မိခင်လောင်းတစ်ဦး မသိမဖြစ် သိထားသင့်တဲ့အခြေခံအချက်တွေ ရှိပါတယ်။အဲဒါတွေကို သိထား လိုက်နာနိုင်ပါမှ မိခင်ရော ရင်သွေးငယ်ပါ ကျန်းမာပြီးအကျိုးများမှာပါ။ တချို့အချက်တွေကတော့ လူတွေအတော်များများ သိထားပေမယ့် တချို့တစ်ဝက်ကိုတော့အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ပါတယ်။ ဥပမာ-ကိုယ်ဝန်ဆောင်စဉ်မှာ သံဓာတ်အားဆေး ပုံမှန်သောက်ရမယ် ဆိုတာမျိုးကိုသိကြပေမယ့် ဖောလစ်အက်ဆစ်ကိုလည်း လုံလောက်အောင်ဖြည့်စွက် သောက်သုံးရမယ်ဆိုတာကိုတော့ သိသူနည်းပါတယ်။ ဓာတ်မှန်ရိုက်ရန်ထွက်လာတဲ့ ဓာတ်ရောင်ခြည်က ရင်သွေးငယ်ကိုအန္တရာယ်ရှိစေတယ်ဆိုပြီး သတိထားကြပေမယ့် မိုက်ခရိုဝေ့(မ်) မီးဖိုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားသင့်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ ဒီဆောင်းပါးထဲမှာ ကိုယ်ဝန်လွယ်ထားရစဉ် ကာလ တစ်လျှောက် ရှောင်သင့်တာတွေ၊ လုပ်သင့်တာတွေကိုအစီအစဉ် တကျ ပြုစုပေးထားပါတယ်။ ၁။ ပုံမှန်ကျန်းမာရေးစစ်ဆေးရန် ကိုယ်ဝန်လွယ်ထားရစဉ်အခက်အခဲ ပြဿနာများ ရှောင်ရှားနိုင်ရန်အကောင်းမွန်ဆုံးနှင့်အလွယ်ကူဆုံးနည်းလမ်းကတော့ ဆရာဝန် (သို့) သားဖွားဆရာမနဲ့ မှန်မှန်ပြပြီး စစ်ဆေးစောင့်ရှောက်မှု ခံယူဖို့ပါပဲ။ ၂။ ဖောလစ်အက်ဆစ် ပုံမှန်သောက်ရန် ဖောလစ်အက်ဆစ်ဆိုတဲ့ ဝါညစ်ညစ်ဆေးလုံးလေးတွေကို ကိုယ်ဝန် ဆောင်စဉ်မှာ မဖြစ်မနေ သောက်ရပါမယ်။ ကလေးငယ်ရဲ့ ကျောရိုးမကြီး ကောင်းမွန်စွာအပြည့်အဝဖြစ်လာဖို့အတွက်ပါ။ ‘Spina bifida’ လို့ ခေါ် တဲ့ “ကျောရိုးမကြီး ကောင်းကောင်း မဖြစ်ပေါ်တဲ့ရောဂါ”ဟာအလွန်ကြောက်ဖို့ ကောင်းပါတယ်။ ကလေးငယ်ရဲ့ကျောဘက်ကအာရုံကြောမကြီးနဲ့အခြားအာရုံကြောတွေကို ဖုံးကာပေးတဲ့ ကျောရိုးမကြီးက တစ်နေရာရာမှာ ချို့ယွင်းနေတဲ့အတွက်အာရုံကြောတွေအတိုင်းသား ပေါ်နေတော့တာပါ။ ဖောလစ်အက်ဆစ် လုံလောက်စွာ သောက်ထားမယ်ဆိုရင် Spina bifida ဖြစ်နိုင်ချေကို သိသိသာသာ လျော့ချပေးပါတယ်။ ကိုယ်ဝန်ဆောင်တော့မယ်လို့ စိတ်ကူးပြီးအကာအကွယ်၊အတားအဆီးတွေ ဖယ်ပစ်လိုက်ချိန်တည်းက ဖောလစ်အက်ဆစ်ကို စသောက်ပေးပါ။ ကိုယ်ဝန်မရှိခင် တစ်လအလိုလောက်တည်းက