ကလေးတွေမှာအဖြစ်များသော တီဘီပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ
ondoctor.com.mm
|
2019-08-26



ကလေးတွေမှာအဖြစ်များသော တီဘီပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ

ကျွန်တော်တို့ရဲ့ ဦးနှောက် (Brain) ကို Meninges လို့ခေါ်တဲ့အမြှေးပါးအလွှာလေးနဲ့ ဝန်းရံထားပါတယ်။

ဒီဦးနှောက်အမြှေးပါးအလွှာလေးဟာ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်ခံရတာ၊ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်ခံရတာ၊ မှိုပိုး ဝင်ရောက်ကူးစက်ခံရတာ စတဲ့အကြောင်းတွေကြောင့် ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်။

ဦးနှောက်အမြှေးပါးအလွှာကို ရောင်ရမ်းစေတဲ့အကြောင်းရင်းတွေထဲကမှ ဒီတပတ်မှာ တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။ တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းကို ဆေးပညာအရ Tuberculous meningitis သို့မဟုတ် Meningeal tuberculosis လို့ခေါ်ပါတယ်။

ဦးနှောက်အမြှေးပါးကို Mycobacterium tuberculosis လို့ခေါ်တဲ့ တီဘီပိုးဝင်ရောက်ကူးစက်ခံရလို့ ဖြစ်တာပါ။ တီဘီပိုးဟာအများအားဖြင့်တော့အဆုတ်ကိုပဲ ဝင်ရောက်ကူးစက်လေ့ရှိပေမယ့် တခါတရံမှာ ဦးနှောက်အမြှေးပါးဆီကိုလည်း ဝင်ရောက်ကူးစက်နိုင်ပါတယ်။ တိုက်ရိုက်ဝင်ရောက် ကူးစက်တာလည်းရှိသလိုအဆုတ်တီဘီကို သေချာစောစီးစွာမကုသတာကြောင့် တကိုယ်လုံးပျံ့ပြီး ဦးနှောက်အမြှေးပါးဆီကို ရောက်တာမျိုးလည်းရှိပါတယ်။

တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းဟာအကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျနေတဲ့သူတွေ၊ ဘီစီဂျီ (BCG) ကာကွယ်ဆေးထိုးမထားတဲ့ကလေးတွေ၊ တီဘီရောဂါဖြစ်ဖူးတဲ့သူတွေ၊ တီဘီရှိတဲ့သူနဲ့ ထိတွေ့နေတဲ့သူတွေမှာအဖြစ်များတတ်ပြီး စောစီးစွာမကုသပါကအသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်နိုင်ကာ နောက်ဆက်တွဲဆိုးကျိုးတွေလည်းများနိုင်ပါတယ်။

တီဘီရောဂါပိုး ဦးနှောက်အမြှေးပါးဆီ ဝင်ရောက်ကူးစက်ပြီး ရက်သတ္တပတ်အတော်ကြာတဲ့အခါ ရောဂါလက္ခဏာ စပြပါတယ်။

ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့အစပိုင်းမှာဆိုရင် တငွေ့ငွေ့ဖျားပြီး ညနေညနေအဖျားတက်တာ၊ ညဘက်ချွေးထွက်တာ၊အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်သိသိသာသာကျတာ၊အားမရှိသလိုဖြစ်တာ၊ နုံးတာတွေ ခံစားရနိုင်ပြီးနောက်ပိုင်းမှာဆိုရင် ခေါင်းကိုက်တာ၊အလင်းကြောက်တာ၊ ဇက်တောင့်တင်းတာ၊ ထိုးအန်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ဒီလိုတွေဖြစ်လာပါက နီးစပ်ရာဆေးရုံဆေးခန်းအမြန်ဆုံးပြသပြီး တီဘီပိုးကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်း ဟုတ်မဟုတ်သေချာအောင် စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။ လုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ ခါးဆစ်ရိုးနှစ်ခုကြားအပ်ထိုးပြီး ဦးနှောက်နဲ့ ကျောရိုးအာရုံကြောအတွင်း လှည့်ပတ်နေတဲ့အရည်ကို ယူစစ်တာ (Lumbar puncture and Cerebrospinal fluid examination)၊ ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ စီတီစကန် ရိုက်တာ စသဖြင့် လုပ်ရနိုင်ပါတယ်။

