နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါဖြစ်နိုင်
healthcare.com.mm
|
2019-09-22


ရာသီဥတု ပူပြင်းတာကြောင့် နားဆီခန်းခြောက်တယ်ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။ နားဆီက နားပြွန်ထဲမှာရှိသလို နားထဲမှာအဆီကျိတ်တွေနဲ့ နားဖာချေးထုတ်တဲ့အကျိတ်တွေလည်း ရှိပါတယ်။အကျိတ်တွေက ရာသီဥတုပူလာရင်အဆီခြောက်တတ်ပါတယ်။ ရာသီဥတုပူတဲ့အချိန်တွေမှာ နားထဲကနေ နားဖာချေးအခြောက်လေးတွေ ခါတိုင်းထက် ပိုထွက်လာတတ်ပါတယ်။အဲသည်လိုအချိန်မျိုးတွေမှာ နားကျပ်တာ၊ နားကလော်တာ၊ နားထဲကို ရေ၊ ဆီ၊ နားနဲ့ ပတ်သက်တဲ့ တခြား ဆေးရည်တွေ ထည့်တာမျိုး မပြုလုပ်သင့်ပါဘူး။ ပူပြင်းတဲ့ရာသီမှာ နားထဲကအဆီတွေက ခြောက်သွေ့တတ်ပေမယ့် ခန်းတယ်လို့တော့ မရှိပါဘူး။ နားပြွန်ထဲမှာအလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့ စနစ်လည်း ရှိပါတယ်။အဲဒီစနစ်ကအတွင်းပိုင်း ရောက်သွားတဲ့အမှုန်အမွှားတွေကို သယ်ထုတ် ပေးပါတယ်။ သည်စနစ်က နူးညံ့တာကြောင့် နားကလော်ရင် ပျက်သွား တတ်ပါတယ်။ သန့်ရှင်းရေးစနစ် ပျက်သွားရင် နားဖာချေးတွေအပြင်ကို မထွက်တော့ဘဲအတွင်းပိုင်းမှာ စုနေတတ်တာကြောင့် နားဖာချေး ပိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နားဖာချေး လုံးဝ မရှိတော့ တာတွေလည်း ဖြစ်တတ်ပါတယ်။ နားကလော်ပါ များရင်၊ နားကျပ်ပါ များရင် နားထဲမှာရှိတဲ့အဆီတွေ ထွက်မလာ တတ်တော့ပါဘူး။အဲသည်အခါမျိုး တွေမှာ နားခြောက် တတ်ပါတယ်။ နားခြောက်လာတဲ့အခါ နားထဲဖုန်ဝင်ရင် နားအရမ်းယားပြီး တစ်နေ့တည်း လေးငါးခါ နားကျပ်တာမျိုးတွေ ပြုလုပ်လာတတ်ကြပါတယ်။ နားယားတဲ့ ဝေဒနာကို သက်သာဖို့ တွေ့ကရာ တုတ်တွေ၊ စက္ကူတွေ၊ ချိတ်တွေနဲ့ နားကျပ်ပါ များလာရင် နားမှိုစွဲတဲ့ ရောဂါနဲ့ နားကိုက် ရောဂါပါ ခံစား လာရတတ်ပါတယ်။ “နားယားလာလို့ တရားလွန် နားကျပ်တာမျိုး၊ နားပင်းလောက်တဲ့အထိ နားကျပ်တာမျိုး မလုပ်သင့်ဘူး။ နားစည် ပေါက်သွားမယ် ဆိုရင် နားလေး သွားတတ်ပါတယ်။ နားမှိုစွဲတာတို့၊ နားကိုက် လာတာတို့ ဖြစ်ပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာပြသ သင့်တယ်”လို့အထူးကု ဆရာဝန် ဒေါက်တာ ဦးဝင်းထိုက်ကြည်က ပြောပါတယ်။ Credit : ကုမုဒြာ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..