နတ်ဆိုးဝင်စားသူ မိစ္ဆာဘုန်းကြီးဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရက်စ်ပြူတင်
shwemom.com
|
2018-09-12

ရုရှားနိုင်ငံမှာ ဇာဘုရင် နီကိုလက်စ်(၂)နဲ့ မိဖုရား ဆာရီးနာအလက်ဇန္ဒြား တို့ဟာ နောက်ဆုံးတော်ဝင်မိသားစုမျိုးနွယ် ရိုမန်းနော့ဗ်တွေဖြစ်ကြပြီး (၁၉၁၇) တော်လှန်ရေးမတိုင်မီအထိ ရုရှားကိုအုပ်ချုပ်ခဲ့ကြပါတယ်။ မိဖုရား ဆာရီးနာဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်စွဲလန်းစိတ်များလွန်းသူဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ဆာရီးနာဟာ သူမရဲ့ ဝိညာဏ်ပိုင်းဆိုင်ရာမှာအကြံဉာဏ်ယူဖို့ ဘုန်းကြီးတစ်ပါးကို ကိုးကွယ်ခဲ့ပါတယ်။ ဘုန်းကြီးက ဂရီဂိုရီ-ရက်စ်ပြူတင် (Grigori Rasputin)ပါ။ ရက်စ်ပြူတင်ကို သာမန်ဆေးကုသတဲ့ ဘုန်းကြီးတစ်ပါးထက်စာရင် နတ်ဆိုးဝင်စားတဲ့ မိစ္ဆာဘုန်းကြီးဆိုပြီး သမိုင်းမှာ နာမည်ဆိုး ထွက်ခဲ့သူဖြစ်ပါတယ်။


ဖော်ပြပါဓာတ်ပုံကတော့ သူ့ကလေးတွေနဲ့အတူရိုက်ထားတဲ့ ရက်စ်ပြူတင်ရဲ့ ဓာတ်ပုံပါ။ ဆိုက်ဘေးရီးယန်း ကျေးရွာငယ်လေးတစ်ရွာမှာ မွေးဖွားခဲ့တဲ့ ရက်စ်ပြူတင်ရဲ့ မျိုးရိုးဟာ စာမတတ်၊ ပေမတတ် လယ်သမားတွေဖြစ်ပြီး မြင်းသူခိုးတွေလို့လဲ သိကြပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက ရက်စ်ပြူတင်မှာ ထူးခြားတဲ့ စွမ်းအားတွေရှိပြီးအနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ ဆိုပါတယ်။အရွယ်ရောက်လာတဲ့အခါအိမ်ထောင်သားမွေးပြုခဲ့ပေမယ့်အသက်(၂၈)နှစ်မှာတော့ သူဟာ မိသားစုကို စွန့်ပြီး ခရစ်ယာန်ဘုန်းကြီးဝတ်ဖြစ်ခဲ့ပါတယ်။ ရက်စ်ပြူတင်ဟာအိမ်ကိုစွန့်ခွာပြီး ဆိုက်ဘေးရီးယားသစ်တောထဲ လှည့်လည်နေထိုင်ရင်းအချိန်အတော်ကြာတဲ့အခါ သူ့ကျေးရွာကို ပြန်ရောက်လာခဲ့ပါတယ်။ သားရဲတိရစ္ဆာန်တွေနဲ့ ပြည့်နှက်ပြီးအသက်ရှင်ဖို့အခွင့်အလမ်းအင်မတန်နည်းတဲ့ ဆိုက်ဘေးရီးယားတောထဲမှာအကြာကြီးနေနိုင်ခဲ့တဲ့သူ့ကို လူတွေဟာအရမ်းအံ့သြသွားခဲ့ရပါတယ်။ တောထဲက ထွက်လာတဲ့အခါ သူ့မှာ မုတ်ဆိတ်ကျင်စွယ်တွေတောင် ရှည်နေပြီးဖြစ်ပြီး သူ့ရဲ့ စွမ်းအားတွေဟာ မြင့်တက်လာပြီလို့ ရက်စ်ပြူတင်က ဆိုပါတယ်။