ကြိုသောက်တာက တော့အကောင်းဆုံးပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ် တောက်လျှောက်မှာလည်း ဆက်သောက်ပေးရပါမယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏကတော့ 800µg (0.8mg) မို့လို့ BPI ဖောလစ်အက်ဆစ်ဆိုရင် တစ်နေ့ကို နှစ်လုံး သောက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းရော၊ ရင်သွေးငယ်ပါ ဗီတာမင်ဓာတ်အမြောက်အမြား ရဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးအမြောက်အမြားရှိတဲ့အနက်မှ ယုံကြည်စိတ်ချရပြီး ကိုယ်ဝန်အတွက်အဓိကလိုအပ်တဲ့ ဗီတာမင်တွေပါတဲ့အားဆေးကို ရွေးချယ်သောက်သုံးပါ။ ၃။ ဂျိုက်သိုးရောဂါ ကာကွယ်ရန် ဆေးလောကအခေါ် ‘Rubella’ (ဝါ) ‘German measles’ ဟူသော ဂျိုက်သိုးရောဂါဟာ သိပ်ကိုအန္တရာယ်ကြီးပါတယ်။ ကိုယ်ဝန်ဆောင်ထားစဉ် ဂျိုက်သိုးရောဂါဖြစ်ပွားရင် ငွေ့ငွေ့ဖျားခြင်း၊ ခေါင်းကိုက်၊ နှာစေးပြီး ခန္ဓာကိုယ်ပေါ်မှာအနီပြင်ပေါ်ခြင်းစတဲ့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ပေါ်လာပါတယ်။ ပြီးရင် သူ့အလိုအလျောက် ပြန်ပျောက် သွားတဲ့အတွက် မိခင်လောင်းတွေဟာ ပေါ့ပေါ့ဆဆပဲ နေလိုက်ပြီးမှ မမျှော်လင့်ဘဲ ရင်သွေးလေးဆီကိုအဲဒီဂျိုက်သိုးပိုးက ကူးစက်သွားတဲ့အခါ မွေးရာပါနားမကြားခြင်း၊ မွေးရာပါနှလုံးရောဂါ၊ ဉာဏ်ရည်နိမ့်ခြင်းနဲ့ မွေးရာပါအတွင်းတိမ်စတဲ့ ရင်နင့်ဖွယ်အဖြစ်တွေ ဖြစ်လာတတ်တာပါ။ ကံမကောင်းရင် ပျက်ကျတာအထိ ဖြစ်နိုင်ပါတယ်။ ဒီလိုအဖြစ်ဆိုးကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းကတော့ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးထားဖို့ပါ။ ၄။ ကီးဂဲလ် (Kegel) လေ့ကျင့်ခန်းလုပ်ရန် မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ ပျော့နေရင် မွေးတဲ့အခါ ပိုပြီးနာကျင်တတ်သလို မွေးချိန်ကလိုတာထက် ကြာသွားတတ်ပါတယ်။ သဘာဝအလျောက် ကလေးမွေးဖွားပြီးရင်လည်း ကြွက်သားတွေကအားပျော့သွားတတ်လို့ နောက်တစ်ခါ မွေးတဲ့အခါသက်သောင့်သက်သာ မရှိဘဲဖြစ်ပါတယ်။ မွေးလမ်းကြောင်းကြွက်သားတွေအားကောင်းပြီး မွေးတဲ့အခါ လိုက်လျောညီထွေဖြစ်စေဖို့အတွက် Kegel လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကအတန်ငယ်တော့ ရယ်စရာကောင်းပေမယ့် စမ်းကြည့်ပါ။ သေချာပေါက်အကျိုးထူးပါတယ်။ ဆီးသွားနေရင်း မပြီးခင် ရုတ်တရက်အောင့်လိုက်တယ်လို့ စိတ်ထဲမှာ သဘောထားပြီး ကြွက်သားတွေကို ကျုံ့လိုက်ပါ။ လေမလည်အောင်အောင့်ထားတယ်လို့ သဘောထားပြီး ကျုံ့လို့လည်းရပါတယ်။အဲဒီလိုမျိုး မွေးလမ်းကြောင်းက ကြွက်သားတွေ ကျုံ့သွားစေတာ Kegel လေ့ကျင့်ခန်းပါပဲ။ လေ့ကျင့်ခန်းလုပ်နေစဉ် ခြေထောက်၊ တင်ပါးနဲ့ ဗိုက်ကအသားတွေ မလှုပ်အောင် ကြိုးစားပါ။ တစ်ခါကျုံ့ထားရင် ငါးစက္ကန့်နဲ့ ဆယ်ခါ ကျုံ့ပေးပါ။ နာရီအတိအကျမဟုတ်ဘဲ စိတ်ထဲကနေ တစ်ကနေ ငါးအထိ ဖြည်းဖြည်းချင်း ရွတ်ပေးရင်လည်း ငါးစက္ကန့်နဲ့ တူပါတယ်။အဲဒီလို မျိုး တစ်နေ့ကို ၅ ကြိမ်တိတိ လုပ်ပေးပါ။ ၅။အိမ်တွင်းတွင် လွယ်ကူစွာ စိုက်နိုင်သောအပင်များစိုက်ရန် တိုက်ခန်း၊ ကွန်ဒိုတွေနဲ့အနေများလာတဲ့ ယနေ့ခေတ် လူနေမှုဘဝမှာအပင်စိုက်တဲ့အလေ့အထပါ ရှားပါးလာပြီး ကော်ဇောနဲ့အိမ်သန့်စင်ဆေးရည်အမျိုးမျိုးမှာပါတဲ့ ဓာတုပစ္စည်းအမျိုးမျိုးရဲ့အန္တရာယ်ပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရပါတယ်။ ကိုယ်ဝန်လွယ်ထားရစဉ် ပိုပြီးနုနယ်နေတဲ့ မိခင်လောင်း ဟာ ဒီဒဏ်တွေကို ပိုပြီးခံရတတ်တာကြောင့် တတ်နိုင်သလောက် ကာကွယ်နိုင်ဖို့အိမ်တွင်းမှာပဲ လွယ်လင့်တကူ စိုက်လို့ရတဲ့အပင်လေးတွေ စိုက်ပေးထားပါ။ ဥပမာ-ဂမုန်းပင်ဆိုရင်အိမ်သုတ်ဆေးတွေမှာ ပါတတ်တဲ့ formaldehyde ကို ဓာတ်ပြယ်စေတဲ့ သတ်္တိရှိပါတယ်။ ၆။အကောင်းမြင်စိတ် မွေးရန်အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ လူတိုင်းမှာ ရှိနေသင့်တဲ့ စိတ်ထားပါ။ ကိုယ်ဝန်လွယ်ထားရစဉ်မှာတော့ မကောင်းတဲ့စိတ်ထားတွေ၊အတွေးတွေ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို မတွေးဘဲ လူ့လောကထဲကိုအသစ်ချပ်ချွတ် ရောက်ရှိလာမယ့် ချစ်စရာကလေးလေးအကြောင်းကိုပဲ တတ်အားသရွေ့ တွေးနေပေးပါ။အဲဒါကို မိခင်နဲ့ကလေး စိတ်ချင်းဆက်သွယ်ခြင်း (Prenatal Bonding) လို့ ခေါ်ပါတယ်။ ၇။ ဆရာဝန်ကို လက်ရှိခံစားရသောအနေအထားနှင့် မိသားစုရာဇဝင်ကို မခြွင်းမချန်ပြောပြရန် တကယ်လို့ မိခင်လောင်းမှာအရင်က ကြီးကြီးမားမား ခံစားရဖူးတဲ့ ရောဂါရှိခဲ့ရင် (သို့) နာတာရှည်ဝေဒနာရှိခဲ့ရင် (သို့) မိသားစုထဲမှာ မွေးဖွားခြင်းဆိုင်ရာ ပြဿနာတွေရှိခဲ့ဖူးရင် ဆရာဝန်ကို သေသေချာချာ ပြောပြပေးပါမှ ဘယ်လိုသင့်လျော်အောင် စီစဉ်ရမယ်ဆိုတာ ဆရာဝန်က ဆုံးဖြတ်နိုင်ပါလိမ့်မယ်။အထူးသဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊အတက်ရောဂါနဲ့ ရေယုန်အပါအဝင်အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဆိုရင် ပိုဂရုစိုက်ပြီး တိုင်ပင်အသိပေးသင့်ပါတယ်။ ၈။ ပရိုတင်းဓာတ်နဲ့ ဆီကို ပြည့်ဝစွာ စားသောက်ပေးပါ ပုံမှန်အားဖြင့် ဆီတွေ၊ ကိုလက်စရောတွေဟာ ရှောင်ရမယ့်အရာတွေလို့ ခေါင်းထဲမှာ စွဲနေပါလိမ့်မယ်။ ဈေးဝယ်တိုင်းလည်းအဆီမပါ နွားနို့၊အဆီလွတ်အသားတွေကို ရှာဝယ်မိပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလမှာတော့အဆီဓာတ်ဟာအရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေတွေကို စုပ်ယူနိုင်ဖို့ရာ ခန္ဓာကိုယ်မှာအဆီရှိမှ ဖြစ်မှာမို့လို့ပါ။ ပြီးတော့ ရင်သွေးငယ်လေးရဲ့ ဦးနှောက် ကြီးထွားဖွံ့ဖြိုးလာဖို့ရာလည်းအဆီကို လိုအပ်ပါတယ်။ စားအုန်းဆီကို ရှောင်ပြီး ပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီကို ရွေးချယ်ပါ။ ထပ်ပြောချင်တာက ပရိုတင်းဆိုတဲ့အသားဓာတ်ပါ။ ပဲ၊ ဥနဲ့အသားတွေမှာ ပရိုတင်းဓာတ်ပါပါတယ်။အသားဆိုရင်အနည်းဆုံး တစ်နေ့ကို (၅) ကျပ်သား စားပေးပါမှ ကလေးငယ်လေး ကြီးပြင်းလာဖို့ မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ထောက်ပံ့ပေးစွမ်းနိုင်မှာပါ။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်နိုင်တဲ့ သွေးပေါင်ချိန်တက်လာပြီး ဆီးထဲမှာ ပရိုတင်းတွေ ဆုံးရှုံးကုန်တဲ့ Pre-eclampsia ရောဂါကိုလည်းအတန်သင့် ကာကွယ်နိုင်ပါတယ်။ ၉။ ဆေးလိပ်မသောက်ရန်နှင့် ဆေးလိပ်သောက်သူများအနားတွင် မနေရန် ဆေးလိပ်သောက်ခြင်းသည် မိခင်နှင့်ကလေး နှစ်ဦးလုံးကို ထိခိုက်စေနိုင်သော လူသိများသည့်အန္တရာယ်တစ်ခုဖြစ်သော်လည်း ရာပေါင်းများစွာသော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဆေးလိပ်သောက်နေဆဲပင် ဖြစ်သည်။ ကိုယ်တိုင် ဆေးလိပ်မသောက်လျှင်သော်မှ ဆေးလပ် သောက်တတ်သူ ခင်ပွန်းသည်၊ မိသားစုဝင်တို့နှင့် နီးနီးကပ်ကပ်နေရခြင်း၊ လုပ်ငန်းခွင်တွင် ဆေးလိပ်သောက်တတ်သော လုပ်ဖော်ကိုင်ဖက်နှင့် တွဲဖက်တာဝန်ယူရခြင်းတို့သည်လည်း ရင်သွေးငယ်အတွက်အန္တရာယ်ကြီးပေသည်။ မိခင်လောင်း ရှူရှိုက်မိသော ဆေးလိပ်ငွေ့များကြောင့် လမစေ့ဘဲ မွေးဖွားခြင်း၊ လစေ့သော်လည်း ပေါင်မပြည့်သော ကလေးမွေးခြင်း၊ သားပျက်သားလျောဖြစ်ခြင်းတို့အပြင် မွေးကင်းစကလေးငယ်လေး သေဆုံးသည်အထိ ဖြစ်နိုင်ပေသည်။ ၁ဝ။အရက်မသောက်ပါနှင့် /အယ်လ်ကိုဟောပါသောအချိုရည်များ မသောက်ပါနှင့် ယနေ့ခေတ်တွင်အမျိုးသမီးငယ်အများစုသည်အရက်ဟု မဆိုသာစေကာမူအယ်လ်ကိုဟောပါဝင်သည့် ကော့တေးလ်၊ ဝိုင်၊အချို ရည်တို့ကို သောက်သုံးနှုန်းအလွန်မြင့်မားလာသည်။အယ်လ်ကိုဟောသည် ရင်သွေးငယ်ပေါ်တွင် ကောင်းကျိုးဟူ၍ တစ်ခုမျှမပေးဘဲ သောက်သည့်ပမာဏနှင့်အကြိမ်ရေများလေလေ ဆိုးကျိုးကိုသာ ပေးလေလေဖြစ်သည်။ ဆေးပညာအခေါ်အရ ‘Foetal Alcohol Syndrome (FAS)’ ၊ မြန်မာလို “အရက်ကြောင့်ဖြစ်ရသော ရင်သွေးငယ်၏ ဝေဒနာ” ဟုအဓိပ္ပာယ်ရသည့် ဆိုးဝါးလွန်းလှသော ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျစေခြင်း၊ ခန္ဓာကိုယ်သေးကွေးခြင်း၊ မျက်နှာပုံပျက် ပန်းပျက်ဖြစ်ခြင်း၊ ခန္ဓာကိုယ်၏အရေးကြီးသောအစိတ်အပိုင်းများ ပုံမမှန်ဖြစ်ခြင်းတို့ကို ခံစားရစေသည်။ ၁၁။ တားမြစ်ထားသော ဆေးများ၊ စိတ်ကြွဆေးများကို မသုံးစွဲရန် ယနေ့ခေတ် လူမှုနယ်ပယ်တွင် စိတ်ဖိစီးမှုသက်သာစေရန်၊ ခဏတာပျော်ရွှင်စေရန်၊အသဲကွဲဝေဒနာ ကုစားရန် စသဖြင့် မရေရာသောအကြောင်းပြချက်အမျိုးမျိုးဖြင့် တားမြစ်ဆေးများ၊ စိတ်ကြွဆေးများကို သုံးစွဲမှု တွင်ကျယ်လာသည်။ မိခင်လောင်းဘဝတွင် ထိုဆေးများကိုအသုံးပြုပါက ပေါင်မပြည့်သော ရင်သွေးငယ် မွေးဖွားနိုင်ခြေ မြင့်တက် လာမည်ဖြစ်ပြီး မွေးဖွားလာသောအခါတွင်လည်း ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များနှင့် ရုပ်ပိုင်းဆိုင်ရာအရအာခေါင်ကွဲခြင်း၊ မျက်လုံးစောင်းခြင်းနှင့် မျက်နှာပုံ ပျက်ခြင်းတို့ ဖြစ်စေနိုင်သည်။ ထို့ပြင် မိခင်လောင်း