ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်များများစားပေးသင့်တဲ့အကြောင်းရင်းများ
သင်ဟာ ဟင်းသီးဟင်းရွက်မကြိုက်သူဖြစ်ပြီး သင့်အမေက သင့်ကို ဟင်းသီးဟင်းရွက်တွေမကြာခဏချက်ကျွေး၊ ကြော်ကျွေး နေတယ်ဆိုရင် စိတ်မညစ်ပါနဲ့။
ဒါဟာ သင်ကောင်းဖို့အတွက် ဖြစ်ပါတယ်။
တကယ်ဆိုရင် ကျွန်တော်တို့တွေဟာ မကြာခဏမဟုတ်ဘဲ ဟင်းသီးဟင်းရွက်တွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေ့စဉ်နေ့တိုင်း စားပေးနေဖို့ လိုအပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။
၁။အဝလွန်ခြင်းကို ကာကွယ်နိုင်ခြင်း
ခုချိန်မှာအဝလွန်ခြင်းပြဿနာကို ကမ္ဘာ့နိုင်ငံအတော်များများမှာ ကြုံတွေ့နေကြရပါတယ်။
ခုခေတ်လူနေမှုပုံစံအရ သွားလာလှုပ်ရှားမှုနည်းကာအထိုင်များလာပြီး စားသောက်မှုပုံစံမှာလည်းအသားကင်တွေ၊အသားခြောက်တွေ၊ ရယ်ဒီမိတ်အစားစာတွေ၊အနံ့အရသာပြုပြင်ပြောင်းလဲထားတာအစားစာတွေ၊ Fast foods ခေါ်အမြန်စာ (ဥပမာ- ဟန်ဘာကာ၊အာလူးကြော် စသဖြင့်) တွေကိုအစားများလာတာကြောင့် ဖြစ်ပါတယ်။
ခုနောက်ပိုင်းဆိုရင်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကိုအဝလွန်ခြင်း ခံစားနေကြရတဲ့ကလေးတွေပိုများလာပါတယ်။
အဝလွန်တာဟာ နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့နာတာရှည်ရောဂါတွေကို ဝင်လာဖို့ ဖိတ်ခေါ်နေသလိုပါပဲ။
သုတေသနလေ့လာမှုတွေအရ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်နေ့တိုင်းစားပေးခြင်းဖြင့် ကိုယ်အလေးချိန်တအားတက်ပြီးအဝလွန်ခြင်းဖြစ်မလာအောင် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
၂။အမျှင်ဓါတ်များစွာပါရှိပြီးအူလမ်းကြောင်းကိုအကျိုးပြုခြင်း
ဟင်းသီးဟင်းရွက်တွေမှာအမျှင်ဓါတ်ပေါများစွာပါရှိတာကြောင့် ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကင်းစေကာအူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။
၃။ စိတ်ဖိစီးမှုကိုလျော့နည်းစေခြင်း
ဟင်းသီးဟင်းရွက်စားခြင်းဖြင့်အူလမ်းကြောင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေကာအူလမ်းကြောင်းကနေ ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုကိုလည်းများလာစေပါတယ်။
ဆီရိုတိုနင်ဆိုတာဟာအာရုံကြောဓါတုပစ္စည်းတမျိုးဖြစ်ပြီး သူများများထွက်ရင် စားကောင်း၊အိပ်ကောင်းဖြစ်ကာ စိတ်ကျေနပ်မှု၊ ပီတိဖြစ်မှုကိုခံစားရပြီး စိတ်ဖိစီးမှု၊ နာကျင်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါဖြစ်ပွားနိုင်မှုကိုလည်း လျော့နည်းစေပါတယ်။
ဆီရိုတိုနင်ကိုအူလမ်းကြောင်းကနေအဓိကထုတ်ပေးပါတယ်။
၄။ ခန္ဓာကိုယ်ရှိအဆိပ်တောက်များကို ဖယ်ရှားပစ်နိုင်ခြင်း
ဟင်းသီးဟင်းရွက်မှာ ရေဓါတ်များစွာပါဝင်တာကြောင့် ရေများများသောက်သလိုပဲ ဟင်းသီးဟင်းရွက်များများစားခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။