လူတော်တော်များများက ရက်စ်ပြူတင်ဟာ တောထဲနေထိုင်စဉ်အတွင်းမှာ ကလစ်စ်လို့ခေါ်တဲ့အရည်းကြီးဂိုဏ်းတစ်ဂိုဏ်းဆီ ရောက်သွားခဲ့ကြောင်း ယူဆကြပါတယ်။ ထိုဂိုဏ်းဟာအပြစ်တွေကျူးလွန်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရမယ်ဆိုပြီးအရက်သေစာကို မူးရူးအောင် သောက်စားကာ ကာမဂုဏ်အာရုံမှာအလွန်အကျူးမွေ့လျော်တာဖြစ်ပါတယ်။ ရက်စ်ပြူတင်ဟာ တောထဲက ထွက်လာပြီးနောက်ပိုင်း သူ့ရွာမှာ ဂိုဏ်းတစ်ခုထူထောင်ပြီး ဂိုဏ်းဝင်အိမ်ထောင်ရှိအမျိုးသမီးတွေနဲ့လည်း ကြိမ်ဖန်များစွာ ပျော်ပါးခဲ့ပါတယ်။


အသက်(၃၄)နှစ်မှာ စိန့်ပီတာစဘတ်မြို့တော်ကို ရက်စ်ပြူတင်ဟာ ရွှေ့ပြောင်းသွားခဲ့ပါတယ်။ တော်ဝင်မိသားစုကအကူအညီလိုအပ်နေကြောင်း မယ်တော်မာရီက သူ့ကိုပြောတာကြောင့် သူ့အနေနဲ့ ကူညီဖို့လာခဲ့ကြောင်းပြောပြီး ဇာဘုရင်နဲ့ မိဖုရား ဆရီးနာဆီချဉ်းကပ်ပါတယ်။ ဘုရင်နဲ့ မိဖုရားရဲ့ တစ်ဦးတည်းရှိတဲ့ သားအဲလက်စ်စီက သွေးကျဲတဲ့ရောဂါရှိနေပါတယ်။ ရောဂါကြောင့်အဲလက်စ်စီဟာ ခန္ဓာကိုယ်ကို ထိမိခိုက်မိလိုက်တာနဲ့အနာက သွေးထွက်မရပ်တော့ပါဘူး။ ရက်စ်ပြူတင်ကအဲလက်စ်စီကို ထူးထူးဆန်းဆန်းပဲ ရောဂါပျောက်ကင်းအောင် ကုသပေးခဲ့ပါတယ်။


ရက်စ်ပြူတင်နဲ့ တွေ့ကြုံခဲ့ရတဲ့သူတွေက သူဟာ ရေချိုးဖို့ပြင်းလွန်းသူဖြစ်ပြီး မုတ်ဆိတ်မှာလည်း ပေါင်မုန့်အစအနတွေဟာ ကပ်ငြိနေတတ်တယ်လို့ ဆိုပါတယ်။အတွင်းခံတစ်ထည်တည်းကိုပဲ (၆)လလောက်ကြာအောင် ဝတ်လေ့ရှိတာကြောင့် သူ့ကိုယ်ဟာအမြဲတစေအနံံ့ဆိုးတွေ ထွက်နေတတ်ပါတယ်။ ဒါပေမယ့် သူ့ကိုအမျိုးသမီးတွေအရူးအမူး စွဲလမ်းရတဲ့အကြောင်းက စူးရှတဲ့ရက်စ်ပြူတင်ရဲ့ မျက်လုံးတွေကြောင့် ဖြစ်ပါတယ်။အချို့ကတော့ ရက်စ်ပြူတင်ဟာ သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေကိုအသုံးပြုပြီး လူတွေကို စိတ်ညှို့ထားနိုင်တယ်လို့ ဆိုပါတယ်။အော်လ်ဂါလောခ်တီနာအမည်ရှိတဲ့အမျိုးသမီးတစ်ဦးဆိုရင်အစာအိမ်ယောင်နာလို့ ရက်စ်ပြူတင်ဆီ ဆေးကုသမှုလာခံရာကနေ သူကြွယ်သူဌေးနဲ့ သားသမီးတွေကို ပစ်ပြီး ရက်စ်ပြူတင်နေထိုင်ရာအခန်းမှာပဲအတူတူလာနေတဲ့အထိပါပဲ။အော်လ်ဂါဟာ နောက်ပိုင်းမှာတော့ စိတ်ရောဂါကုဆေးရုံဆီကို ရောက်သွားပါတယ်။

