ကျွန်တော်တို့လူသားတွေအပါအဝင် ကြောင်တွေ၊ ခွေးတွေ၊ မြင်းတွေ၊ ယုန်တွေ၊ သမင်းတွေ၊ ဆင်တွေနဲ့အခြားတိရစ်ဆာန်တွေကအညိုရောင်ရှိတဲ့ မစင်ကို စွန့်ကြတာပါ။ ငှက်တွေကျတော့ ဘာလို့အညိုရောင်မဟုတ်ပဲ၊အဖြူနဲ့အနက်ရောင်မစင်တွေကို စွန့်ကြတာလဲဆိုတာကတော့ စဉ်းစားစရာပါပဲ။
ငှက်တွေရဲ့အစာခြေအင်္ဂါစနစ်က ကျွန်တော်တို့နဲ့အခြားသတ္တဝါတွေအများစုလို ပုံစံချင်းမတူကြပါဘူး။ ငှက်တွေက ဆီးသွားတာနဲ့ မစင်စွန့်တာကို သက်သက်စီ မလုပ်ကြဘဲ ဆီးသွားတာကော၊ မစင်စွန့်တာပါ တစ်ခါတည်းလုပ်ကြပါတယ်။ သတ္တဝါတိုင်းဟာ နိုက်ထရိုဂျင်ပါတဲ့ ဓာတ်ပစ္စည်းတွေကို စွန့်ပစ်နေရပါတယ်။အဲဒီ နိုက်ထရိုဂျင်ပါတဲ့ ဓာတ်ပစ္စည်းတွေကနေ နောက်ဆုံးရလာတဲ့ ဓာတ်ကတော့အမိုးနီးယားဓာတ်ငွေ့ (Ammonia) ဖြစ်ပါတယ်။အခြားနို့တိုက်သတ္တဝါတွေလိုပဲ ငှက်တွေကအမိုးနီးယားဓာတ်ကိုအသည်းကနေတာဝန်ယူပြီး ချေဖျက်ပေးရတယ်။ ဒါပေမဲ့ နို့တိုက်သတ္တဝါတွေနဲ့ မတူဘဲ ငှက်တွေကအမိုးနီးယားကို ယူရစ်အက်ဆစ် (Uric Acid)အနေနဲ့ ပြောင်းပစ်ပြီး ကျောက်ကပ်ကနေ စစ်ထုတ်ကြပါတယ်။ ယူရစ်အက်ဆစ်က ရေမှာ ကောင်းကောင်းမပျော်ဝင်နိုင်တာကြောင့်အဖြူရောင်ပျစ်ပျစ်အရည်အနှစ်တွေအဖြစ် သာစွန့်ထုတ်ရပါတယ်။
ငှက်မျိုးစိတ်အများစုက ဆီးသွားဖို့အင်္ဂါသီးသန့်မရှိပါဘူး။ ဆီးလမ်းကြောင်း၊အူလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါလမ်းကြောင်း (သုက်ပြွန်၊ သားဥပြွန်)အတွက် ကလိုရာကာ (Cloaca) လို့ခေါ်တဲ့အပေါက်တစ်ခုတော့ရှိပါတယ်။ ကျောက်ကပ်ကနေ ထွက်လာတဲ့ ဆီးခြောက်က ဆီးလမ်းကြောင်းတစ်လျှောက် ဆင်းလာပြီးနောက်၊အူလမ်းကြောင်းအဆုံးမှာ စုနေပါတယ်။ ငှက်တွေက မစင်စွန့်တဲ့အခါအဲဒီမစင်ကော၊ ယူရစ်အက်ဆစ် ကြွယ်ဝတဲ့ ဆီးခြောက်ဖြူဖြူတွေကိုပါ ထွက်သွားပါတယ်။ ဒါကြောင့် ငှက်ချေးကအဖြူအနှစ်တွေနဲ့၊အစိမ်းရောင် (ဒါမှမဟုတ်)အစိမ်းရောင်များသွားရင်အနက်ရောင်ရှိတဲ့ မစင်ဖတ်တွေနဲ့အတူရောနေရတာပါ။ ယူရစ်အက်ဆစ် ကြွယ်ဝတာကြောင့် ငှက်ချေးဟာအက်ဆစ်သဘာဝပြင်းတယ်လို့ ပြောလို့ရပါတယ်။
ငှက်တွေက ရေများများသုံးစရာမလိုတဲ့အတွက် ယူရစ်အက်ဆစ် (Uric Acid)အဖြစ် စွန့်ထုတ်ကြပြီး ကုန်းနေရေနေသတ္တဝါတွေနဲ့ နို့တိုက်သတ္တဝါတွေကတော့ ယူရီးယားဓာတ် (Urea)အဖြစ် စွန့်ကြပါတယ်။
Ref: Curiosity, Mentalfloss “Why Is Bird Poop White?”
Team (ရိုးရာလေး)