးဇော်ဝင်းကအခမဲ့ခွဲစိတ်ပေးပါတယ်'' လို့ သူကပြောပါတယ်။မဇာရီဝင်းမှာအသက် ၁၇ နှစ်အရွယ် သမီးငယ်လေးတစ်ဦးရှိပြီး သူအခုလိုဖြစ်တာကိုတော့ ခင်ပွန်းဖြစ်သူတစ်ဦးတည်းကိုသာ ပြောပြခဲ့ပါတယ်။ကိုယ်တိုင်ကလည်း စိတ်ဓာတ်ခိုင်မာသူတစ်ဦးဖြစ်တဲ့အတွက် ဆေးစစ်တာတွေကို ရန်ကုန်မှာ တစ်ယောက်တည်းလုပ်ခဲ့ပြီး ခွဲစိတ်တဲ့အချိန်မှသာ ပုသိမ်က ညီမဖြစ်သူကို လှမ်းခေါ်ခဲ့ပါတယ်။
''အိမ်ပြန်ရောက်တော့ ရင်ဘတ်တစ်ခြမ်း ဖြတ်ခဲ့တယ်လို့ပြောမှအမေတို့ကလည်း သိတယ်''လို့ မဇာရီဝင်းက ပြောပါတယ်။ခွဲစိတ်မှုအပြီးမှာတော့ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှာ ဆေးခြောက်ကြိမ်သွင်းခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၁၅ ကြိမ် ဓာတ်ရောင်ခြည်ပြသခဲ့ပါတယ်။ စုစုပေါင်း ခုနစ်လကြာမြင့်ခဲ့ပါတယ်။ ခုချိန်မှာအသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မဇာရီဝင်းဟာ နှစ်ကြိမ်တိုင် ပြန်လည်စစ်ဆေးခဲ့ရာမှာ ဂုဏ်ထူးထွက်တဲ့အထိ ရလဒ်ကောင်းမွန်ခဲ့တယ်လို့ သူကပြောပါတယ်။
''ရင်သားတစ်ဖက် ဖြတ်ထုတ်လိုက်ရတဲ့အတွက်အဝတ်တွေ ဘာတွေ ညှစ်မိတဲ့အခါ လက်မောင်းတစ်ဖက်က နာတဲ့ဝေဒနာကို ခံစားရပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ စိတ်ထဲက ဝမ်းနည်းမိတယ်။ ဒါပေမဲ့ တခြားအမျိုးသမီးတွေလည်း ဒီလိုကျော်ဖြတ်လာတာပဲဆိုတော့အားငယ်စိတ်မျိုး မဖြစ်ရဘူးလို့အသိစိတ် ထည့်ထားတယ်''လို့ သူက ပြောပါတယ်။ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မဇာရီဝင်းဟာ ရောဂါကြောင့် နေပူမရှောင် မိုးရွာမရှောင်လုပ်ရတဲ့အလုပ်ကနေ ထွက်လိုက်ပါတယ်။ ဒါပေမဲ့ ရောဂါအပေါ် စိတ်ရောက်မနေအောင်အပ်ချုပ်သင်တန်းတက်နေပြီးအပ်ချုပ်တဲ့အလုပ်အပေါ်မှာပဲ စိတ်နှစ်ထားမယ်လို့ သူက ဆုံးဖြတ်ထားပါတယ်။
''ဒီလိုရောဂါမျိုးက စောစီးစွာသိနိုင်ပါတယ်။ ကျန်းမာရေးကို လျစ်လျူရှုမထားဘဲ လေ့လာပါ စမ်းသပ်ပါ။ ဖြစ်လာရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ စောစီးစွာ ကုသပါ။အားငယ်စရာ ရှက်စရာလည်း မလိုဘူး''လို့ သူကပြောပါတယ်။
''အသက်ရှင်ဖို့အတွက်ကို ကြိုးစားပြီး ရပ်တည်စေချင်တယ်။ ကုသနိုင်မယ့် ကင်ဆာဖြစ်ရင် သိတာနဲ့ချက်ချင်း ကုသမှုခံယူရမယ်။ မကြောက်နဲ့။ ဆံပင်ကျွတ်တာပဲဖြစ်ဖြစ်၊ ဆေးကြောင့်ပဲဖြစ်ဖြစ် ခံရပေမဲ့အားမလျှော့ပါနဲ့'' လို့ ဘဝတူ ဝေဒနာခံစားရသူတွေအတွက်အားပေးစကား ပြောပါတယ်။