ရက်စ်ပြူတင်ဟာ သူဆေးကုသပေးတဲ့ ချမ်းသာတဲ့ ရုရှားသူကြွယ်တွေဆီကနေ ဆေးကုသခငွေကြေးအမြောက်အမြားရရှိပြီး ကြွယ်ဝလာပါတယ်။ ဒါပေမယ့် ထူးခြားတာက ဆေးကုသ စရိတ်အတွက် ပိုက်ဆံမပေးချင်ဘူးဆိုရင် ရက်စ်ပြူတင်ဟာ သူ့ကိုနမ်းပြီးအခကြေးငွေအဖြစ် ပေးချေနိုင်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် မသတီစရာ ကောင်းတာက သူဟာ ဘယ်တော့မှ သွားတိုက်လေ့ရှိသူ မဟုတ်ပါဘူး။


ရက်စ်ပြူတင်မှာ ရန်သူအများကြီးရှိသလို တစ်ကြိမ်တစ်ခါထပ်ပိုပြီး သူများလုပ်ကြံခံခဲ့ရဖူးပါတယ်။ လုပ်ကြံသူတွေက ရက်စ်ပြူတင်ရဲ့ ဗိုက်ကို ဓားနဲ့ထိုးပြီး ဗိုက်ထဲကအူတွေကို မွှေထုတ်တာတောင် ရက်စ်ပြူတင်ဟာ ယင်းလုပ်ကြံမှုမှာအသက်ရှင်နိုင်ခဲ့ပါတယ်။ တဖန် တော်ဝင်မျိုးနွယ်မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ ဖီးလစ်စ် ယူဆူပေါ့ဗ်ဟာ ရက်စ်ပြူတင်ဟာ တစ်နိုင်ငံလုံးကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုပြီး သံသယရှိတာကြောင့် ရက်စ်ပြူတင်စားသောက်မယ့်အစားအစာတွေထဲမှာ ဆိုက်ယာနိုက်ဒ်အဆိပ်ခံကာ လုပ်ကြံပြီး နှလုံးဘက်ဆီ သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ ဒီအခြေအနေထဲအဆိပ်သောက်ပြီးတာတောင် ရက်စ်ပြူတင်ဟာ ထပြီးအပြင်ကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ ဖီးလစ်စ်နဲ့အပေါင်းပါတွေက ထွက်ပြေးတဲ့ ရက်စ်ပြူတင်ကို ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ပြီး သံတုတ်တွေနဲ့ ဝိုင်းရိုက်၊အိတ်တစ်လုံးထဲထည့်ကာ သူ့ကို မြစ်ထဲကို ပစ်ချခဲ့ပါတယ်။


ဒါပေမယ့် ရက်စ်ပြူတင်ရဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့သူတွေက ရက်စ်ပြူတင်ရဲ့အဆုပ်ထဲမှာ ရေတွေပြည့်နေတာကိုအံ့သြဖွယ်တွေ့ရှိခဲ့ပါတယ်။ တနည်းအားဖြင့် ရက်စ်ပြူတင်ဟာ ခေါင်းကို သေနတ်ပစ်ခံရတာတောင် ရေထဲပစ်ချခံခဲ့ရတဲ့အခါအသက်ရှူနေနိုင်သေးတယ်ဆိုတဲ့အချက်ပါပဲ။ ယင်းလူထူးလူဆန်းရဲ့အကြောင်းကို ရုရှားတစ်နိုင်ငံထဲမှာတင် မဟုတ်ပဲ ကမ္ဘာအနှံ့အပြားက လူတွေကလည်း ရက်စ်ပြူတင်အမှန်တကယ် သေ၊ မသေဆိုတာ ပြောဆိုငြင်းခုန်နေကြတုန်းပါပဲ။

လင်းလင်း (ShweMom)

Ref: toptenz




Some text some message..