Vape သောက်သုံးမှုကြောင့် သေဆုံးသူဦးရေပိုများလာကြောင်းလေ့လာတွေ့ရှိ
Vape ဆိုတာဘာလဲ
ယနေ့ခေတ်မှာဆေးလိပ်အစားထိုးအဖြစ် လူငယ်တွေကြားမှာရေပန်းစားလာတဲ့ စီးကရက် (E-Cigarette) ဖြစ်ပါတယ်။အရင်က ကျွန်တော်တို့သောက်နေကျ ဆေးလိပ်၊ ဆေးရွက်ကြီးတွေမှာလိုအဆုတ်နဲ့ နှလုံးကိုထိခိုက်ပျက်စီးစေတဲ့ နီကိုတင်းဓာတ် (Nicotine) တွေ မပါဝင်ဘူးလို့ ဈေးကွက်ထဲမှာဆိုထားပေမယ့် တကယ်တမ်းလုံးဝမပါဘူးလို့ သင်ထင်ပါသလား။
MyOpenAds
ဒါဆိုရင်တော့အခုတဖြည်းဖြည်း မြင့်တက်လာတဲ့ သေဆုံးမှုဦးရေကသင်ထင်ထားတာတွေ မှားနေတယ်ဆိုတာသက်သေပြနေပါပြီ။
Vape သောက်တဲ့အခါအပူပေးလျှပ်စစ်ရှော့တိုက်ရတဲ့အရည်တွေထဲမှာနီကိုတင်းတွေသာမကတခြားလူကိုစွဲလမ်းစေတဲ့ ဓာတုဗေဒပစ္စည်းပေါင်းများစွာပါဝင်နေပါတယ်။အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရဗီတာမင်အီးအက်စီတိတ် (Vitamin E acetate) ဆိုတဲ့ ဓာတ်လည်းပါဝင်နေတယ်ဆိုတာသိရပါတယ်။
ဗီတာမင်အီးအက်စီတိတ် က လူတွေကိုဒုက္ခဖြစ်စေသလား
အမှန်တကယ်ကဗီတာမင်အီးသည် လူတွေရဲ့ ကိုယ်ခန္ဓာနဲ့အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပါ။ ပုံမှန်အားဖြင့်တော့အစာအိမ်ထဲကနေအာဟာရဓာတ်ကိုစုပ်ယူတယ်ဆိုပေမယ့် ဒီအခြေအနေမှာတော့ ဗီတာမင်အီးအက်စီတိတ်ကိုအရည်ကနေတစ်ဆင့် မီးရှို့ပြီးရလာတဲ့အငွေ့ကိုအဆုတ်ကနေ ရှူရှိုက်လိုက်တာကြောင့် ဘေးဥပါဒ်ဖြစ်ရတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ Vape သောက်ရာကနေတစ်ဆင့် ဒီဓာတ်သတ္တုတွေဟာလူတွေကိုဘယ်လောက်ထိဒုက္ခဖြစ်စေနိုင်လဲဆိုတာတော့ လေ့လာနေဆဲပဲဖြစ်ပါတယ်။
Vape ကြောင့် ဘယ်သူတွေ သေဆုံးမှုအများဆုံးဖြစ်နေလဲ
လက်ရှိအချိန်မှာ ဆယ်ကျော်သက်အရွယ်တွေနဲ့အသက်ငယ်သေးတဲ့ လူငယ်တွေမှာလွန်စွာအဖြစ်များနေတာကိုတွေ့ရပါတယ်။ ကြော်ငြာအားကောင်းလွန်းတာရော၊အသစ်အဆန်းမှန်သမျှ စမ်းသုံးကြည့်ချင်တဲ့အရွယ် ဖြစ်နေတဲ့ လူငယ်တွေဟာ Vape ရဲ့ သားကောင်ဖြစ်လို့ဖြစ်မှန်းမသိတဲ့ ဘဝမှာရောက်နေပါတယ်။
Vape ကိုစွဲသောက်ပြီးနောက်မှာဘယ်လိုလက္ခဏာတွေ ပြလာလဲ
ဆေးလိပ်စွဲတာကို ဖြတ်ဖို့ စမ်းသောက်လိုက်ကာမှ Vape ပါ ဖြတ်မရဘဲစွဲလမ်းသွားကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။ ဆေးလိပ်လိုမျိုးအနံ့ကလည်းမနံဘဲအမွှေးရနံ့လေးကသင်းနေတယ်။ ဈေးကွက်တွေကလည်းVape ကိုအန္တရာယ်ကင်းတဲ့ ဆေးလိပ်အစားထိုးပစ္စည်းပါဆိုပြီးအင်တိုက်အားတိုက် ကြော်ငြာနေကြတော့ ပိုဆိုးကုန်တော့တာပေါ့။
များသောအားဖြင့် စွဲသောက်တဲ့လူငယ်တွေမှာချောင်းအပြင်းအထန်ဆိုးတာ၊အသက်ရှူကြပ်တာ၊အသက်ကောင်းကောင်းရှူလို့မရတော့တာ၊အော့အန်တာ၊ မောပန်းတာ၊ ကိုယ်အလေးချိန်ကျပြီးပိန်ချုံးလာတာအစရှိတဲ့လက္ခဏာတွေကသုံးစွဲပြီးရက်သတ္တပတ်အနည်းငယ်အတွင်း ပြလာတတ်ပါတယ်။အဲ့နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာကအလွန်အမင်းတက်ကြွလျက်ရှိပြီးအန္တရာယ်များတဲ့အပြုအမူတွေ (လူပေါင်းများစွာနဲ့ လိင်ဆက်ဆံလိုစိတ်ဖြစ်တာ၊ လိင်စိတ်ဆန္ဒ ထိန်းမရတာ၊ မူးယစ်ဆေးဝါးတွေပါ သုံးစွဲလာတာ) ကိုပါ တွေ့လာရပါတယ်။ နေ့နေ့ညညနီကိုတင်းနဲ့ တခြားအဆိပ်သင့်ဓာတ်တွေ ရှူရှိုက်မိပြီးအချိန်ကြာလာတဲ့အခါအဆုတ်နဲ့ နှလုံးက ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲကျန်းမာရေးထိခိုက်ကာအသက်သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။
ဒါကြောင့် ဆေးလိပ်ပဲဖြစ်ဖြစ်၊ Vape ပဲဖြစ်ဖြစ် စမသုံးစွဲမိအောင် ကိုယ့်စိတ်ကိုယ်အသိဉာဏ်နဲ့ ထိန်းဖို့၊ သုံးမိရင်လည်းအလွန်အကျွံမဖြစ်စေဖို့၊ ကိုယ့်ကျန်းမာရေးကိုသေချာဂရုစိုက်ဖို့ ထပ်ပြီးအကြံပေးလိုက်ချင်ပါတယ်။