အအေးမိ ချောင်းဆိုးနဲ့ ပန်းနာရင်ကြပ်အတွက် ပူစီနံ
ပူစီနံကိုအင်္ဂလိပ်လို Mint လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Metha longifolia ဖြစ်ပါတယ်။
ပူစီနံပင်ကို ကျွန်တော်တို့မြန်မာတွေအတော်များများသိကြမှာပါ။ တချို့တွေကလည်း ပူစီနံပင်ကို ပူဒီနာပင်လို့လည်း ခေါ်ကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပူစီနံပင်ကိုအမျိုးမျိုးသုံးပါတယ်။
အများအားဖြင့် ဒံပေါက်၊ စမူဆာ စတာတွေနဲ့တွဲစားလေ့ရှိသလို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းချက်တဲ့အခါအသုပ်သုပ်တဲ့အခါ တွေမှာလည်းထည့်သုံးလေ့ရှိပါတယ်။
ရေနွေးထဲကို ပူစီနံပင်ထည့်ပြီး Mint teaအနေနဲ့သောက်တာလည်း ရှိပါတယ်။
ခုနောက်ပိုင်းမှာတော့ Detox water လို့ခေါ်တဲ့ သစ်သီးစိမ်ရည်လုပ်တဲ့အခါမှာလည်း ပူစီနံပင်ကို ထည့်သုံးလာကြပါတယ်။
ပူစီနံပင်ဟာအသုံးဝင်တဲ့နေရာများသလို သူ့ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း များပါတယ်။
ပူစီနံပင်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိသလောက်ပြောရရင်တော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဓါတ်မတည့်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေခြင်း
ပူစီနံမှာ rosmarinic acid ပါတာကြောင့် ရာသီအကူးအပြောင်းမှာ ဓါတ်မတည့်လို့ဖြစ်တတ်တဲ့ Asthma (ပန်းနာရင်ကြပ်) ရောဂါကို သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် ခါးနာ၊ ဒူးနာတာ၊ ပုရွက်ဆိတ်၊ ခါချဉ်၊ ခြင်၊ ပျားစတဲ့အင်းဆက်တွေကိုက်လို့ ရောင်ရမ်းနာကျင်တာ စသဖြင့်ဖြစ်ပါက ပူစီနံပင်ကနေထုတ်ထားတဲ့အဆီ (peppermint oil) ကို လိမ်းပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။
၂။အစာအိမ်နဲ့အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း
ပူစီနံရွက်ဟာအစာကို ကြေစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းမှန်စေပြီးအစာအိမ်နာတာ၊ လေပွတာ၊ လေအောင့်တာ၊ ဝမ်းချုပ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
၃။အအေးမိ၊ ချွဲကြပ်ချောင်းဆိုး၊ လည်ချောင်းနာတွေကို သက်သာပျောက်ကင်းစေနိုင်ခြင်း
ပူစီနံမှာပါတဲ့ မန်သောလ် (Menthol) ဓါတ်ဟာ ချွဲသလိပ်တွေကိုချေဖျက်ပေးနိုင်ပြီး သလိပ်ဟက်ထုတ်ရလွယ်စေကာ ချောင်းဆိုးသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် မန်သောလ်ဓါတ်ဟာ ပူရှိန်းရှိန်းအာနိသင်ရှိတာကြောင့် လည်ချောင်းနာတာကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၄။ ကိုယ်အလေးချိန်ချရာတွင်အထောက်အကူပြုခြင်း
ပူစီနံရွက်ဟာ သွေးတွင်းထဲက မကောင်းတဲ့ ကိုလက်စထရောအဆီဓါတ်တွေကို နည်းစေတဲ့အတွက်
အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ချရာမှာလည်းအထောက်အကူပြုနိုင်ပါတယ်။
၅။ ခံတွင်းကျန်းမာရေး ကောင်းစေခြင်း
ပူစီနံရွက်ဟာ ဘက်တီးရီးယားပိုးသေစေနိုင်တဲ့အာနိသင်ရှိတာကြောင့် ပူစီနံရွက်ဝါးခြင်းဖြင့် ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီး ခံတွင်းရှင်းစေကာ ခံတွင်းအနံ့ဆိုးထွက်ခြင်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွားဖုံးတွေနဲ့လျှာ ကျန်းမာဖို့အတွက်လည်းအထောက်အကူပြုပါတယ်။
ဒါကြောင့် ခုနောက်ပိုင်းမှာဆိုရင် သွားတိုက်ဆေးတွေ၊ ပလုတ်ကျင်းဆေးရည်တွေစတဲ့ သွားနဲ့ခံတွင်းသုံးပစ္စည်းတွေမှာ ပူစီနံပင်ကရတဲ့အဆီကို ထည့်သွင်းဖော်စပ်လာကြပါတယ်။
၆။ ဦးနှောက်နဲ့အာရုံကြောတွေကို ကောင်းမွန်စေခြင်း
ပူစီနံစားခြင်းဖြင့် ဦးနှောက်နဲ့အာရုံကြောကိုအားကောင်းစေပြီးအသက်ကြီးလာခြင်း စိတ်ဖိစီးစရာများခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ သတိမေ့တတ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။
၇။အသားအရေကို စိုပြေဝင်းပစေခြင်း
ပူစီနံရွက်ကို မကြာခဏစားပေးပါကအသားအရေကို စိုပြေဝင်းပစေပြီး ဝက်ခြံ၊အမဲစက်၊ ဆားဝက်ခြံတွေထွက်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။
၈။ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကျဝေဒနာကို သက်သာစေနိုင်ခြင်း
ပူစီနံရွက်ရဲ့ ရနံ့က စိတ်ပင်ပန်းကြပ်တည်းနေတာကို ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းအောင်အထောက်အကူပေးပါတယ်။ စိတ်ဓါတ်ကျတဲ့အခါ စိတ်ဖိစီးမှုများတဲ့အခါမှာ ပူစီနံရွက်ရေနွေးကြမ်းသောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
Dr သီတာနွယ် (အမရပူရ)