ဒီလိုတွေလုပ်ကြည့်လို့ ဟုတ်ခဲ့တယ်ဆိုရင်တော့အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တီဘီပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဟာ ကြာလာတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးနှောက်အာရုံကြောတွေထိခိုက်ပြီး တက်တာ၊ သတိလစ်တာ၊ လေဖြတ်သလိုကိုယ်တခြမ်းမလှုပ်နိုင်တာ၊ ကိုယ်တပိုင်းမလှုပ်နိုင်တာ၊အကြားအာရုံဆုံးရှုံးရတာ၊ ဦးနှောက်တွင်းက ဦးနှောက်နဲ့ကျောရိုးအာရုံကြောအတွင်း လှည့်ပတ်စီးဆင်းနေတဲ့အရည်ကြည် (CSF) လှည့်ပတ်တဲ့လမ်းကြောင်းပိတ်သွားကာ ဦးနှောက်အတွင်းအရည်တွေအများကြီးစုတဲ့ Hydrocephalus ရောဂါဖြစ်တာ စသဖြင့် ဆိုးကျိုးတွေဖြစ်ပြီးအသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ တီဘီဆေးတွေ လချီပြီးသောက်ရတာ၊ စတီးရွိုက်ဆေးတွေသောက်ရတာတွေအပြင် ရောဂါအခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပေါ်မူတည်ပြီး ဆေးရုံတက်ရတာ၊ ဆေးသွင်းရတာ၊ ဦးခေါင်းခွဲစိတ်မှုလုပ်ရတာ၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ကုသမှုခံယူရတာ စသဖြင့် လည်းရှိနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ တီဘီပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဟာ စောစီးစွာမကုသပါက နောက်ဆက်တွဲဆိုးကျိုးတွေများပြီးအသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့အတွက်အထက်မှာဖော်ပြတဲ့ လက္ခဏာတွေခံစားရပါက စောစီးစွာ နီးစပ်ရာဆေးခန်းပြသပါလို့အလေးအနက်ထားထပ်ပြောချင်ပါတယ်။

တီဘီပိုးကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေနည်းအောင် မွေးကင်းစကလေးငယ်တိုင်းကို ဘီစီဂျီ (BCG) ကာကွယ်ဆေး မပျက်မကွက်ထိုးပေးကြပါ။အဆုတ်တီဘီရောဂါဖြစ်နေတဲ့ သူများအနေနဲ့လည်း သေချာပျောက်အောင် စောစီးစွာ ဆရာဝန်နဲ့သေချာပြပါ။ ဆေးပတ်လည်အောင် သောက်ပါလို့လည်း ထပ်ဆောင်းအကြံပေးချင်ပါတယ်။

Dr 528





ကပ္ပာယ်အိတ်ထဲ ဝှေးစေ့မရှိခြင်း


ကလေးမွေးပြီတဲ့အခါမှာ မိဘတိုင်းလိုလိုက မွေးပေးတဲ့ဆရာဝန်၊ သားဖွားဆရာမတွေကို
မေးလေ့ရှိတဲ့မေးခွန်းတခုရှိပါတယ်။ ကလေးက ကိုယ်လက်အင်္ဂါစုံရဲ့လား ဆိုတဲ့မေးခွန်းပါ။
ကိုယ်လက်အင်္ဂါစုံတယ်ဆိုရင် မိဘတွေမှာအတိုင်းမသိကြည်နူးဝမ်းသာရပါတယ်။

သို့သော် ကိုယ်လက်အင်္ဂါစုံတယ်ဆိုတိုင်းအပြီးဝမ်းသာစိတ်ချလို့မရပါ။ တချို့မွေးကင်းစယောက်ျားလေးတွေမှာ ကိုယ်လက်အင်္ဂါစုံပေမယ့်လည်း ကပ္ပာယ်အိတ်ကို စမ်းကြည့်ရင်ကျ ဝှေးစေ့မရှိတာ သို့မဟုတ် ဝှေးစေ့တလုံးပဲရှိတာ မျိုးဖြစ်တတ်ပါတယ်။

ဒီလိုမျိုးဖြစ်တာကို ဆေးပညာအရ Cryptorchidism သို့မဟုတ် Undescended testicle လို့ခေါ်ပါတယ်။ American Urological Associationအဖွဲ့ကြီးရဲ့လေ့လာချက်တွေအရ ကပ္ပာယ်အိတ်ထဲမှာ ဝှေးစေ့လုံးဝမပါခြင်း၊ တလုံးပဲပါခြင်းတွေဟာ နေ့စေ့လစေ့မွေးတဲ့ကလေးတွေမှာဆိုရင်အယောက် ၁၀၀ မှာ ၄ ယောက်နှုန်းဖြစ်နိုင်ပြီး လမစေ့ဘဲစောမွေးတဲ့ကလေးတွေမှာဆိုရင်အယောက် ၁၀၀ မှာအယောက် ၂၀ ကျော်ဖြစ်နိုင်ကြောင်း သိရပါတယ်။

