လိင်တံတောင့်တင်းချိန် ကြာမြင့်ရင်အန္တရာယ်ဖြစ်စေနိုင်သလား။
healthcare.com.mm
|
2019-09-09


ဒီနေရာမှာ “ကြာမြင့်ချိန်” ရဲ့အဓိပ္ပါယ်ကို ဘယ်လိုသတ်မှတ်သလဲဆိုတာအရေးကြီးပါတယ်။ လိင်စိတ်ထကြွအောင် လှုံ့ဆော်မှုမရှိဘဲ လေးနာရီထက်ကြာအောင် လိင်တံတောင့်တင်းခြင်းကို ဆေးပညာအလိုအားဖြင့် Priapism လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် လိင်စိတ်ထကြွအောင် လှုံ့ဆော်လိုက်သောအခါ လိင်တံအတွင်း သွေးစီးဝင်ကာ ကြီးထွားတောင့်တင်းလာလေ့ ရှိပါတယ်။ လိင်စိတ်ထကြွစေတဲ့ လှုံ့ဆော်မှုကို ရပ်ပစ်လို့ဖြစ်ဖြစ်၊ ခံစားမှုအထွတ်အထိပ်ရောက်ပြီး သုက်လွှတ်လိုက်လို့ပဲဖြစ်ဖြစ် လိင်တံနဂိုအနေပြန်ရောက် သွားကြပါတယ်။အကယ်၍ လိင်တံတောင့်တင်းချိန် လေးနာရီထက်ကြာမြင့် သွားတဲ့အခါ လိင်တံအတွင်း ဝင်ရောက်နေတဲ့ သွေးတွေ ပိတ်မိသလိုဖြစ်စေပါတယ်။ လိင်တံပြန်ပြီး နဂိုနေရောက်ဖို့ ခက်ခဲသွားတတ်ပါတယ်။ ဒီအခါ နာကျင်မှုဆိုးရွားလာတတ်ပါတယ်။ မကုသဘဲထားရင် လိင်တံမှာအနာတရဖြစ်ကာအမာရွတ်ဖြစ်ပြီး လိင်တံတောင့်တင်းမှု ပြဿနာ ထာဝရဖြစ်ပွားနိုင်ပါတယ်။ လိင်စိတ်ထကြွစေတဲ့ လှုံ့ဆော်မှုမရှိဘဲ လိင်တံတောင့်တင်းမှုများကို မွေးကင်းစ သားလေးတွေမှာပင် တွေ့ရနိုင်ပါတယ်။အဖြစ်အများဆုံးကတော့အသက်ငါးနှစ်နှင့် ဆယ်နှစ်ကြားကာလရယ်၊အသက်နှစ်ဆယ်နှင့် ငါးဆယ်ကြားအရွယ်တွေမှာပါ။ လိင်တံတောင့်တင်းချိန် ကြာမြင့်ခြင်းကို ကုသရတာရိုးရိုးလေးပါ။ ရေခဲအိတ် ကပ်ပေးလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒီနည်းနဲ့မှ မသက်သာရင် လိင်တံကိုဆေးထိုးပေးဖို့ လိုအပ်နိုင်ပါတယ်။ လိင်တံအတွင်း ပိတ်လှောင်ဖောင်းနေစေတဲ့ သွေးတွေကို ဖယ်ရှားပေးရပါလိမ့်မယ်။အဆိုးဆုံးအနေအထားမှာ လိင်တံကို ခွဲစိတ်ပြီး သွေးအဝင်အထွက် ညက်စေဖို့ ပြုပြင်ပေးရပါလိမ့်မယ်။ Credit : ဒေါက်တာမြင့်သန်း (သန္ဓေသား) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..