နားပြွန်ချောင်းအလယ်ပိုင်းသို့ ရောဂါဝင်ရောက်ခြင်းကြောင့် အရည်များပြည့်လာခြင်းကို နားဖာချေးပိတ်ခြင်းလို့ ခေါ်ပါတယ်။ ထိပ်ကပ်နာရောဂါ၊ အာသီးရောင်ဝေဒနာနဲ့ နားအလယ်ပိုင်းမှာ ဖြစ်တဲ့ရောဂါတွေ ဖြစ်တဲ့အခါ အဲဒီရောဂါပိုးတွေကို ခုခံတွန်းလှန် တဲ့အနေနဲ့ Eustachian tube က အရည်တွေကို စစ်ထုတ်ပေးပါတယ်။ နားအလယ် ပိုင်းရောင်ရမ်း၍ အဆိုပါပြွန်လမ်းကြောင်း ပိတ်ဆို့သွားတဲ့အခါ အရည်များစီးဆင်းနိုင်မှု မရှိတော့ဘဲ ပိတ်မိကာ ကော်ကဲ့သို့ စေးပျစ်သော နားဖာချေးများ ဖြစ်ပေါ်လာပါတယ်။ အသံလှိုင်းဟာ နားဖာချေးအရည်ကို ဖြတ်သန်းရတာမို့ အကြားအာရုံကို ထိခိုက်စေပါ တယ်။ စိုးရိမ်ရပါသလား နားဖာချေးပိတ်ခြင်းဟာ လုံးဝနားပိတ်ထားတဲ့အထိ ဆိုးရွားနိုင်တာမို့ စိုးရိမ်ရပါတယ်။ အမြန်ကုသဖို့လိုပါတယ်။ နားပင်းခြင်းကြောင့် စကားပြောခြင်း၊ ပညာသင်ကြားခြင်းတို့ကို ထိခိုက်စေပါတယ်။ ရောဂါလက္ခဏာများ • နားအတွင်းမှာ ပိတ်ဆို့နေတဲ့ ခံစားရမှုမျိုးရှိခြင်း။ • နားတစ်ဖက် (သို့) နှစ်ဖက်လုံးမှ နားကောင်းကောင်း မကြားရခြင်း (သို့) နားပင်းနေခြင်း။ သင်ပထမဆုံး ဘာလုပ်သင့်ပါသလဲ ကလေးကို အအေးမိရောဂါဖြစ်ပြီးသည့်နောက် သူ့ကိုခေါ်တဲ့ပြောတဲ့အခါ ချက်ချင်းပြန် တုံ့ပြန်မှု မရှိဘူးထင်ရင် နားကောင်းကောင်း ကြားခြင်းရှိမရှိ စမ်းသပ်ကြည့်ဖို့ လိုပါတယ်။ ကလေးခေါင်းတစ်ဖက်ကို လှည့်နေစဉ် အသံတိုးတိုးနဲ့ ခေါ်သံပေးပါ။ ကလေးကြားခြင်း ရှိ၊ မရှိကြည့်ပါ။ သင့်ခေါ်သံကို ကြားတယ်ဆိုရင်တောင် ဘယ်နေရာက ခေါ်တယ်ဆိုတဲ့ အချက်မှာ မှားယွင်းနေတတ်ပါသေးတယ်။ ဆရာဝန်နဲ့ ပြဖို့လိုပါသလား • ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။ ဆရာဝန်က ဘာတွေလုပ်ပေးရမလဲ သာမန်ရောဂါအဆင့်အတွက် ရောဂါပိုးသေစေမယ့် ပိုးသတ်ပဋိဇီဝဆေးကို သောက်ရပါမယ်။ ဆိုးရွားတဲ့ ရောဂါအဆင့်ရောက်ရင်၊ ရောဂါထပ်ကာထပ်ကာ ဖြစ်နေရင်၊ နားကြားခြင်းရှိ မရှိစမ်းသပ် သင့်ပါသည်။ နားဖာချေး စေးကပ်ကပ် အရည်များစီးထွက်သွားနိုင်အောင် ပလတ်စတစ်ပိုက်တိုလေး ထည့်ပေးခြင်းကို လနဲ့ချီကာ ထားခြင်းဖြင့် နားရောဂါ ပျောက်ကင်းသည်ထိ လုပ်ဆောင်နိုင်ပါတယ်။ နားရောဂါပျောက်ကင်းပြီဆိုမှ နားအထူးကုဆရာဝန်က ပိုက်တိုလေးကို ပြန်ဖယ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ ရောဂါပိုးဝင်ရောက်ခြင်း၊ နားအနောက်ဘက်ရှိ အကျိတ်များသို့ ရောဂါပိုးဝင်ရောက်ရာမှ နားဖာချေးပိတ်ရောဂါ ဖြစ်ပွားခြင်းစတဲ့ ကိစ္စမှာ ပြဿနာအရင်းအမြစ်ကို ပျောက်စေတဲ့အထိ ကုသမှသာ နောက်တစ်ဖန် ရောဂါဖြစ်ပွားခြင်း မရှိစေမှာ ဖြစ်ပါတယ်။ Credit : ဒေါက်တာမာမာအေးသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။