ကပ္ပာယ်အိတ်ထဲ ဝှေးစေ့လုံးဝမပါတာထက် ဝှေးစေ့တလုံးပဲပါတာမျိုးက ပိုအဖြစ်များလေ့ရှိတယ်လို့လည်း ထပ်ပြောထားပါတယ်။ ဝှေးစေ့တွေဟာ ကပ္ပာယ်အိတ်ထဲမှာစတင်ဖြစ်ပေါ်လာတာမဟုတ်ပါ။ သန္ဓေသားရဲ့ ဝမ်းဗိုက်ထဲမှာ စတင်ဖြစ်ပေါ်ပြီး ကိုယ်ဝန် ၈ လလောက်မှာမှ ပေါင်ခြံ(ပေါင်ကြား)အတွင်းထဲမှာရှိတဲ့ Inguinal canal လို့ခေါ်သော ပြွန်လေးကို တဖြည်းဖြည်းဖြတ်သန်းဆင်းကာ ကပ္ပာယ်အိတ်ထဲကိုရောက်ရှိတာပါ။

အဲ့လို တဖြည်းဖြည်းဆင်းတဲ့အခါမှာအကြောင်းတခုခုကြောင့် ဆင်းတာရပ်တန့်သွားတာမျိုးဖြစ်ပါက ကပ္ပာယ်အိတ်ထဲ ဝှေးစေ့လုံးဝမရောက်တာ၊ တလုံးပဲရောက်တာတွေဖြစ်နိုင်ပါတယ်။ ဝှေးစေ့တွေ ဝမ်းဗိုက်ကနေ ကပ္ပာယ်အိတ်ထဲဆင်းခြင်းကို ရပ်တန့်စေပြီး မွေးလာတဲ့အခါမှာ ကပ္ပယ်အိတ်ထဲဝှေးစေ့မရှိခြင်း (Cryptorchidism ) ကိုဖြစ်စေနိုင်သောအကြောင်းရင်းအတိအကျကိုတော့ ရှာမရသေးပါ။

သို့သော် ပညာရှင်များ လေ့လာထားချက်တွေအရ ကပ္ပာယ်အိတ်ထဲဝှေးစေ့မရှိခြင်း၊ တလုံပဲရှိခြင်းတွေဟာ လမစေ့စောမွေးတဲ့ကလေးတွေ ပေါင်မပြည့်တဲ့ကလေးတွေ မိသားစုထဲမှာဒီလိုဖြစ်ဖူးတဲ့ ရာဇဝင်ရှိတဲ့ကလေးတွေ Down’s Syndrome လို မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါပါလာတဲ့ကလေးတွေ ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးလိပ်၊ မူးယစ်ဆေးတွေသုံးခဲ့တဲ့ မိခင်ရဲ့ကလေးတွေ မှာဆိုရင် ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။

ကလေးရဲ့ ကပ္ပယ်အိတ်တွင်းဝှေးစေ့မပါတာ၊ တလုံးပဲပါတဲ့အခါ ကလေးရဲ့ ကပ္ပာယ်အိတ်ဟာပြားနေတာ၊ တဖက်နဲ့တဖက် သိသာစွာမညီတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ သားယောက်ျားလေးမွေးတဲ့အခါ ကလေးရဲ့ကပ္ပာယ်အိတ်ကို သတိထားကြည့်ပြီး ပြားနေတာ၊ တဖက်နဲ့တဖက်သိသာစွာမညီတာတွေ တွေ့ပါက ဆရာဝန်နဲ့ပြသပြီးစမ်းသပ်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ဆရာဝန်က စမ်းသပ်ကြည့်ပြီးလိုအပ်ပါကအာထရာဆောင်းရိုက်တာ၊ သွေးစစ်တာ၊ မျိုးရိုးဗီဇစစ်တာ စသဖြင့်ညွန်ကြားပါလိမ့်မယ်။

ကုသမှုအနေနဲ့ကတော့အများအားဖြင့် ကလေးငယ်အများစုမှာ လအနည်းငယ်ကြာတဲ့အခါ ဝှေးစေ့ဟာ သူ့ဘာသာသူ ပြန်ဆင်းတာမျိုးဖြစ်တတ်တဲ့အတွက် ကလေးအသက်ခြောက်လလောက်ထိ ပုံမှန်စစ်ဆေးမှုလုပ်ပြီး စောင့်ကြည့်တာပဲလုပ်ပါတယ်။ ခြောက်လပြည့်လို့ ဝှေးစေ့ ဆင်းမလာတဲ့အခါကျမှသာ ခွဲစိတ်ကုသတာလုပ်ပါတယ်။

