သိုင်းလောကသားတွေအတွက်မျှော့
ondoctor.com.mm
|
2019-09-16



သိုင်းလောကသားတွေအတွက်မျှော့

သာမန်လူတွေအနေနဲ့ဆိုရင် မျှော့ဆိုတာဟာ လူကိုတွယ်ကပ်ပြီး သွေးစုပ်တတ်တဲ့သတ္တဝါ၊ ကြောက်စရာ ရွံ့စရာကောင်းတဲ့သတ္တဝါလို့ပဲ သိကြပြီး သိုင်းလောကသားတွေက ဘာလို့ ဒီသတ္တဝါကို သဘောကျရတာလဲဆိုပြီး နားမလည်ဖြစ်နိုင်ပါတယ်။

အမှန်တကယ်တော့ သိုင်းလောကသားတွေသဘာကျတဲ့ မျှော့ဆိုတာဟာ မိန်းမကိုယ်ထဲမှာရှိတဲ့မျှော့ပါ။

သာမန်လူတွေသိကြတဲ့ လူကိုတွယ်ကပ်သွေးစုပ်တဲ့ မျှော့သတ္တဝါမဟုတ်ပါဘူး။

ခေတ်အဆက်ဆက် သိုင်းလောကသားတွေ ဝိုင်းဖွဲ့စကားပြောတဲ့အခါ သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများက သက်ငယ်သိုင်းသမားအသစ်များကို ကိတ်တဲ့အမျိုးသမီး၊ လန်းတဲ့အမျိုးသမီးတွေထက် မိန်းမကိုယ်မျှော့ပါတဲ့အမျိုးသမီးတွေကပိုပြီးအမျိုးသားတွေကို တန်းတန်းစွဲဖြစ်စေတတ်ကြောင်းကို ပြောပြလေ့ရှိပါတယ်။

အဲ့အခါ သက်ငယ်သိုင်းသမားတွေကလည်း မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတော့ မိန်းမကိုယ်ဘယ်နားမှာရှိတာလဲ။ ဘယ်လိုအရာလေးလဲ။အသက်ရှိလား။အများသိကြတဲ့မျှော့သတ္တဝါလိုပုံစံလေးလား စသဖြင့် သက်ရွယ်ကြီးအတွေ့အကြုံများတဲ့ သိုင်းအဖွဲ့မှူးများကို မေးကြ၊ စပ်စုကြပြီးအခွင့်သာတုန်း သိုင်းဗဟုသုတတိုးပွားအောင်လုပ်လေ့ရှိပါတယ်။

ဒါကြောင့်ဒီတပတ်မှာ သိုင်းလောကသားတွေအပြောများတဲ့ မိန်းမကိုယ်မျှော့အကြောင်းကို သက်ငယ်သိုင်းသမားအသစ်များသာမက သိုင်းသမားမဟုတ်တဲ့ တခြားသူများပါသိအောင် ရေးသားတင်ပြလိုက်ရပါတယ်။

အမှန်တကယ်တော့ မိန်းမကိုယ်မှာရှိတဲ့မျှော့ဆိုတာဟာ ဘယ်နားမှာရှိတယ်၊ ဘယ်လိုအရာလေးဖြစ်တယ်ဆိုပြီး လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့အရာ၊အသက်ရှိနေတဲ့အရာ/အကောင် မဟုတ်ပါ။

မိန်းမကိုယ်အတွင်းနံရံကြွက်သား၊ တင်ပဆုံကွင်းကြွက်သား(Pelvic floor muscles) တွေရဲ့ ညှစ်နိုင်အား(Contraction power) ကောင်းခြင်းကို တင်စားခေါ်တာဖြစ်ပါတယ်။

အမျိုးသမီးတိုင်းမှာ မိန်းမကိုယ်အတွင်းနံရံကြွက်သား၊ တင်ပဆုံကွင်းကြွက်သားတွေကိုယ်စီရှိကြပေမယ့် တယောက်ချင်းစီရဲ့ကျုံ့ညှစ်နိုင်တဲ့စွမ်းအားကတော့ မတူပါဘူး။

ကြွက်သားတွေရဲ့ ကျုံညှစ်နိုင်တဲ့စွမ်းအားအနည်းအများပေါ်မူတည်ပြီးအတူနေလင်ဆက်ဆံတဲ့အခါ ဆက်ဆံဖော်ကို ပေးနိုင်တဲ့ခံစားမှု၊ သာယာမှုကကွဲပြားနိုင်ပါတယ်။

