ချဉ်ပေါင်ရွက်ရဲ့အံ့သြစရာကောင်းကျိုးများ
ချဉ်ပေါင်ပင်သည် ကျွန်တော်တို့ မြန်မာတွေနဲ့ တရင်းတနှီးရှိသောအပင်ဖြစ်သည်။
အထူးသဖြင့် ကျေးလက်ဒေသရှိ မြန်မာများရဲ့ထမင်းဝိုင်းတွင် ချဉ်ပေါင်ဟင်းသည် နေ့စဉ်နီးပါး မပါလျှင်မပြီးသည်အထိ ချဉ်ပေါင်ကိုအသုံးများအစားများကြသည်။
“ရွှေချဉ်ပေါင်လက်ခြား၊ ကြက်သားနှင့် မလဲပေါင်” ဟူသော စာချိုးကိုကြည့်ရင် ကျွန်တော်တို့ရဲ့ဘိုးဘေးမြန်မာတွေ ချဉ်ပေါင်ကို ဘယ်လောက်နှစ်သက်ကြောင်း သိနိုင်ပါတယ်။
ချဉ်ပေါင်ပင်ကိုအင်္ဂလိပ်လို Roselle လို့ခေါ်ပါတယ်။
ရုက္ခဗေဒနာမည်ကတော့ Hibiscus sabdariffa ဖြစ်ပါတယ်။
တစ်ရာသီခံပင်အမျိုးအစားဖြစ်ပါတယ်။
ချဉ်ပေါင်ရွက်ပုံစံသည်အရွက်ချွန်ချွန်လေးဖြစ်ပြီးအခွသုံးခွ သို့မဟုတ် ငါးခွပါပါတယ်။
ချဉ်ပေါင်အမျိုးအစားအများကြီးရှိပါတယ်။အမျိုးအစားတခုတည်းကိုပဲ နာမည်နှစ်ခုသုံးခုရှိတတ်သည်။
လူသိများသောချဉ်ပေါင်အမျိုးစားတွေကတော့
၁။ ရွှေဘိုချဉ်ပေါင် ခေါ် လျော်ချဉ်ပေါင် ခေါ် ချဉ်ပေါင်လက်ခြား ခေါ် ဆေးချဉ်ပေါင်
၂။ ချဉ်ပေါင်နီ ခေါ် ဘိလပ်ချဉ်ပေါင်
၃။ ချဉ်ပေါင်းခါး ခေါ် ဓါတ်ချဉ်ပေါင် ခေါ် ချဉ်ပေါင်ကြီး
၄။ ကျောက်ချဉ်ပေါင် ခေါ် ချဉ်ပေါင်ရိုင်း တို့ဖြစ်ကြပါတယ်။
ချဉ်ပေါင်ကိုစားရာတွင် ချဉ်ပေါင်ရွက်ကို
မျှစ် သို့မဟုတ် ပုစွန်၊ ဝက်သားတို့နဲ့ ရောကြော်ပြီးသော်လည်းကောင်း၊ ချဉ်ရည်ဟင်းအနေနဲ့သော်လည်းကောင်း၊ ဟင်းချိုချက်ပြီးသော်လည်းကောင်း စားသုံးနိုင်ပါတယ်။
ဒါ့အပြင်အသားထူသည့် ချဉ်ပေါင်ဖူးအနီကို ကြော်၍သော်လည်းကောင်း၊ ချက်၍သော်လည်းကောင်း၊အသုပ်သုပ်၍ သော်လည်းကောင်း၊ ထန်းလျက်၊ သကြားတို့ဖြင့်ရောပြီး ယိုထိုး၍သော်လည်းကောင်း စားနိုင်ပါတယ်။
ချဉ်ပေါင်ရွက်မှာ ပရိုတင်းဓါတ်၊ ဗီတာမင်စီဓါတ်၊ သံဓါတ်၊ ကယ်လ်ဆီယံဓါတ်၊အမျှင်ဓါတ် စတဲ့ ဓါတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။
ချဉ်ပေါင်ရွက် စားခြင်းဖြင့်အမျှင်ဓါတ်မျာစွာရရှိတာကြောင့် ဝမ်းချုပ်ခြင်းကိုကင်းစေကာ ဝမ်းမှန်စေနိုင်ပြီးအူမကြီးကင်ဆာဖြစ်ပွားနှုန်းလျော့ကျစေနိုင်ပါတယ်။
ဗီတာမင်စီနဲ့ သတ္ထုဓါတ်တွေအမြောက်အများပါရှိသောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခဏခဏဖျားနာတာ၊အအေးမိတာတွေဖြစ်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။
ကယ်လ်ဆီယံဓါတ်နဲ့ သံဓါတ် လည်းကြွယ်ဝစွာပါဝင်တာကြောင့်အရိုးတွေကိုလည်းသန်မာကြံခိုင်စေကာ ကိုယ်ခန္ဒာသွေးအားကောင်းစေပြီး ကျန်းမာကြီးထွားစေပါတယ်။
မြန်မာ့ဆေးကျမ်းများမှာတော့ ချဉ်ပေါင်ရွက်ရဲ့ ကျန်းမာရေးအကျိုးပြုပုံနဲ့ ပတ်သက်ပြီး
ချဉ်ပေါင်ရွက်သည် လေသလိပ်နာကိုနိုင်၏။ ဝမ်းမီးကိုတောက်စေ၏။ ကြေညက်လွယ်၏။ နှုတ်ကိုမြိန်စေ၏။ ကာမအားကိုတိုးစေ၏။ ဝမ်းသက်စေ၏။အဆိပ်နာ၊ မြင်းသရိုက်နာတို့ကိုနိုင်၏။ နားနာ၊ နားကိုက်၊ လည်ချောင်းနာတို့တွင် သုံးနိုင်၏ လို့ရေးသားထားပါတယ်။
ဒါ့အပြင် ပြတ်ရှနာ၊ ပြည်တည်နာ၊အနာဆွေးအနာဟောင်းများအတွက်အနာကိုဖန်ရည်ဆေးကာ ချဉ်ပေါင်ရွက်ကို မီးကင်ပြီးအုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
Dr သီတာနွယ်(အမရပူရ)