ဝမ်းပျက် ဝမ်းလျှောပြီဆိုတာနဲ့ ဝမ်းပိတ်ဆေး တန်းသောက်သင့်လား။
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များတဲ့ ရောဂါတွေထဲက
တခုဖြစ်ပါတယ်။
ဝမ်းလျှောခြင်းဆိုသည်မှာ ၂၄ နာရီ တရက်အတွင်းအရည်ဝမ်းများ ၃ ကြိမ်နဲ့အထက် သွားခြင်းလို့ ဆေးစာအုပ်မှာ သတ်မှတ်ထားပါတယ်။
ဝမ်းအမာများ ခဏခဏသွားခြင်းကို ဝမ်းလျှောခြင်းလို့ မသတ်မှတ်ပါ။
ဝမ်းပျက်ဝမ်းလျှောရောဂါက ရောဂါပိုးတွေကြောင့်အပြင် Disaccharidase deficiency လို့ခေါ်တဲ့ စားတဲ့အစားသောက်တွေထဲမှာ ပါတတ်တဲ့ Lactose ကို မချေဖျက်နိုင်တဲ့ ရောဂါရှိရင်သော်လည်းကောင်း ပိုးသေဆေးတွေ၊အစာအိမ်ဆေးတွေအသောက်များလို့ ဘေးထွက်ဆိုးကျိုးအနေနဲ့သော်လည်းကောင်း ရောဂါတခုခုရဲ့ နောက်ဆက်တွဲအနေနဲ့သော်လည်းကောင်း လည်းဖြစ်နိုင်တယ်ဆိုပေမယ့် ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်းအကြောင်းအများစုကတော့ ရောဂါပိုးတွေကြောင့် ဖြစ်တာပါ။
ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးတွေကတော့
– ဘက်တီးရီးယား (Bacteria) ပိုးမှာဆိုရင်အီးကိုလိုင် (E.coli)၊ ဆာမွန်နဲလား (Salmonella)၊ ရှီဂဲလား (Shigella)၊ ကော်လာရာ (Vibrio Cholerae)
– ဗိုင်းရပ်စ်ပိုး (Virus) မှာဆိုရင် ရိုတဗိုင်းရပ်စ် (Rota Virus)
– ကပ်ပါးပိုး (Parasites) မှာဆိုရင်အမီးဘားပိုး (E.histolytica)
– မှိုပိုး (Fungi) မှာဆိုရင် ကန်ဒီဒါ (Candida) စသဖြင့်အများကြီးရှိပါတယ်။
လူအတော်များများအနေနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် ဆေးခန်းမပြသေးဘဲ ဝမ်းပိတ်ဆေးအရင်ဝယ်သောက်လေ့ ရှိတတ်ပါတယ်။
ဒါဟာ မှားပါတယ်။
ဝမ်းပိတ်ဆေးအမျိုးအစားတွေ သုံးလေးမျိုးရှိတဲ့အနက် Loperamide ကိုအခြေခံထုတ်ထားသော ဝမ်းပိတ်ဆေးအမျိုးအစားတွေ ဖြစ်တဲ့ Dicotil,Immodium လို ဝမ်းပိတ်ဆေးတွေဟာအသုံးများတဲ့ ဝမ်းပိတ်ဆေးတွေ ဖြစ်ပါတယ်။
ဝမ်းပိတ်ဆေးတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကို မကုသနိုင်ပါဘူး။
ဆိုလိုတာက ဝမ်းပျက်ဝမ်းလျှောရောဂါပိုးကို မသတ်နိုင်ပါဘူး။
သို့ပေမယ့် ဝမ်းပိတ်ဆေးမှာအူလမ်းကြောင်းရဲ့ မြန်နေတဲ့လှုပ်ရှားမှုကို လျှော့ချပေးတဲ့အာနိသင်ရှိတာကြောင့် ဝမ်းသွားတဲ့အကြိမ်ရေနဲ့ သွားတဲ့ပမာဏကို နည်းသွားစေနိုင်ပါတယ်။
ဒါကြောင့် ခံစားနေရတဲ့ ဝမ်းသွားခြင်းကို သက်သာစေနိုင်ပါတယ်။