တင်ပဆုံကွင်းကြွက်သားတွေ(Pelvic floor muscles) ကျုံညှစ်နိုင်စွမ်းကျနေပါကအတူနေဆက်ဆံတဲ့အခါ ဆက်ဆံဖော်အား မိန်းမကိုယ်ဟာကျယ်သလို ခံစားရစေပြီး ဆက်ဆံဖော်ရဲ့ စိတ်ကျေနပ်မှု၊ သာယာမှုခံစားရတာကို လျော့နည်းစေနိုင်ပါတယ်။

တချို့အမျိုးသမီးတွေမှာကျ တင်ပဆုံကွင်းကြွက်သားတွေဟာ ကျုံညှစ်နိုင်စွမ်းကောင်းလွန်းပြီးအတူနေလိင်ဆက်ဆံတဲ့အခါ ဆက်ဆံဖော်အမျိုးသားရဲ့လိင်တံကို လက်နဲ့တင်းကြပ်စွာ ဆုပ်ညှစ်ထားသလိုဖြစ်တဲ့အတွက် ဆက်ဆံဖော်အမျိုးသားဟာအထွဋ်အထိပ် စိတ်ကျေနပ်မှု၊ သာယာမှုကိုခံစားရပါတယ်။

ဒီအခါမှာ ဆက်ဆံဖော်အမျိုးသားဟာ ထိုအမျိုးသမီးကို တန်းတန်းစွဲဖြစ်ရလေ့ရှိတတ်ပါတယ်။

ထိုကဲ့သို့ တင်ပဆုံကွင်းကြွက်သားတွေကျုံ့ညှစ်နိုင်စွမ်း ကောင်းလွန်းတဲ့အမျိုးသမီးတွေကိုတော့ မျှော့ပါတဲ့အမျိုးသမီးတွေလို့ တင်စားခေါ်ဝေါ်ကြပါတယ်။

အရပ်ထဲမှာတော့ မိန်းမကိုယ်မျှော့ပါတဲ့အမျိုးသမီးတွေဟာ ဆက်ဆံဖော်အမျိုးသားအတွက်ကောင်းပေမယ့် ကလေးမွေးတဲ့အခါကျ မျှော့ကကလေးကိုပြန်ဆွဲတဲ့အတွက် ကလေးမွေးရခက်နိုင်တယ်။အဲ့လိုမဖြစ်အောင် မျှော့ပါတဲ့အမျိုးသမီးကလေးမွေးခါနီးကျ ဆားနဲ့ပက်ရတယ်ဆိုတဲ့အယူအဆတွေ၊ ရှေးထုံးတွေရှိပါတယ်။

ဒါဟာ မှားပါတယ်။ မိန်းမကိုယ်မျှော့ပါခြင်းဟာ ကလေးမွေးရခက်ခြင်းကို မဖြစ်စေနိုင်ပါဘူး။

မိန်းမကိုယ်မျှော့ပါခြင်း သို့မဟုတ် တင်ပဆုံကွင်းကြွက်သားတွေ ကျုံညှစ်နိုင်စွမ်းကောင်းခြင်းဟာအပျိုဖြစ်ခြင်း၊အအိုဖြစ်ခြင်း၊အသက်အရွယ်ကြီးခြင်း၊ ငယ်ခြင်းနဲ့ ဆိုင်နိုင်ခြေရှိပေမယ့်အပျိုစစ်တိုင်း၊အသက်ငယ်တိုင်း တင်ပဆုံကွင်းကြွက်သားတွေ ကျုံညှစ်နိုင်စွမ်းကောင်းမယ်လို့ယတိပြတ်ပြောမရသလိုအအိုဖြစ်တိုင်း၊ ကလေးမွေးဖူးတိုင်း၊အသက်ကြီးတိုင်းလည်း တင်ပဆုံကွင်းကြွက်သားတွေကျုံညှစ်နိုင်စွမ်းမကောင်းတော့ဘူးလို့ ယတိပြတ်ပြောမရပါ။