သုံးစွဲလိုက်သော ဆေးများသည်အချင်းတိုင်ကို ဖြတ်၍ ရင်သွေးငယ်ဆီသို့ ရောက်သွားသဖြင့် ရင်သွေးငယ်မှာလည်း ဆေးသမား ဖြစ်ရလေသည်။ မွေးဖွား ပြီးသောအခါတွင် ထိုဆေးများ၏အာနိသင်ကြောင့် ဆေးသမား ဆေးဖြတ်သကဲ့သို့ပင်အအိပ်အနေနည်းသော ကလေးငယ်ဖြစ်ခြင်း၊ နို့တိုက်ရ ခက်ခဲခြင်း၊အငိုသန်ခြင်း၊ တက်ခြင်းတို့ကို ခံစားရစေသည်။ ၁၂။ မည်သည့်ဆေးဝါးကိုမျှ ဆရာဝန်က မညွှန်ကြားဘဲ မိမိသဘာနှင့် မိမိ မသောက်သုံးပါနှင့် ဆေးဆိုင်များတွင်အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသည့် “over the counter” ဟု ခေါ်သော OTC ဆေးဝါးများသည် သာမန်အချိန်များတွင် လုံခြုံစိတ်ချရသော်လည်း ကိုယ်ဝန်လွယ်ထားရချိန်တွင်မူ ရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင်သည်။ ထို့ကြောင့် ရင်သွေးငယ်စယူမည်ဟု စတင်ဆုံးဖြတ်သည့်အချိန်မှစ၍ မည်သည့်ဆေးဝါးကိုမျှ မိမိသဘောနှင့် မသောက်ဘဲ ဆရာဝန်ကို ဦးစွာတိုင်ပင်ရပေမည်။အထူးသဖြင့် ကိုယ်ဝန် ပထမဆုံးနှစ်လတာသည် ရင်သွေးငယ်လေး၏ နှလုံး၊အဆုတ်နှင့် ဦးနှောက်များ ဖြစ်ပေါ်ဖွံ့ဖြိုး လာသည့်အချိန်ဖြစ်သောကြောင့် ထိုအချိန်များတွင် ပို၍သတိထားရမည်။ ၁၃။ ဗီတာမင်အေ ဖြည့်စွက်ထားသောအစားအစာများ၊ ဆေးများကို ရှောင်ရန် တန်ရုံသင့်ရုံစားလျှင် ဆေးဖြစ်သော်လည်း လွန်ကြူးပါက ဘေးကြုံတတ်သကဲ့သို့ပင် ကိုယ်ဝန်လွယ်ထားရစဉ်တွင် ဗီတာမင်အေကို ပုံမှန်ပမာဏထက် (၄) ဆပို၍ စားသုံးမိပါက ရင်သွေးငယ်အား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။ ကိုယ်ဝန်ကာလ ပထမဆုံးသုံးလသည်အနုနယ်ဆုံးနှင့်အထိခိုက်လွယ်ဆုံးဖြစ်သည်။ ထိုကာလတွင် ဗီတာမင်အေကို ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များဖြစ်သည့်အာခေါင်ကွဲခြင်း၊ မျက်လုံးပုံပျက်ခြင်းတို့အပြင် ဆီးလမ်းကြောင်းအနေအထား ပုံမှန်မဟုတ်ခြင်းနှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာအားနည်းချက်များ၊ နှလုံးပုံမှန် မဟုတ်ခြင်းများ ဖြစ်ပေါ်စေသည်။အမျိုးသမီးများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဝက်ခြံအား ကုသရာတွင် ဗီတာမင်အေ ထည့်သွင်းကုသလေ့ ရှိသောကြောင့် မိခင်လောင်းအနေဖြင့် ကိုယ်ဝန်လွယ်ထားစဉ် ဝက်ခြံဖြစ်၍ ကုသလိုပါက ဆရာဝန်ကို မိမိကိုယ်ဝန်ဆောင်ထားကြောင်း ပြောပြအသိပေးရမည်။ သို့မှသာ ဆရာဝန်က ဗီတာမင်အေပေးသင့်၊ မပေးသင့် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ တစ်နေ့တာလုံးအတွက် သင့်တော်သည့် ဗီတာမင်အေ ပမာဏမှာ ၂၇ဝဝ IU ဖြစ်ပြီး ကိုယ်ဝန်လွယ်ထားရစဉ် ၈ဝဝဝ IU ထက်ပို၍ စားသုံးမိပါကအန္တရာယ်ရှိသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အား ဆေးများတွင် ဗီတာမင်အေကို ၅ဝဝဝ မှ ၈ဝဝဝ IUအထိသာ ထည့်သွင်းခွင့်ပြုထားပြီးအခြားအားဆေးများတွင်မူ ၁ဝဝဝဝ IUအထိသာ ခွင့်ပြုထားသည်။ ၁၄။ ဓာတ်မှန်ရိုက်ခြင်းကို တတ်အားသရွေ့ ရှောင်ရန်အများသိထားသကဲ့သို့ပင် ဓာတ်မှန်ရိုက်ခြင်း နည်းပညာသည် ဆေးလောကအတွက်အကျိုးရှိသည့်အံ့မခန်း နည်းပညာဖြစ်သလိုပင် ဓာတ်ရောင်ခြည်၏ ဘေးထွက်ဆိုးကျိုး ကြီးမားလှသည်။ ထို့ကြောင့် ကိုယ်ဝန်သက်နုစဉ်အခြားသော ရောဂါအခြေအနေ တစ်ခုခုကြောင့် ဓာတ်မှန်ရိုက်ရန်အရေးကြုံလာပါက ဆရာဝန်ကို မိမိ၌ ကိုယ်ဝန်ရှိနေကြောင်းအသိပေးပြောပြရမည်။ သို့မှသာ ဓာတ်မှန်အရေးပေါ်ရိုက်ရန် မလိုအပ်သေးပါက မွေးဖွားပြီးသည့်အချိန်အထိ ရွှေ့ဆိုင်းနိုင်မည်ဖြစ်သလို မဖြစ်မနေရိုက်ရန် လိုအပ်ပါကလည်း ဝမ်းဗိုက်ကိုအကာအကွယ် ဖုံးအုပ်၍အမြန်ဆုံး ရိုက်ပေးမည်ဖြစ်သည်။ ၁၅။ မီးဖိုချောင်ဝင်ပါက မိုက်ခရိုဝေ့ဖြင့် မချက်ရန်အချို့သော စစ်တမ်းများက ကိုယ်ဝန်ဆောင်စဉ် မိုက်ခရိုဝေ့ သုံးစွဲခြင်း၏အကျိုးအမြတ်ကို သက်သေမပြနိုင်သော်လည်းအချို့လေ့လာ ဆန်းစစ်ချက်များအရမူ မိခင်လောင်းဘဝတွင် မိုက်ခရိုဝေ့မီးဖို သုံးစွဲမှုများပြားခြင်းသည် ရင်သွေးငယ်လေး၏ ကြီးပြင်းမှုကို ထိခိုက်စေသည်ဟု ထောက်ပြထားသည်။ ထို့ကြောင့် ကိုယ်ဝန်လွယ်ထားရစဉ် ကာလအတွင်းဝယ် မိုက်ခရိုဝေ့မီးဖိုကို ရှောင်ကြဉ်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ ၁၆။ ပိုးသတ်ဆေးအမျိုးစုံကို ရှောင်ကြဉ်ရန် ပိုးသတ်ဆေးဟုဆိုရာဝယ်အိမ်တွင်းပိုးမွှားအကောင်ပလောင်များဖြစ်သော ပုရွတ်ဆိတ်၊ ခြင်၊ ယင်၊ ပိုးဟပ်တို့ကို နှိမ်နင်းသည့် ဖျန်းဆေးအသွင် ပိုးသတ်ဆေး၊ ကြွက်ကပ်ကော်၊အိမ်မွေးခွေးလေး၊ ကြောင်လေးများ၏သန်းကို သတ်သည့်ဆေး စသည်တို့မှအစ၊အလှစိုက်ပန်းအိုးငယ်များ၊အပင်များရှိအရွက်များအားအလှဖျက်သည့်ရွက်စားပိုး သုတ်သင်ဆေးများအလယ်၊ ဟင်းသီးဟင်းရွက်များအသီးအနှံများကို ပိုးမွှားအန္တရာယ်ကင်းအောင် သုံးစွဲရသော ပိုးသတ်ဆေးအဆုံးအမျိုးစုံပါဝင်လေသည်။ ထိုပိုးသတ်ဆေးများတွင် ပါဝင်သည့် ဓာတုဗေဒပစ္စည်းအမျိုးအစား၊ ထိတွေ့ချိန်၊ ပါဝင်သည့် ပြင်းအားနှင့် ရင်သွေးငယ်လေး၏ သက်တမ်းအနုအရင့်ပေါ်မူတည်၍ မတူညီသောဆိုးကျိုးအမျိုးမျိုးကို ပေးနိုင်သည်။ ထို့ကြောင့် မိခင်လောင်းဘဝတွင် ထိုပိုးသတ်ဆေးပေါင်းစုံကို ရှောင်ရှားခြင်းသည်အကောင်းဆုံးနှင့်အန္တရာယ်အကင်းဆုံး ဖြစ်သည်။ ၁၇။ မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန်မတက်အောင် သတိထားရန် မိခင်လောင်း၏ ခန္ဓာကိုယ်အပူချိန် ၁ဝ၂ဒီဂရီ ဖာရင်ဟိုက်ထက် တက်လာပါကတဖြည်းဖြည်း ကြီးထွားနေသော ရင်သွေးငယ်လေးကို ထိခိုက်စေနိုင်သည်။ ဖျားနာခြင်း တစ်မျိုးတည်းကြောင့်သာ ခန္ဓာကိုယ်အပူချိန် တက်နိုင်သည် မဟုတ်ဘဲ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်း၊ နေကြဲကြဲတောက် ပူနေချိန်တွင်အဆောင်းအကာမပါဘဲအပြင်ထွက်ခြင်း၊ ရေနွေးစိမ်၍ ရေချိုးခြင်းတို့သည်လည်း ခန္ဓာကိုယ်အပူချိန်ကို တက်စေနိုင်သည့်အတွက် ရှောင်ကြဉ်ရပေမည်။ ၁၈။ ကြောင်အညစ်အကြေးများ မကိုင်တွယ်ရန်၊ သေချာမကျက်သောအသားများအား ရှောင်ရန်အဘယ့်ကြောင့်ဆိုသော် ကြောင်အညစ်အကြေးများနှင့် မကျက်သောအသားများတွင် toxoplasma ဟုခေါ်သော ရောဂါပိုးတစ်မျိုး ရှိနိုင်သောကြောင့်ဖြစ်သည်။ ထိုပိုးကြောင့် ရင်သွေးငယ်များတွင် toxoplasmosis ဟုခေါ်သော မွေးရာပါရောဂါဆိုးကို ခံစားရစေသည်။ ထိုရောဂါဆိုးကြောင့် ရင်သွေးငယ်လေး၏ ဦးနှောက်၊ မျက်နှာနှင့်အာရုံကြောများကို ထိခိုက်စေသည်။ကျန်းမာသန်စွမ်းသော သားသမီးလေးများ ရရှိနိုင်စေရန်နှင့် မိခင်လောင်းများပါအန္တရာယ်ကင်းစေရန် ဤဆောင်းပါးလေးကအထောက်အကူပြုနိုင်စေရန် မျှော်လင့်ပါသည်။ Credit : ဒေါက်တာကေခိုင်မောင် (ဆေး-၁) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။