ဟော်မုန်းနည်းနဲ့ကုသတာမျိုးလည်းရှိပေမယ့်အဲ့နည်းကအောင်မြင်နိုင်ခြေနည်းပါတယ်။ ခြောက်လပြည့်လို့ ကလေးဝှေးစေ့ ဆင်းမလာတဲ့အခါအချိန်သိပ်မဆွဲဘဲ ခွဲစိတ်ကုသမှုခံယူသင့်ပါတယ်။ ခြောက်လကနေ တနှစ်အတွင်း လုပ်တာပိုကောင်းပါတယ်။

ကပ္ပယ်အိတ်အတွင်း ဝှေးစေ့မပါတာ၊ တလုံးပဲပါတာကို မကုသဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့အသက်ကြီးလာတဲ့အခါ ကလေးရဖို့ခက်တာ၊ ကလေးမရနိုင်တာ၊ ဝှေးစေ့ကင်ဆာဖြစ်လာတာ၊ ဝှေးညှာလိမ်သွားပြီး ဗိုက်အရမ်းနာလာကာအသက်အန္တရာယ်ထိခိုက်တာ၊ ဝှေးစေ့က ကပ္ပယ်အိတ်ထဲမှာ မဟုတ်တဲ့အတွက် ဝှေးစေ့ထိခိုက်ဒဏ်ရာရနိုင်ခြေများတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

Dr 528





ဒီတပတ်မှာတော့ စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေထဲကမှ ကလေးတွေမှာအဖြစ်များတဲ့အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါအကြောင်းရေးသားတင်ပြချင်ပါတယ်။

အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေထဲကအမျိုးအစားတခုဖြစ်ပါတယ်။

ဆေးပညာအရတော့ Attention Deficit Hyperactivity Disorder (ADHD) လို့ခေါ်ပါတယ်။

အသက်အရွယ်မရွေးဖြစ်ပွားနိုင်ခြေရှိပြီး ကလေးတွေ၊ဆယ်ကျော်သက်တွေမှာအဖြစ်များလေ့ရှိပါတယ်။

ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။

တချို့ကလေးတွေအနေနဲ့တော့အသက်ကြီးလာရင်ပျောက်သွားတာမျိုးရှိပေမယ့်အများအားဖြင့်တော့အသက်ကြီးတဲ့ထိလည်းရောဂါဆက်ပါသွားတာမျိုးကများပါတယ်။

ADHD ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းတိတိကျကျတော့ ရှာမရသေးပါ။

သုတေသနပညာရှင်တွေကတော့ ဦးနှောက်အတွင်းရှိဓါတ်ပစ္စည်းတွေမျှတမှုမရှိတာ၊ မျိုးရိုးလိုက်တာ၊ မိခင်ကကိုယ်ဝန်ဆောင်စဉ်မှာအရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေသုံးတာ၊ ငယ်စဉ်ကလေးဘဝကခဲဆိပ်သင့်ခဲ့တာ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရတာ စတဲ့အချက်တွေကြောင့်ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

ADHD ရှိတဲ့ကလေးငယ်တွေဟာ သူတို့ရဲ့အတွေးထဲမှာပေါ်လာတာတွေကို သင့်၏။ မသင့်၏။ စဉ်းစားတွေးခေါ်ဆင်ခြင်နိုင်ခြင်းမရှိဘဲ စိတ်ကူးပေါက်သလိုပြုမူလုပ်ဆောင်တတ်တာ၊ ကိစ္စတခုမှာအာရုံစူးစိုက်နိုင်မှုမရှိတာ၊အပြုအမူတွေဟာအတက်ကြွလွန်တဲ့ပုံစံမျိုးဖြစ်နေတာမျိုးတွေကြောင့် ကျောင်းမှာသူငယ်ချင်းတွေ၊ ဆရာဆရာမတွေနဲ့ဆက်ဆံရေး၊အိမ်မှာ မိသားစုနဲ့ဆက်ဆံရေးတွေမှာအခက်အခဲတွေရှိလာနိုင်ပါတယ်။

ADHD ရှိတဲ့လူကြီးတွေဟာဆိုရင်လည်းအလုပ်နဲ့အချိန်ကိုစီမံခန့်ခွဲရာမှာ၊ လူမှုရေးနဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာအခက်အခဲပြသာနာတွေဖြစ်လာနိုင်ပါတယ်။