အသက်ငယ်၊အပျိုစစ်ဖြစ်ပေမယ့် ကော်နက်တစ် တစ်သျှူးခေါ် တွယ်ဆက်တစ်သျှူးတွေအားနည်းတဲ့ မွေးရာပါရောဂါရှိတာ (Congenital weakness of connective tissue)၊ ချောင်းရေရှည် မကြာခဏဆိုးတာ၊ ဝမ်းခဏခဏချုပ်တတ်တာ၊အကြောင်းတခုခုကြောင့် တင်ပဆုံကွင်းနေရာတဝိုက်ခွဲစိတ်ရတာ၊အဝလွန်တာ၊ စတဲ့အကြောင်းရင်းတွေရှိရင် တင်ပဆုံကွင်းကြွက်သားတွေကျုံညှစ်နိုင်စွမ်းမကောင်းတာ ဖြစ်နိုင်ပါတယ်။


အဆုံးသတ်အနေနဲ့ ပြောကြားချင်တာကတော့ တင်ပဆုံကွင်းကြွက်သားတွေ ကျုံညှစ်နိုင်စွမ်းကျပြီး
မျှော့မပါဖြစ်နေတဲ့အ မျိုးသမီးတွေအနေနဲ့ စိတ်ဓါတ်ကျစရာမလိုပါဘူး။

Kegel’s exercise ဆိုတဲ့ တင်ပဆုံကွင်းကြွက်သားလေ့ကျင့်ခန်းတွေ သေချာလုပ်ရင် တင်ပဆုံကွင်းကြွက်သားကျုံညှစ်နိုင်စွမ်းကောင်းလာပြီး မိန်းမကိုယ်မျှော့ကိုရရှိပိုင်ဆိုင်လာနိုင်ပါတယ်။

ကီဂျယ်လေ့ကျင့်ခန်းဆိုတာဟာ ဆီးသွားနေစဉ် ဆီးခဏရပ်အောင်ညှစ်ရတဲ့ကြွက်သားကို ဆီးသွားချိန်မဟုတ်တဲ့ တခြားအချိန်တွေမှာ ညှစ်လိုက်လျှော့လိုက်လုပ်ခြင်းဖြင့် ကြွက်သားသန်မာအောင်လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

စစလုပ်ခြင်းမှာ

လှဲနေရင်းနဲ့လုပ်ပါ။

ကြွက်သားကိုတကြိမ်ညှစ်ရင် ၂ စက္ကန့်လောက်ပဲညှစ်ထိန်းပါ။

ပြန်လျှော့ပါ။ ပြီးရင် ၅ စက္ကန့်လောက်နားပြီး နောက်တကြိမ် ပြန်ညှစ်ထိန်းပါ။

ညှစ်တဲ့အချိန်မှာအသက်အောင့်မထားပါနဲ့။အသက်ကိုပုံမှန်ရှုဖို့လိုပါတယ်။ ဝမ်းဗိုက်ကြွက်သားကိုပါ ထည့်မညှစ်မိအောင်ဂရုစိုက်ပါ။

ဒီလိုညှစ်ထိန်းလိုက်လျှော့လိုက်နဲ့ ၈ ကြိမ် မှ ၁၀ ကြိမ် ပြည့်အောင်လုပ်ပါ။

တနေ့ကို မနက်တခါ နေ့လယ်တခါ ညတခါ စုစုပေါင်း ၃ ခါ လုပ်ပါ။ တခါတခါလုပ်တိုင်း ညှစ်တာလျှော့တာကို ၈ ကြိမ် မှ ၁၀ ကြိမ်ပြည့်အောင်လုပ်ဖို့လိုပါတယ်။

တဖြည်းဖြည်းနဲ့ ကြွက်သားညှစ်ထိန်းတဲ့အချိန်ကို ၂ စက္ကန့်ကနေ ၁၀ စက္ကန့်လောက်ထိညှစ်နိုင်အောင်ကြိုးစားပါ။

လေ့ကျင့်ခန်းလုပ်တာကြာလာတာနဲ့အမျှ ကျွမ်းကျင်လာပြီး နောက်ပိုင်းမှာ သပ်သပ်အချိန်ပေးစရာမလိုဘဲ ထိုင်နေရင်း၊ ဖုန်းသုံး၊ တီဗီကြည့်နေရင်း၊အလုပ်လုပ်နေရင်းနဲ့လည်း လုပ်နိုင်လာပါလိမ့်မယ်။

ကီဂျယ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မိန်းမကိုယ်မျှော့ကိုပိုင်ဆိုင်နိုင်ရုံသာမက ဆီးမထိန်းနိုင်တာ၊ သားအိမ်ကျတာ၊အစာဟောင်းအိမ်ကျတာတွေကိုလည်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Dr 528




Some text some message..