မွေးခါနီး သွေးအချွဲဆင်းတယ် ဆိုသည်မှာ
ကိုယ်ဝန်ဆောင်သည်များကို မွေးခါနီးလရင့်လာသောအခါ ကိုယ်ဝန်စောင့်ရှောက်မှုပေးနေသော ဆရာဝန် ဆရာမများကအမြဲမှာကြားသည်မှာ ရေဆင်း၊ သွေးဆင်း၊ ဗိုက်နာပြန်လာပါဟု မှာကြားလိုက်ပါတယ်။ ထိုအခါအများစုသည် ရေဆင်း၊ ဗိုက်နာခြင်းကိုနားလည်သော်လည်း သွေးဆင်းခြင်းကို ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။
မွေးခါနီးလရင့်သောအခါ ကိုယ်ဝန်ဆောင်သည်များသည် မိန်းမကိုယ်မှအချွဲနှင့် သွေးများပါသောအကျိအချွဲများ ဆင်းတတ်ပါတယ်။ မွေးခါနီး ကိုယ်ဝန်ဆောင်သည်တိုင်း ဖြစ်လေ့ရှိပါတယ်။
ကိုယ်ဝန်ဆောင်သည် ကာလတလျောက်အဖြူရည်ကြည်ဆင်းသည်မှာ ပုံမှန်ဖြစ်ပါတယ်။အမျိုးသမီးဟော်မုန်းပမာဏအပြောင်းအလဲပေါ် မူတည်၍အဖြူရည်အပစ်အကျဲ ပမာဏကွဲပြားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များသည်အဖြူရည်ကိုအမြဲစောင့်ကြည့်နေသင့်ပါတယ်။အထူးဖြင့် မွေးခါနီးရက်ပိုင်းအလို ကာလအတွင်း ပိုမိုအရေးကြီးပါတယ်။ သွေးစအကျိအချွဲဆင်းခြင်းသည် ကိုယ်ဝန်ဆောင်သည်အတွက် ပုံမှန်ဟုယူဆနိုင်သလို မွေးဖွားခါနီးအစလက္ခဏာတစ်ခုဟုလည်း ဖြစ်နိုင်ပါတယ်။
သွေးရောင်ဆင်းခြင်းသည် မိန်းမကိုယ်မှ ဆင်းသောအရည်တစ်မျိုးဖြစ်ပါတယ်။ သွေးရောင်ပါသောအကျိအချွဲဖြစ်ပါတယ်။ ဆင်းခြင်းသည် မမွေးခင်တွင် ဆင်းတတ်ပါတယ်။ သို့သော် မွေးသောအချိန်နှင့် သွေးအကျိအချွဲထွက်သောအချိန် ကွာခြားမှုသည် တစ်ဦးနှင့် တစ်ဦးမတူပါ။
သွေးအချွဲဆင်းတိုင်းအရေးပေါ်အခြေအနေဟူ၍ ပြောမရပါ။ သွေးဆင်းတိုင်းပျက်ကျသည်ဟု ယူဆမရပါ။ သွေးဆင်းခြင်းအကျိအချွဲဆင်းခြင်းအပါအဝင်အချို့အခြေများသည် ကိုယ်ဝန်ဆောင်စဉ် ပုံမှန်ဟု ယူဆနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအစပိုင်းတွင်အနည်းငယ်တစ် ၂ စက်ဆင်းခြင်းသည် ဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်းတွင် သားပိုရှိခြင်း ရောင်ရမ်းခြင်းကြောင့်လည်း သွေးအနည်းငယ်ဆင်းတတ်ပါတယ်။
ကိုယ်ဝန်ဆောင် ဒုတိယအပိုင်းအခြားနှင့် တတိယအပိုင်းအခြားတွင် သွေးအများကြီးဆင်းလျင် စိုးရိမ်စရာအခြေအနေများကြောင့် ဥပမာအချင်းကွာကျခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်လမစေ့ခင် သွေးဆင်းလျှင်အထူးဂရုစိုက်ကုသရန် လိုအပ်ပါတယ်။
လစေ့နေသောကိုယ်ဝန်ဆောင်သည် သွေးအကျိအချွဲဆင်းပါကအခြားသောမွေးခါနီးလက္ခဏာများရှိမရှိ စောင့်ကြည့်ပါ။ မွေးခါနီးလက္ခဏာများမှာ
–အဆက်မပြတ်ခါးနာခြင်း
–အဆက်မပြတ်ဗိုက်နာခြင်း
– သားအိမ်ကျုံခြင်းပိုစိပ်လာခြင်း
– ရေမွှာပေါက်ခြင်းစသည့်တို့ဖြစ်ပါတယ်။
သွေးဆင်းခြင်းသည် သားအိမ်ခေါင်းကျယ်လာပြီး မွေးရန်အသင့်အနေထားဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။အမျိုးသမီးများသည် သွေးအကျိအချွဲဆင်းပါကအခြားသောမွေးချင်သောလက္ခဏာများကို စောင့်ကြည့်ပါ။ ထို့ကြောင့်သွေးအကျိအချွဲဆင်းကြောင့် ကလေးမွေးချိန်နီးမနီးဟုအတိအကျမပြောနိုင်ပါ။ လမစေ့ခင် သွေးဆင်းလျင်အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။
Dr. Pyae Shin