ကီဝီသီးကို စားပေးသင့်တဲ့အကြောင်းရင်း (၆) ခု
yoyarlay.com
|
2019-08-08



ကီဝီသီးလေးတွေကို မကြာခဏစားဖြစ်လား။ ဖျော်သောက်ရင်လည်းအနံ့လေးက လူကိုလန်းဆန်းစေပြီး ချိုချဉ်အရသာနဲ့ ခံတွင်းရှင်းစေပါတယ်။ ကယ်လိုရီနည်းပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ K တို့အပြင် ပိုတက်စီယမ် နဲ့ ဖောလိတ်ဓာတ်တွေအပါအဝင်အရေးပါတဲ့အာဟာရဓာတ်တွေကြွယ်ဝတာက သူ့ရဲ့အားသာချက်ပါ။

အမျှင်ဓာတ်ပါဝင်မှုလည်းမနည်းသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝတဲ့အတွက်အစာခြေစနစ်အတွက်ကောင်းတယ်၊ နှလုံးအတွက်အကျိုးပြုတယ်။ ဒီလိုကောင်းတဲ့အသီးအနှံလေးတွေကိုအခုဆို စူပါမားကတ်တွေမှာ လွယ်လွယ်ကူကူ ရာသီမရွေးရနိုင်နေပြီဆိုတော့ ကျန်းမာရေးအတွက် ဖြည့်စွက်စားသုံးဖို့ မခက်တော့ပါဘူးနော်။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံမှာကအသား၊အသီးအရွက်နဲ့ သီးနှံလေးတွေပါရမယ်ဆိုတာအခြေခံအချက်ပဲမဟုတ်လား။


ကီဝီသီးက ဘာများကောင်းလို့လဲ


ဘာတွေကောင်းလဲသိချင်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၆) ခုကိုအောက်မှာဆက်ပြီးဖတ်ကြည့်လိုက်နော် –

ကိုယ်ခံအားကောင်းစေတယ်


ကီဝီသီးကအရွယ်အစားသာ သေးတာ၊ ကီဝီတစ်လုံးဆိုအနေတော်လိမ္မော်သီးတစ်လုံးလောက်နီးနီး ဗီတာမင် C ပါဝင်ပါတယ်။ ဒီပမာဏဟာအရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏလောက်ရှိပါတယ်။ ဗီတာမင် C က ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ခန္ဓာကိုယ်အတွင်းမှာ ဆဲလ်တွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလိုလည်း လုပ်ဆောင်ချက်ရှိပါတယ်။

ပန်းနာရင်ကျပ်သက်သာစေတယ်


ကီဝီသီးမှာပါတဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ပန်းနာရင်ကျပ်ရှိသူတွေအတွက်အကျိုးပြုပါတယ်။ ၂၀၀၀ ခုနှစ်က သုတေသနတစ်ခုအရ ကီဝီအပါအဝင် လတ်ဆတ်တဲ့အသီးအနှံတွေ ပုံမှန်စားသုံးတဲ့သူတွေမှာအဆုတ်ရဲ့လုပ်ဆောင်ချက်ပိုကောင်းစေတာတွေ့ရပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့အသက်ရှူသံတရွှီရွှီဖြစ်နေတာတွေကိုပါ ကီဝီသီးက သက်သာစေနိုင်ပါတယ်။

အစာကြေစေတယ်


ကီဝီသီးနှစ်လုံးစာ တစ်ပန်းကန်မှာအမျှင်ဓာတ် (၄) ဂရမ် ပါဝင်ပြီးအုတ်ဂျုံတစ်ပန်းကန်လုံးစာနဲ့ ညီမျှပါတယ်။အခွံပါစားမယ်ဆိုရင်အမျှင်ဓာတ်ပိုပြီးရနိုင်ပါတယ်နော်( ကီဝီသီးမှည့်ကိုအခွံပါ တစ်လုံးလုံးစားလို့ရပါတယ်)။အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်တင်းတိမ်စေပြီးအလွန်အကျွံမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ကီဝီသီးမှာပါတဲ့ actinidinအင်ဇိုင်းကြောင့် ခန္ဓာကိုယ်တွင်း ပရိုတင်းဖြိုခွဲမှုမှာအကူအညီပေးပြီးအစာခြေစနစ်ကိုအထောက်အပံ့ပေးပါတယ်။

သွေးတိုးကျစေတယ်


ကီဝီနှစ်လုံးစာမှာအနေတော်ငှက်ပျောသီးတစ်လုံးရဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှတဲ့ပမာဏ ပါရှိပါတယ်။ သူ့ရဲ့ပိုတက်စီယမ်ကြွယ်ဝမှုကြောင့် သွေးဖိအားကို ကျစေနိုင်တယ်။ ၂၀၁၁ ခုနှစ်က သုတေသနအရ တစ်နေ့ကို ကီဝီသီး (၃) လုံးစားတဲ့သွေးတိုးရှိသူတွေဟာ လေ့လာမှုကာလအပြီးမှာ သွေးဖိအားကို ထိန်းနိုင်တာကိုတွေ့ရပါတယ်။

မျက်စိအားကောင်းစေတယ်


ကီဝီသီးမှာ lutein နဲ့ zeaxanthin တို့ပါဝင်မှုများပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခရမ်းလွန်ရောင်ခြည်၊ စီးကရက်ငွေ့နဲ့ လေထုတ်ညစ်ညမ်းမှုတို့လိုအရာတွေကြောင့် မျက်စိထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးခဲပိတ်ဆို့မှုကို ကာကွယ်ပေးတယ်


ကီဝီသီးက သွေးကျဲစေတဲ့အာနိသင်ပါရှိလို့ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်းနဲ့ တခြားအရေပြားပြဿနာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။




ကီဝီကိုအရင်က စားလေ့မရှိဘူးဆိုရင် ကိုယ်စားသုံးမယ့်သီးနှံစာရင်းမှာအခုပဲထည့်ထားလိုက်ပါတော့။အသီးအနှံလေးတွေမှာ မတူညီတဲ့ပါဝင်မှုပမာဏနဲ့အာဟာရဓာတ်မျိုးစုံပါဝင်ကြတာကြောင့်အသီးတစ်မျိုးတည်းကို ကြာရှည်စားနေတာထက်အပြောင်းအလဲလေးတွေစားကြည့်ပါ။


Ref: Helloဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win




Some text some message..