၅။အအေးမိတုပ်ကွေးရောဂါ၊ ကင်ဆာရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဓါတ်တွေနဲ့အန်တီအောက်ဆီးဒန့်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကိုမြင့်တက်စေပြီးအအေးမိတုပ်ကွေးရောဂါ၊ ကင်ဆာရောဂါဖြစ်နိုင်ခြေတွေကို လျော့နည်းစေပါတယ်။
၆။အလှအပရေးရာအတွက်အားဖြည့်ပေးခြင်း
အလှကုန်ပစ္စည်းတွေကို သုံးပြီးဖန်တီးယူထားတဲ့အလှအပဟာ သဘာဝအလှမဟုတ်သလို ရေရှည်လည်းမခံပါဘူး။ နာရီပိုင်းလောက်ပဲခံပါတယ်။
သုတေသနပညာရှင်များရဲ့ လေ့လာချက်တွေအရ ပင်ကိုအလှအပဟာ ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှု ဖြစ်စဉ်ပေါ်မှာ များစွာမူတည်နေကြောင်းသိရပါတယ်။
အသားအရေစိုပြေဝင်းပပြီး တင့်တယ်လှပနေဖို့ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့အစားအသောက်တွေပေါ်မှာ များစွာမူတည်ပါတယ်။
အစားအသောက်လို့ဆိုရာမှာ စားလိုက်တဲ့အစားစာတွေလည်းပါသလို သောက်လိုက်တဲ့အရည်တွေလည်းပါပါတယ်။
စားလိုက်တဲ့အစားစာအမျိုးအစားတွေ သောက်လိုက်တဲ့အရည်အမျိုးအစားတွေပေါ်မူတည်ပြီးအသားအရည်စိုပြေဝင်းပလာနိုင်သလိုအသားအရည်မွဲခြောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အရောင်အသွေးစုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားခြင်းဖြင့် ခန္ဓာကိုယ်ကိုအတွင်းပိုင်းကနေအားဖြည့်ပေးနိုင်ပြီးအသားအရည်ကို စိုပြေဝင်းပ စေနိုင်ကြောင်း သုတေသနတွေအရ သိရပါတယ်။
အဝါရောင်နဲ့ လိမ္မော်ရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ခါကြက်ဥ၊ ကန်စွန်းဥ စတာတွေနဲ့
အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ကညွတ်၊ ဘရိုကိုလီ၊ ဂေါ်ဖီထုတ် စတာတွေမှာ ဗီတာမင်စီဓါတ်ကြွယ်ဝစွာပါရှိပြီးအသားအရေတင်းရင်းဖို့လိုအပ်တဲ့ ကော်လာဂျင်တွေဖြစ်လာဖို့ကိုအထောက်အကူပြုပါတယ်။
အနီရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ စတာတွေမှာ လိုင်ကိုပင်း ဓါတ်ကြွယ်ဝစွာပါရှိပြီးအရေပြားကို နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်တွေကြောင့် ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ခရမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ခရမ်းသီး၊ ဘလူးဘယ်ရီသီးနဲ့ စပျစ်သီးမှည့်တွေမှာအန်သိုဆိုင်ယာနင်ဒြပ်ပေါင်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်လို့ ကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ကျစေပြီးအိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။
ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိုသာမကအလှအပအတွက်ကိုပါအထောက်အကူများစွာပြုတဲ့ ဟင်းသီးဟင်းရွက်တွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေ့စဉ်နေ့တိုင်းများများစားပေးကြပါလို့ တိုက်တွန်းအကြံပေးချင်ပါတယ်။
Dr 528