ဒီနေ့ခေတ်မှာ လူကြီးလူငယ် မရွေးအရိုးအဆစ်တွေ၊ နာကျင်ကိုက်ခဲမှု ခံစားနေရတယ်လို့ ငြီးတွားသံတွေ ကြားနေရပါတယ်။အဲဒါဘာကြောင့် ဖြစ်ရတာပါလဲ။အရိုးအဆစ် နာကျင်ကိုက်ခဲမှုဆိုတာအရင်ကတည်းကအလွန်အဖြစ်များတဲ့ ရောဂါလက္ခဏာပါ။ ရောဂါလက္ခဏာပေါ် မူတည်ပြီးအသက်အရွယ်နဲ့ ကျား/ မ ကွာပါတယ်။ ယေဘုယအားဖြင့်တော့ သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။အမျိုးသမီးတွေက ပိုဖြစ်တတ်ပါတယ်။အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာဖြစ်ပွားတဲ့အကြောင်းရင်း ရောဂါပေါ်မူတည်ပြီး ဖြစ်ပွားရတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။အဆစ်နာကျင် ကိုက်ခဲတဲ့ လူနာမှာအဓိကအားဖြင့် ရောင်ရမ်းပြီး ကိုက်ခဲလာတာလား (Inflammatory Arthritis)အရင် ခွဲခြားရပါတယ်။ ရောင်ရမ်းကိုက်ခဲမှုအများစုက Auto-Immune လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား တုံ့ပြန်မှုလွန်ရောဂါတွေကြောင့် ဖြစ်ပါတယ်။ ကျီးပေါင်းရောဂါ (Osteoarthritis) ကတော့အသက်ကြီးလာတာနဲ့အမျှအဆစ်အတွင်းက ချောဆီနဲ့အရိုးနုတို့ ပျက်စီးယိုယွင်းမှုကြောင့် ဖြစ်ရတာပါ။ ဂေါက်ရောဂါကတော့ သွေးတွင်းယူရစ်အက်စစ် (Uric Acid) ဓာတ်အချိန်ကြာမြင့်စွာမြင့်မားမှုကြောင့် ဖြစ်ရတာပါ။ ဒီလိုနာတာရှည်တွေ မဟုတ်ဘဲ ခဏတဖြုတ် နာကျင်ကိုက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ တုပ်ကွေးလို ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုကြောင့်၊အဆစ်ထဲ ဘတ်တီးရီးယားပိုးဝင်တာကြောင့်အစရှိသဖြင့်အကြောင်းအမျိုးမျိုး ရှိကြပါတယ်။အရိုးအဆစ်နာကျင် ကိုက်ခဲတာအစားအသောက်နဲ့ကော ဆက်စပ်မှုရှိပါသလား။အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါတွေထဲမှာ ဂေါက်ရောဂါကအစားအသောက်နဲ့ ဆက်စပ်မှုရှိပါတယ်။အရက်၊ ဘီယာ၊အချိုရည်၊ ကလီစာ၊ ပင်လယ်စာတွေက ရောဂါကို ပိုဆိုးစေပါတယ်။အရိုးအဆစ် နာကျင်ကိုက်ခဲတဲ့အခါအများစုက စပ်ဆေးတွေဝယ်သောက်တာနဲ့ ပတ်သက်ပြီး စပ်ဆေးတွေမှာ ပေးလေ့ရှိတာကအကိုက်အခဲပျောက်ဆေးနဲ့ စတီးရွိုက်လို့ ခေါ်တဲ့အရောင်ကျဆေးတွေ ဖြစ်ပါတယ်။အကိုက်အခဲပျောက်ဆေးတွေက ကြာလာရင်အစာအိမ်နဲ့ ကျောက်ကပ်ကို ထိခိုက်တတ်ပါတယ်။ စတီးရွိုက်ဆေးတွေကအန္တရာယ်အများကြီးပေးတတ်ပါတယ်။အရိုးပွတာ၊အစာအိမ်ရောင်တာ၊ ဆီးချို၊ သွေးတိုးတက်တာ၊ ကိုယ်ခံစွမ်းအားကျတာ၊ မျက်နှာတွေဖောသွပ်လာတာ၊ မျက်လုံးအတွင်းတိမ်စွဲတတ်တာအစရှိသဖြင့် သေသေချာချာ မသုံးတတ်ရင်အန္တရာယ်တွေ ပေးတတ်ပါတယ်။ တစ်ခါတလေ ကိုက်ခဲတာလောက်ကတော့ ကိုယ့်ဟာကိုယ်အကိုက်အခဲပျောက်ဆေး ဝယ်သောက်လို့ ရပေမယ့် နှစ်ပတ်ကျော်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့အကြံပေးလိုပါတယ်။ ကုသမှု နံပတ်တစ်ကတော့ နာကျင်ကိုက်ခဲမှုသက်သာအောင် လုပ်ရပါတယ်။ သောက်ဆေး၊ ထိုးဆေးတွေအပြင် Physiotherapy ခေါ်တဲ့ ရူပကုထုံးတွေ သုံးရပါတယ်။ နောက်တဆင့်ကတော့ ဖြစ်တဲ့အကြောင်းအရင်း ရောဂါပေါ်မူတည်ပြီး သက်ဆိုင်တဲ့ ကုသမှုပေးရပါတယ်။ နာတာရှည်အဆစ်အမြစ်ရောင်ပြီးအဆစ်တွေ ကောက်ကွေးသွားတာ၊ ကြွက်သားတွေ သိမ်သွားပြီး လှုပ်ရှားမှု မလုပ်နိုင်တော့တာတွေ ၇ှိနေရင် ရူပကုထုံးနဲ့ ကုတဲ့အထူးကုတွေ၊အရိုးခွဲစိတ်အထူးကုတွေဆီကို လိုအပ်သလို လွှဲပို့ ကုသရပါတယ်။ နာတာရှည်အဆစ်ရောင် ရောဂါတွေက နှစ်နဲ့ချီပြီး ကုရပါတယ်။ နောက်ဆက်တွဲဆိုးကျိုး စနစ်တကျ ကုသမှုမခံယူမိတဲ့ ကိစ္စမှာ လွဲမှားတတ်တာကအဆစ်အမြစ် ကိုက်ခဲတဲ့အခါ ASO လို့ခေါ်တဲ့ ပိုးလေးဖက်နာကို စစ်ကြည့်တတ်ကြပါတယ်။ ASO ကလည်း ပိုးလေးဖက်နာ မဟုတ်လည်းဘဲ သွေးထဲမှာ မြင့်နေတတ်တော့ မှားယွင်းတတ်ပါတယ်။ ပိုးလေးဖက်နာ (Rheumatoid Arthritis) သာ ဖြစ်ခဲ့ရင်အချိန်မီ ကုသမှုမရခဲ့လို့အဆစ်အမြစ်တွ ကောက်ကွေးသွားတာအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ် ဖြစ်လေ့ရှိတဲ့ ကိစ္စကတော့ စပ်ဆေးတွေ သောက်တာပါပဲ။ ခုနက ရှင်းပြခဲ့သလို ရေရှည်မှာ ဆိုးကျိုးတွေအများကြီးရှိပါတယ်။ ဒူးကျီးပေါင်းရောဂါဆိုရင် ခန္ဓာကိုယ်အလေးချိန်များနေရင် ပိုဖြစ်တတ်၊ ပိုဆိုးတတ်ပါတယ်။ ကိုယ်အလေးချိန် မလျော့ချနိုင်ရင် လမ်းလျှောက်လို့ မရတော့တဲ့အထိ ဒူးဆစ်တွေက ပျက်စီးသွားတတ်ပါတယ်။အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမှုရဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ ဆိုးဆိုးရွားရွားရောဂါ တွေရှိနိုင်ပါသလား။ ရှိနိုင်ပါတယ်။ ဥပမာ Systemic Lupus Erythromatosus လို့ခေါ်တဲ့အရေပြားလေးဖက်နာ၊ Progressive Systemic Sclerosis လို့ခေါ်တဲ့အရေပြားထူလေးဖက်နာတွေဟာအစပိုင်းမှာအဆစ်နာတာ လောက်ပဲ ခံစားရတတ်ပါတယ်။ ဒီရောဂါတွေက ခန္ဓာကိုယ်အနှံ့အပြားရှိ ကိုယ်တွင်းကလီစာတွေကို ဒုက္ခပေးတတ်ပါတယ်။ ဂေါက်ရောဂါဆိုရင်လည်း တချို့မှာ ကျောက်ကပ်ပျက်စီးနေတာကို နောက်မှ သိရတာမျိုးဖြစ်တတ်ပါတယ်။အရိုးအဆစ်နာကျင်မှုမဖြစ်အောင် ကာကွယ်ရမယ့်အပိုင်းအဝမလွန်ရအောင်၊ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဂေါက်ရောဂါ မျိုးရိုးရှိပြီး သွေးတိုးရောဂါရှိတဲ့သူတွေမှာအရက်၊ ဘီယာ၊ ဝမ်းတွင်းကလီစာအချိုရည်တွေ ရှောင်သင့်ပါတယ်။အဆစ်အမြစ်တွေ ဒဏ်ဖြစ်အောင် ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ရပါမယ်။အဆစ်အမြစ်နာတာ နှစ်ပတ်ကျော်လာရင် နီးစပ်ရာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ Credit : ဒေါက်တာချိုမာလွင် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။