အရေပြားဆိုတာဟာလည်း ၃၂ ကောဋ္ဌာသဝင်အင်္ဂါအစိတ်အပိုင်း တစ်ခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောတွေကို သညာအရ သိပေမယ့်အရေပြားတစ်ထောက်အလှအပကို မက်မောကြတာလည်း ရှိကြသပေါ့။ ဒါပေမယ့်လည်း ရှောင်လွှဲမရတဲ့ ဗျာဓိသဘောအတိုင်းအင်္ဂါအစိတ်အပိုင်းတိုင်းက ကင်ဆာဆိုတာနဲ့ မကင်းလေတော့အရေပြားမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။ ဖြစ်တာမှအမျိုးအစားတွေ ကွဲပြားပြီးအမျိုးအမည်တွေအများကြီး ရှိတတ်ပါတယ်။အဲဒီထဲကမှ Melanoma လို့ခေါ်တဲ့အရေပြားကင်ဆာကတော့အဆိုးရွားဆုံးအဖြစ် လူကို ဒုက္ခပေးပါတယ်။ ဒီရောဂါကအသားအရောင်ကို ဖြစ်ပေါ်စေတဲ့ Melanin ဆိုတဲ့အရောင်ထုတ်ပေးတဲ့အရေပြားဆဲလ်တွေမှာ ကင်ဆာဖြစ်လာတာမျိုးပါ။အရေပြားတင်မက မျက်လုံးနဲ့အူတွေမှာပါ တွေ့ရတတ်ပါသေးတယ်။အဖြစ်များတာကတော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေကနေ ပြောင်းလဲပြီး ဖြစ်တာပါ။ ဒါကြောင့် မှဲ့လေးတွေက သာယာချင့်စဖွယ်ဖြစ်သလိုအန္တရာယ်လွယ်ထားရသလိုပဲဆိုတဲ့အသိလေးလည်း ရှိကြစေချင်ပါတယ်။ ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းအတိအကျကို ပြောရခက်ပေမယ့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာက ဖြစ်နိုင်ခြေအများဆုံးလို့ ယူဆကြပါတယ်။ နေရောင်ခြည်ထဲကသာမက လိမ္မော်ဝါရောင် မီးချောင်းတွေနဲ့ ထိတွေ့ရတဲ့အရေပြားတွေမှာလည်းအန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။အသက် ၄၀အောက်အမျိုးသမီးတွေမှာအတွေ့ရများတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကင်ဆာအဖြစ် ပြောင်းလဲလာမယ့်အရေပြားရဲ့ လက္ခဏာတွေကို ကြိုတင်သတိထားမိသူ တွေအဖို့တော့ စောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်ပါတယ်။ Melanoma ကင်ဆာကတစ်ကိုယ်လ ုံးဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။အထူးသဖြင့် နေရောင်အထိများတဲ့ ကျော၊ ခြေ၊ လက်နဲ့ မျက်နှာတွေမှာအဖြစ်များပါတယ်။ ခြေဖဝါး၊ လက်ဖဝါးနဲ့ ခြေသည်း၊ လက်သည်းအောက်လို နေရောင်ခြည်နဲ့အထိအတွေ့ သိပ်မများတဲ့ နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။အသားအရောင်မရွေး ဖြစ်တတ်တဲ့ ရောဂါပါပဲ။ ရှေးဦးလက္ခဏာတွေ ဒီအရေပြားကင်ဆာရဲ့ ပထမဦးဆုံးလက္ခဏာတွေကတော့ - – ရှိနေတဲ့မှဲ့မှာအပြောင်းအလဲတွေ ဖြစ်လာတာ – ပုံမှန်အရေပြားမှာအရောင်ပြောင်းလာတာ၊ ပုံမှန်မဟုတ်တဲ့အပြောင်းအလဲတခုခု ဖြစ်လာတာတွေပါပဲ။ တခုသိထားဖို့ကအမြဲတမ်း မှဲ့ကနေပေါ်လာတာမဟုတ်ဘဲ ပုံမှန်အရေပြားကနေလည်း ဖြစ်တတ်တယ်ဆိုတာပါ။ ပုံမှန်မှဲ့ဆိုတာ ကင်ဆာအပြောင်းအလဲကိုသိဖို့ ပုံမှန်မှဲ့ရဲ့ သဘာဝကို သိထားသင့်ပါတယ်။ ပုံမှန်မှဲ့ဆိုတာက ယေဘုယျအားဖြင့်အရောင်တစ်ရောင်တည်းပါ။အညို၊ ဒါမှမဟုတ်အမည်းစသဖြင့်ပေါ့။အနားကပ်လျက်အရေပြားနဲ့ တိတိကျကျအနားသတ်ကလေး ရှိပါတယ်။အဝိုင်း၊ ဒါမှမဟုတ် ဘဲဥပုံတွေ့ရပြီး လက်မတစိတ် (၆ မီလီမိတာ) လောက်အချင်းရှိတတ်ပါတယ်။ ခဲတံဖင်ပိုင်းက ခဲဖျက်လောက်ပေါ့။ တချို့တော့လည်း ဒီထက်ပိုကြီးတာ တွေ့ရတတ်ပြီး တချို့ကအသက်ကြီးမှ ပေါ်လာတတ်သလို တချို့ကျတော့လည်းအလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။ ပုံမှန်မဟုတ်(သို့မဟုတ်) ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ မှဲ့ မှဲ့တစ်ခုမှာ ပုံမှန်မဟုတ်တဲ့အနေအထားတွေရှိရင် ကင်ဆာဖြစ်နိုင်ခြေကို သတိပြုရပါတော့မယ်။အဓိကတွေ့နိုင်တာတွေက ပုံသဏ္ဌာန်မမှန်တာ (ထက်ခြမ်းပုံ ကြည့်ရင် နှစ်ဖက်မညီတာမျိုး)၊အနားသတ်က တိတိကျကျမရှိဘဲ ချိုင့်ကွေးဝင်နေတာ၊အရောင်ပြောင်းလာတာ၊ နဂိုရှိနေတာထက် ပိုကြီးလာတာအစရှိတဲ့အချက်တွေပါပဲ။ တခြားအရေးပါတဲ့အပြောင်းအလဲကတော့ ယားလာတာ၊ သွေးစိမ့်ထွက်လာတာတွေ ဆိုရင် သတိပြုပါ။အရေပြားပေါ်မှာမဟုတ်ဘဲ တခြားနေရာတွေမှာလည်း မှဲ့ကင်ဆာကို တွေ့ရတတ်ပါသေးတယ်။အများအားဖြင့်တော့ လက်သည်းခြေသည်းတွေအောက်မှာ၊ ပါးစပ်၊အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်တွေမှာ၊ မျက်လုံးထဲမှာ စသဖြင့်ပေါ့။ ဖြစ်တန်ရာအကြောင်းတွေအရေပြားကင်ဆာမှာ ခရမ်းလွန်ရောင်ခြည်ကိုအဓိကဖြစ်တန်ခြေရှိတဲ့အကြောင်းလို့ သတ်မှတ်ပေမယ့် တခြားဖြစ်နိုင်ခြေတွေလည်း ရှိနေတာပါပဲ။အသားအရောင်နုတာ၊ ဖြူတာ၊ ဆံပင်နဲ့ မျက်လုံးအနက်ရောင် မဟုတ်သူတွေမှာတော့ နေရောင်ခြည် လောင်ကျွမ်းတာပိုစေလို့ ကင်ဆာဖြစ်နိုင်ခြေပိုပါတယ်။အသားညိုသူ၊ မည်းသူတွေမှာ ကင်ဆာဖြစ်ဖို့အခွင့်အလမ်းနည်းပါသတဲ့။ နေလောင်ခံရတာများတာ၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာ၊အီကွေတာအနီးမှာနေထိုင်တာ၊ ခန္ဓာကိုယ်မှာ မှဲ့တွေများတာ၊ မိသားစုမှာအရေပြားကင်ဆာရှိတာစတဲ့အချက်တွေကအရေပြားကင်ဆာ ဖြစ်နိုင်ခြေများတဲ့အချက်တွေပါ။ ဘယ်လိုတွေ့ရှိတတ်သလဲအရေပြားကင်ဆာဖြစ်နိုင်တဲ့အကြောင်းတွေ ကိုယ့်မှာရှိနေတယ်လို့ သံသယမကင်းရင် ပုံမှန်စစ်ဆေးမှုတွေ ပြုတာကတော့အကောင်းဆုံးပါ။အများအားဖြင့်တော့ ရောဂါလက္ခဏာအရ ဖြစ်စေ၊ တခြားရောဂါကိုစစ်ဆေးရင်းနဲ့ ဖြစ်စေ၊ နှံ့စပ်သေချာတဲ့ ဆရာဝန်တွေက တွေ့ရှိတာသာများပါတယ်။ တချို့လည်း ကိုယ့်မှာရှိနေတဲ့ မှဲ့ရဲ့အပြောင်းအလဲကို သတိပြုမိတာ၊ ကိုယ့်အရေပြားကိုယ်အလှကြည့်နေတတ် သူတွေမှာဆိုရင်လည်းအရေပြားအရောင် ပြောင်းလာတာမျိုးကို သတိပြုမိတာကနေ ကင်ဆာဖြစ်တာကို သိရှိကြရပါတယ်။ သေချာတဲ့နည်းကတော့ သံသယရှိတဲ့အရေပြားအစိတ်အပိုင်းကနေအသားစယူ စစ်ဆေးခြင်းပါပဲ။ ကုသပုံအရေပြားကင်ဆာကိုလည်း တွေ့ရှိတာစောခြင်း၊ နောက်ကျခြင်း၊ သူ့ရဲ့အရွယ်အစား၊အတိမ်အနက်နဲ့ ပျံ့နှံ့မှုပေါ် မူတည်လို့အဆင့်တွေခွဲခြားပြီး ကုသနည်းတွေအမျိုးမျိုးရှိပါတယ်။ ဖြစ်နေတဲ့အစိတ်အပိုင်းလေးကို လှီးဖြတ်တာ၊အဲဒီနေရာကနေ သွားနိုင်တဲ့ သားငန်ရည်ကျိတ်တွေကို ဖယ်ထုတ်တာ၊ ကင်ဆာဆေးတွေ တိုက်ကျွေးကုသတာ၊ ဓာတ်ကင်တယ်လို့ ဆိုကြတဲ့ ဓာတ်ရောင်ခြည်သုံးကုတာအစရှိတဲ့ ကုထုံးတွေကို သုံးကြပါတယ်။အခုနောက်ပိုင်း ထိရောက်တယ်ဆိုပြီး သုံးလာတာက ဇီဝကုထုံးပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကင်ဆာကို တိုက်ဖျက်စေတာပေါ့။ ကင်ဆာနဲ့တူတဲ့ ပစ္စည်းကို ခန္ဓာကိုယ်ကနေ၊ ဒါမှမဟုတ် ဓာတ်ခွဲခန်းမှာ ထုတ်ပြီး လူကိုယ်ထဲထည့်ပေးတဲ့ နည်းပါ။အရေပြားကင်ဆာကစောစောသိ၊ စောစောကုရင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။ ခုနောက်ပိုင်းပေါ်လာတဲ့ ဆေးဝါးတွေဖြစ်တဲ့ Vemurafenib (Zelboraf) နဲ့ Dabrafenib (Tafinlar) ကတော့အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။ ကာကွယ်နိုင်မယ့် နည်းလမ်းတွေအရေပြားကင်ဆာကိုလည်း ဖြစ်နိုင်ခြေများစေတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ကာကွယ်လို့ ရနိုင်ပါတယ်။ နေ့လယ်ပိုင် နေရောင်ခြည်ကို ရှောင်ကြဉ်သင့် ပါတယ်။အထူးသဖြင့် နေရောင်ခြည်အစူးရှဆုံး မွန်းတည့်အချိန်တွေမှာ ခန္ဓာကိုယ်ကို ကြာရှည်ရောင်ခြည် မထိစေတာအကောင်းဆုံးပါပဲ။အဲဒါကလည်း ခရမ်းလွန် ရောင်ခြည်သင့်မှုကို ကာကွယ်ရာရောက်လို့ပါ။ နေရောင်၊အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့အဝတ်အစားတွေ၊အရောင်ရင့်တဲ့ ချည်သားတွေ၊ ဦးထုပ်တွေ ဝတ်ဆင်တာမျိုးပေါ့။အသားအရောင်ကိုအမြဲဂရုစိုက်ပြီးအပြောင်းအလဲတခုခုကြုံတာနဲ့ သတိမူမိတာကလည်း ကောင်းတဲ့ ကာကွယ်နည်းပါ။ မှန်ကြည့်တိုင်း မျက်နှာ၊ လည်ပင်း၊ နားရွက်တွေမှာအရေပြားအရောင်အပြောင်းအလဲကို စောင့်ကြည့်၊ ရင်ဘတ်နဲ့ ကိုယ်လုံး၊ ခြေ၊ လက်တွေကို စစ်ဆေးကြည့်နေတာကလည်း ကာကွယ်နည်းပါပဲ။ မမြင်အပ်တဲ့ နေရာတွေကိုလည်းအဆင်သင့်တိုင်း ကြည့်ရှုစစ်ဆေး သင့်ပါတယ်။အထူးသဖြင့်တော့ လူတွေကို ဆွဲဆောင်နိုင်တဲ့ မှဲ့တွေ နေရာအနှံ့ ပိုင်ဆိုင်ထားလေ ပိုပြီး ဂရုစိုက်ဖို့ လိုလေပါပဲ။ မှဲ့တွေ ပေါ်လာတယ်ဆိုရင် မှဲ့တွေမှာအပြောင်းအလဲ တခုခုရှိလာပြီဆိုရင် ကိုယ့်ဘာသာအဝါကတ်ပြပြီး သေချာတဲ့ စစ်ဆေးမှုတွေ လုပ်သင့်တာကို သတိပြုရမှာပါ။အဲဒီတော့ ကိုယ့်မှာစံပယ်တင် မှဲ့ကလေးများ ရှိနေတယ်ဆိုရင်တော့ သူတပါးရဲ့အားကျမြတ်နိုးမှု၊မိမိဘာသာ ကျေနပ်ရတဲ့အလှအပအတွက်သာမက နောက်ဆက်တွဲ ကင်ဆာမဖြစ်စေဖို့၊ ဖြစ်နေရင်လည်း စောစောသိ၊ စောစောကုနိုင်ဖို့အတွက်အမြဲအရိပ်တကြည့်ကြည့် တသသသာ လုပ်နေပါလို့ တိုက်တွန်းလိုက်ပါတယ်။ Credit : ဒေါက်တာသက်ဦးသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။