အရေးပေါ်သွားလာစရာရှိတဲ့ သူတွေအနေနဲ့တော့ ခဏအဆင်ပြေနိုင်ပါတယ်။
သို့ပေမယ့် ဒါဟာခေတ္တခဏပဲ ဖြစ်ပါတယ်။
ဝမ်းလျှောတယ်ဆိုတာဟာအူလမ်းကြောင်းထဲ ဝင်ရောက်ကူးစက်တဲ့ပိုးကိုအူနံရံက ရေများများနဲ့ခန္ဓာကိုယ်အပြင်ဘက် ထွက်အောင် ပြန်စွန့်ပစ်နေတာ ဖြစ်ပါတယ်။
အဲ့လိုလုပ်နေတဲ့အချိန်မှာ ဝမ်းရပ်အောင် ဝမ်းပိတ်ဆေးသောက်လိုက်ရင် ဝမ်းသွားတာခဏရပ်သွားလို့
သက်သာသယောင်ထင်ရပေမယ့် ဆေးအရှိန်ပြယ်လျှင် ပိုးရှိသေးတဲ့အတွက် ထပ်သွားအုံးမှာဖြစ်ပါတယ်။
ဝမ်းပိတ်ဆေးသောက်ခြင်းကြောင့် ဝမ်းသွားတာ ခဏသက်သာသွားပေမယ့်အူလမ်းကြောင်းထဲမှာ ပိုးကကျန်နေတာကြောင့်အပြင်မထွက်နိုင်တာကြောင့် ဝမ်းသွားရမယ့် ရက်ကြာရှည်သွားနိုင်ပါတယ်။
ဒါ့အပြင်အူလမ်းကြောင်းထဲမှာ ကျန်နေတဲ့ပိုးကနေထွက်တဲ့အဆိပ်တောက်ဓါတ်ပစ္စည်းတွေဟာလည်းအပြင်ကိုမထွက်နိုင်တာကြောင့်အခန့်မသင့်ရင် ပိုးဆိပ်ပြန့်ပြီး သွေးပေါင်ကျတာ၊ သတိလစ်တာတွေပါ ဖြစ်နိုင်ပါတယ်။
ဝမ်းပိတ်ဆေးဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဝမ်းချုပ်တာ၊ လေပွတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ဝမ်းဗိုက်နာတာ၊အော့အန်တာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တိုင်း ဝမ်းပိတ်ဆေးတွေကို စွတ်မသောက်သင့်ပါ။
ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊အသည်းရောဂါအခံရှိသူတွေ၊အူရောင်ရောဂါအခံရှိတဲ့သူတွေ ဆိုရင် မသုံးခင်ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။
အထူးသဖြင့် ၄ နှစ်အောက် ကလေးငယ်တွေမှာဆိုရင် ဝမ်းပိတ်ဆေးမသုံးရပါ။
ဝမ်းပျက်ဝမ်းလျှောတဲ့အခါမှာ ချက်ချင်းသောက်သုံးရမယ့်အရာကတော့ ဓါတ်ဆားရည်ဖြစ်ပါတယ်။
ဝမ်းနဲ့အတူ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ဖြစ်ပါတယ်။
ဓါတ်ဆားရည်အပြင် ထမင်းရည်၊ စွပ်ပြုတ်ရည်၊ ရေသန့်၊ ဟင်းရွက်ပြုတ်ရည် (ဟင်းချို)၊အချိုမပါဘဲ မိမိအိမ်တွင် သန့်ရှင်းစွာဖျော်သော သစ်သီးဖျော်ရည် တွေတိုက်နိုင်ပါတယ်။
မတိုက်သင့်တဲ့အရည်တွေကတော့ ဂတ်စ်ပါတဲ့အချိုရည်ဘူးများ ပုလင်းများ၊အပြင်ဆိုင်က သစ်သီးဖျော်ရည်များနဲ့ လက်ဖက်ရည် ကော်ဖီတွေပါ။
ဒီလိုတွေလုပ်ရင်းနဲ့ ၃ ရက်နေလို့မှ မသက်သာရင် သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောဖြစ်တာနဲ့အတူ ဖျားတာ၊အန်တာ၊အစာအရည်မဝင်တော့တာ၊ ဝမ်းထဲသွေးပါတာတွေဖြစ်လာရင်တော့ ချက်ချင်းဆေးခန်းပြသဖို့လိုပါတယ်။
Dr 528