ဆီးခုံမွှေးရိတ်ခြင်းရဲ့ ဆိုးကျိုးများ
ဆီးခုံမွှေးဆိုတာအမျိုးသား၊အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတဝိုက်မှာပေါက်တဲ့အမွှေးဖြစ်ပါတယ်။ ဆေးပညာအရတော့ Pubic Hair လို့ခေါ်ပါတယ်။
အရင်ခေတ်ကတော့ ဆီးခုံမွှေးရိတ်တာညှပ်တာကို ပုံမှန်ဓမ္မတာအတိုင်း လိင်ဆက်ဆံတာမျိုးမဟုတ်တာကို နှစ်သက်တဲ့သူတွေ (ဆိုလိုတာက ပါးစပ်နဲ့လိင်ဆက်ဆံတာကို နှစ်သက်တဲ့သူတွေ) ပဲလုပ်လေ့ရှိတတ်ပါတယ်။
ဘာလို့လဲဆိုတော့ ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါမှာ ဆီးခုံမွှေးတွေက ဆက်ဆံပေးတဲ့သူအတွက်ရော၊ ဆက်ဆံခံတဲ့သူအတွက်ပါအနှောင့်အယှက်ဖြစ်စေနိုင်လို့ပါ။
ခုခေတ်မှာ ဆီးခုံမွှေးကိုရိတ်တာ၊ ညှပ်တာတွေဟာအမျိုးသား၊အမျိုးသမီးတွေကြားမှာ ခေတ်စားလာပြီး ဆီးခုံမွှေးရိတ်တဲ့သူ၊ ညှပ်တဲ့သူတွေဟာများလာပါတယ်။
အမေရိကန်မှာလုပ်ခဲ့တဲ့ သုတေသနတွေအရ သူတို့ဆီကအမျိုးသား၊အမျိုးသမီးတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ ဆီးခုံမွှေးကို ရိတ်လေ့၊ ညှပ်လေ့ရှိကြောင်းသိရပါတယ်။ တချို့တွေကလည်း ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်းကို နှစ်ခြိုက်တဲ့အတွက် ညှပ်တာ၊ ရိတ်တာ ရှိသလို တချို့တွေကျတော့လည်း ဒီဆီးခုံမွှေးတွေရှည်လာတဲ့အခါ ချွေးထွက်ရင်အနံ့အသက်မကောင်းဘူး၊ သန်းတွေတွယ်နိုင်ကာ ယားယံတာတွေဖြစ်တယ်လို့ ထင်မြင်ယူဆပြီး ညှပ်တာ၊ ရိတ်တာမျိုးလည်းရှိပါတယ်။
ဆီးခုံမွှေးတွေရှည်လာတဲ့အခါ ချွေးထွက်ရင်အနံ့အသက်မကောင်းဘူးဆိုတာ၊ သန်းတွေတွယ်နိုင်ကာ ယားယံတာမျိုးဖြစ်တတ်တယ်ဆိုတာဟာ မှန်သင့်သလောက်မှန်ပေမယ့် ဆီးခုံမွှေးတွေကို ညှပ်တာ၊ ရိတ်တာလုပ်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေက သင်မထင်ထားနိုင်လောက်အောင် ကြီးမားပါတယ်။
သုတေသနတွေအရ ဆီးခုံမွှေးညှပ်တာရိတ်တာလုပ်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုသိသလောက်ရေးသားတင်ပြရရင်တော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လိင်ဆက်ဆံရာမှ တဆင့်ကူးစက်နိုင်တဲ့ရောဂါ ပိုမိုကူးစက်လွယ်ခြင်း
ဆီးခုံးမွှေးရိတ်တာ ညှပ်တာတွေလုပ်တဲ့အခါ လျှပ်စစ်ဂျုတ် (Electronic razor)၊ ရိုးရိုးဂျုတ် (Manual razor)၊ ကတ်ကြေးတွေကိုအသုံးပြုကြပါတယ်။အဲ့အခါမှာအရေပြားပွန်းပဲ့တာမျိုးတွေဖြစ်နိုင်ပါတယ်။အရေပြားပွန်းပဲ့တာက မျက်စိနဲ့မြင်ရအောင်ဖြစ်တာမျိုးလည်းရှိသလို မျက်စိနဲ့မမြင်နိုင်တဲ့အရေပြားပွန်းပဲ့မှုအသေးစားလေးတွေ (Micro-tears) ဖြစ်တာမျိုးလည်းရှိတတ်ပါတယ်။
