မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား
မင်းဂွတ်သီးကိုအင်္ဂလိပ်လို Mangosteen လို့ခေါ်ပါတယ်။
ရုက္ခဗေဒနာမည်ကတော့ Garcinia mangostana ဖြစ်ပါတယ်။
မင်းဂွတ်သီးရဲ့ မူရင်းဒေသကတော့ မလေးရှားနိုင်ငံ ဖြစ်ပါတယ်။
မမှည့်ခင်မှာ မင်းဂွတ်သီးရဲ့အခွံအရောင်ဟာအစိမ်းရောင်ရှိပြီး မှည့်တဲ့အခါမှာ ခရမ်းရင့်ရောင်ရှိပါသည်။
မင်းဂွတ်သီးကိုစားတဲ့အခါအခွံကို လက်ဖနောင့်လေး နှစ်ခုနဲ့ညှစ်ခွဲကာအထဲကအတွင်းသားအဖြူလေးတွေကို စားပါတယ်။
မင်းဂွတ်သီးရဲ့အရသာကတော့ ချိုပါတယ်။ ဒါပေမယ့်အရမ်းချိုတာမျိုးမဟုတ်ဘဲအနည်းငယ်ချဉ်တာလေးပါ ရောနေပါတယ်။
မင်းဂွတ်သီး လှိုင်လှိုင်ပေါများတဲ့ ရာသီကတော့ မိုးရာသီဖြစ်ပါတယ်။
မင်းဂွတ်သီးဟာအသီးတွေရဲ့ဘုရင်မ (Queen of fruit) လို့တင်စားခေါ်ဝေါ်ရလောက်အောင် သူ့မှာကျန်းမာရေးအထောက်အကူပြုတဲ့အချက်တွေအများကြီးရှိပါတယ်။
မင်းဂွတ်သီးဟာအအေးစာဖြစ်တဲ့အတွက်အပူကန်လို့ဖြစ်တဲ့ယားနာ၊အလုံးအကျိတ်၊ မိတ်ဖုတွေအပူများလို့ နှာခေါင်းသွေးလျှံတာတွေ၊ ရင်ပူတာတွေကို ပျောက်ကင်းသက်သာစေပါနိုင်ပါတယ်။
ဒါကြောင့်အပူစာဖြစ်တဲ့ ဒူးရင်းသီးစားပြီးရင် မင်းဂွတ်သီးစားပေးရခြင်း ဖြစ်ပါတယ်။
မင်းဂွတ်သီးမှာအမျှင်ဓါတ်၊ နိုင်ယာစင်၊ ဖောလစ်အက်စစ်၊ ဗီတာမင်ဘီ၊ စီ၊ ကယ်လ်ဆီယံ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓါတ် စတဲ့ ဓါတ်တွေများစွာပါဝင်ပါတယ်။
တခြားသစ်သီးတွေမှာ ပါလေ့သိပ်မရှိတဲ့ Xanthone ခေါ် ဓါတ်ပစ္စည်းတမျိုးလည်းကြွယ်ဝစွာပါပါတယ်။
အမျှင်ဓါတ်နဲ့ ဗီတာမင်စီဓါတ် ကြွယ်ဝစွာပါရှိတာကြောင့်အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းကင်းစေကာ ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။
Xanthone ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
မင်းဂွတ်သီးဟာ သကြားနဲ့မတည့်ဘူးလို့ လူအများက ထင်မြင်ယူဆကြပေမယ့် နောက်ပိုင်းသုတေသနတွေအရ ဒါဟာမှားတဲ့ထင်မြင်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။
နိုင်ငံတချို့မှာဆိုရင် မင်းဂွတ်သီးကို သကြားတို့၊ ပျားရည်တို့နဲ့ရောပြီး ဖျော်ရည်ဖျော်သောက်တာမျိုးတောင် ရှိပါတယ်။
မင်းဂွတ်သီးဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တဲ့အစွမ်းလည်းရှိလို့ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့လည်း စားလို့ရတဲ့အသီးဖြစ်ပါတယ်။
မင်းဂွတ်သီးရဲ့အခွံကလည်းအသုံးဝင်ပါသေးတယ်။
အရေပြားပေါ်မှာအနာဖြစ်တာ၊အင်ပြင်ထွက်တာ၊ မိတ်ထွက်တာတွေအတွက် မင်းဂွတ်သီးအခွံကို သွေးလိမ်းပါက သက်သာပျောက်ကင်းနိုင်ပါတယ်။
အခုနောက်ပိုင်းမှာ မင်းဂွတ်သီးကို ကုန်ကြမ်းအနေနဲ့အသုံးပြုပြီး ဆေးဝါးတွေလည်း ထုတ်လုပ်လာကြပါတယ်။
Dr 528