ADHD ရှိတဲ့ ကလေးငယ်ဟာကျောင်းစာသင်ချိန်မှာအာရုံမစိုက်နိုင်တာ၊ စာသင်နေချိန်မှာအငြိမ်မနေနိုင်ဘဲ ဟိုဘက်ရွေ့ဒီဘက်ရွေ့တာ၊ ခြေထောက်ကိုအပေါ်တင်လိုက်အောက်ချလိုက်လုပ်တာ၊ ခုံကိုလက်နဲ့ခေါက်နေတာ၊ ကျောင်းကပေးတဲ့သင်ခန်းစာ၊အိမ်စာတွေကိုလိုက်မလုပ်နိုင်တာ၊ ပေါ့ဆမိရာမှဖြစ်တဲ့အမှားမျိုးတွေမကြာခဏလုပ်တာ၊အစာစားချိန်၊အိမ်သာတက်ချိန်မှာတောင်အငြိမ်မနေဘဲတခုခုလုပ်နေတာ၊ မိမိအလှည့်ရောက်အောင်တန်းစီတာ၊ စောင့်ဆိုင်းရတာမျိုးတွေလုပ်ရတဲ့အခါ မလုပ်နိုင်တာကြောင့် စိတ်ထဲရှိတဲ့အတိုင်း တွေးတောမဆင်ခြင်ဘဲအလှည့်ကျော်တာတွေလုပ်တဲ့အတွက် တခြားကလေးတွေနဲ့ပြသာနာခဏခဏဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။

အကြမ်းအားဖြင့်လည်း သာမန်ကလေးငယ်တချို့မှာ ဖော်ပြပါမျိုးတွေရှိတတ်သော်လည်း မိဘဆရာများကအကျိုးကြောင်းသေချာပြောဆိုဆုံးမရင်ဖြစ်ဖြစ်အသက်အရွယ်နည်းနည်းရလာတဲ့အခါဖြစ်ဖြစ် ထိုအမူအကျင့်တွေက ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် ADHD ရှိတဲ့ကလေးတွေကတော့အသက်အရွယ်ရလာသော်လည်း၊ မိဘဆရာကအကျိုးအကြောင်းသေချာဆုံးမပြောဆိုသော်လည်း ထိုအမူအကျင့်တွေက ပျောက်သွားလေ့မရှိတတ်ပါ။

အထူးသဖြင့်အသက်အရွယ်အလိုက် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ မိမိစိတ်ထဲပေါ်လာတဲ့အတိုင်း ရှေ့နောက်မဆင်ခြင်ဘဲ လုပ်တတ်တာကြောင့် မိမိပတ်ဝန်းကျင်က သူတွေနဲ့ လူမှုရေး၊ ဆက်ဆံရေးတွေမှာအဆင်မပြေတာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိကလေးမှာအထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ADHD (အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါ) ခံစားနေရာတာဟုတ်မဟုတ် သေချာအောင် စိတ်ဆရာဝန်နဲ့ ပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

ADHD နဲ့လက္ခဏာဆင်တူတဲ့ တခြားစိတ်ရောဂါအမျိုးအစားတွေလည်း ရှိတတ်လို့ပါ။

စိတ်ဆရာဝန်နဲ့စမ်းသပ်ကြည့်လို့ ADHD ရောဂါရှိနေတယ်ဆိုရင်တော့ စောစီးစွာကုသမှုခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်မပြေတာတွေများလာပြီးအပယ်ခံဘဝရောက်သွားကာအရက်၊ မူးယစ်ဆေးစွဲတာ၊ မိမိကိုယ်ကိုယုံကြည်တန်ဖိုးထားမှုလျော့လာတာ၊ စိတ်ဓါတ်ကျတာ၊ တခြားစိတ်ပိုင်းဆိုင်ရာရောဂါတွေပါခံစားရတာ စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒီလိုကုသရာမှာ ဆေးဝါးသောက်တာအပြင် စိတ်ပညာရှင်နဲ့ပြသဆွေးနွေးတာ၊ လူမှုဆက်ဆံရေးပညာရှင်နဲ့ပြသဆွေးနွေးတာမျိုးတွေပါလုပ်ဖို့လိုပါတယ်။

ဒါ့အပြင် မိဘ၊ ဆရာတွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ မိဘဆရာတွေအနေနဲ့ ADHD ရောဂါခံစားနေရတဲ့ကလေးကို ဒေါသထွက်တာ၊ စိတ်ပျက်တာ၊အော်ငေါက်တာ တွေမလုပ်ဘဲနဲ့ စိတ်ရှည်စွာဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့လိုပါတယ်။

Dr 528




Some text some message..