အဲ့လိုအချိန် လိင်ဆက်ဆံတဲ့အခါ လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ ကာလသားရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ လိင်အဂါကြွက်နို့၊ ရေယုန်ရောဂါ၊ ဘီပိုး၊ စီပိုး၊အိတ်အိုင်ဗီပိုးစတာတွေကို ပိုမိုကူးစက်လွယ်စေနိုင်ပါတယ်။
၂။အရေပြားပိုးဝင်ပြီးအနာဖြစ်ခြင်း
ဆီးခုံးမွှေးတွေဟာ ဘက်တီးရီးယားပိုးတွေနဲ့ တခြားအန္တရာယ်ရှိတဲ့အမှုန်အမွှားတွေကို ဖမ်းယူထားပေးပြီး ထိုအရာတွေနဲ့ ဆီးခုံအရေပြားမထိအောင်ကာကွယ်ပေးပါတယ်။ ဆီးခုံမွှေးတွေကို ရိတ်တာညှပ်တာတွေလုပ်လို့ ဆီးခုံမွှေးတွေမရှိတော့ရင် ဘက်တီးရီးယားပိုးနဲ့ တခြားအန္တရာယ်ရှိအမှုန်အမွှားတွေဟာ ဆီးခုံအရေပြားနဲ့တိုက်ရိုက်ထိတွေ့ပြီးအရေပြားပိုးဝင်ကာ ပြည်တည်နာဖြစ်တာ၊ ဝက်ခြံဖြစ်တာ စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
၃။ ယားယံခြင်း
ဆီးခုံမွှေးတွေကို ရိတ်ပြီးစ၊ ညှပ်ပြီးစမှာသန့်ရှင်းသွားတယ်။ နေလို့ထိုင်လို့ကောင်းသွားတယ်လို့ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သိပ်မကြာတဲ့ရက်ပိုင်းလောက်အတွင်းမှာအမွှေးသစ်အတိုလေးတွေစထွက်လာပြီးအဲ့အခါမှာ သင်ဟာဆီးခုံတဝိုက် ယားယံခြင်းကို ဆိုးဝါးစွာခံစားရပါလိမ့်မယ်။
၄။ စိုထိုင်းဆများပြီးပိုးဝင်နိုင်ခြေများခြင်း
ခန္ဓာကိုယ်ရှိ တခြားနေရာတွေလိုပဲ ဆီးခုံနေရာဟာ ချွေးထွက်ပါတယ်။ ဆီးခုံမွှေးတွေဟာ ထွက်တဲ့ချွေးနဲ့အစိုဓါတ်ကို စုပ်ယူသင့်သလောက်စုပ်ယူပေးပြီး ဆီးခုံနေရာတဝိုက်အပူချိန်ကိုမျှစေကာ စိုစွတ်မှုဖြစ်မနေအောင် ကာကွယ်ပေးပါတယ်။ ဆီးခုံမွှေးတွေကိုညှပ်တာ၊ ရိတ်တာတွေလုပ်တဲ့အခါမှာ ဆီးခုံနေရာဟာ ချွေးထွက်တဲ့အခါ စိုထိုင်းဆများလာပြီး ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေပေါက်ပွားလာနိုင်ပါတယ်။
ဒါတွေကြောင့်အဆုံးသတ်အနေနဲ့ပြောရရင် ဆီးခုံမွှေးတွေကို မလိုအပ်ဘဲ ရိတ်တာ၊ ညှပ်တာတွေမလုပ်ပါနဲ့။ တားမရလို့ရိတ်တာ၊ ညှပ်တာတွေလုပ်တယ်ဆိုရင်လည်း ရိတ်ပြီးညှပ်ပြီးချင်း လိင်ဆက်ဆံတာကိုမလုပ်ပါနဲ့။အနည်းဆုံး သုံးလေးရက်လောက်ရှောင်ပါလို့အကြံပေးချင်ပါတယ်။
Dr 528