Cardiac Enzyme Studies (နှလုံးအင်ဇိုင်းများအကြောင်းသိကောင်းစရာ)
hellosayarwon.com
|
2019-10-23
နှလုံးဆိုင်ရာအင်ဇိုင်းစစ်ဆေးခြင်းဆိုတာဘာတွေလဲ။
နှလုံးကြွက်သားများထိခိုက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အင်ဇိုင်းများ၊ ပရိုတင်းများ ပမာဏကိုစစ်ဆေးခြင်းဖြစ်တယ်။ ၎င်းတို့မှာ အင်ဇိုင်း creatine kinase (CK)၊ နှင့် ပရိုတင်း troponin I (TnI) ၊ troponin T (TnT) တို့ဖြစ်ပြီး သာမန်အခြေအနေမှာလည်းထိုအင်ဇိုင်းများ သွေးထဲမှာ ပမာဏနည်းနည်းရှိတတ်ပါတယ်။ ဒါပေမယ့် နှလုံးကြွက်သားထိခိုက်မှုတစ်ခုခုဖြစ်သွားရင်တော့ ထိုထိခိုက်တဲ့နေရာကနေ ထိုအင်ဇိုင်းတွေနဲ့ ပရိုတင်းတွေထွက်လာတာကြောင့် သွေးတွင်း ထိုအင်ဇိုင်းများပမာဏတက်လာပါတယ်။ ထိုအင်ဇိုင်းများ၊ ပရိုတင်းများထဲမှာ အချို့ကို အခြားတစ်ရှူးများတွင်လည်းတွေ့ရနိုင်တာကြောင့် ထိုတစ်ရှူးများထိခိုက်လျှင်လည်း အင်ဇိုင်းပမာဏတက်နိုင်ပါတယ်။ ဒါကြောင့် ရလာတဲ့အင်ဇိုင်းပမာဏအဖြေကို တခြားခံစားရတဲ့လက္ခဏာတွေ၊ အခြားသောစစ်ဆေးမှုများနှင့် ရလဒ်တို့နှင့် တိုက်ကြည့်စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

ဘာကြောင့်စစ်ဆေးမှုပြုရသလဲ။
• တကယ်လို့သင့်မှာ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချွေးပြန်ခြင်း စသည်တို့ရှိပါက ရုတ်တရက်နှလုံးဖောက်သလား၊ နှလုံးရောဂါ ဖြစ်နိုင်ချေ ရှိသလား သိရှိနိုင်ရန် နှင့် • ရောဂါပိုးဝင်ခြင်းကဲ့သို့ အခြားသော အကြောင်းတွေကြောင့် နှလုံးထိခိုက်မှုရှိမရှိ သိရစေရန်အတွက် စစ်ဆေးလေ့ရှိပါတယ်။

စစ်ဆေးမှုမပြုလုပ်ခင်သိရှိသင့်သည်များ
ဘာတွေသိထားသင့်လဲ။
ဒီစစ်ဆေးမှုမလုပ်နိုင်မယ့်အခြေအနေ ၊ ပြုလုပ်ပါကလည်း မထူးနိုင်သော အကြောင်းအရင်းတွေကတော့- • သိုင်းရွိုက်ဂလန်းအလုပ်လုပ်အားနည်းခြင်း၊ ကြွက်သားသိမ်ခြင်း၊ ကိုယ်ခံအားဆိုင်ရာရောဂါများ၊ Reye syndrome (လျင်မြန်၊မြန်ဆန်စွာဖြစ်ပွားသောဦးနှောက်နှင့် အသည်းရောင်သောရောဂါတစ်မျိုး) • နှလုံးကြွက်သားရောင်ခြင်းကဲ့သို့ အခြားသော နှလုံးရောဂါအခြေအနေများ • ရှေးဦးသူနာပြုနှလုံးနှိုးနည်းကဲ့သို့ နှလုံးပြဿနာအတွက် အရေးပေါ်ကုသမှုများ • ဆေးများ၊ အထူးသဖြင့်အသားဆေးများ • သွေးတွင်းအဆီနည်းစေသောဆေးများ • အရက်အလွန်အကျွံသောက်ခြင်း • လတ်တလောကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ထားခြင်း • ကျောက်ကပ်ထိခိုက်မှု • လတ်တလောခွဲစိတ်မှု၊ ပြင်းထန်သောထိခိုက်မှုရှိထားခြင်း

စမ်းသပ်မှုအတွက်ဘယ်လိုပြင်ဆင်ရမလဲ။
စစ်ဆေးမှုမတိုင်ခင် ပြင်ဆင်ထားစရာမရှိပါဘူး။ ဆေးအများစုဟာ ထိုစစ်ဆေးမှုရလဒ်ကို ထိခိုက်စေနိုင်တာကြောင့် သင်သောက်နေသောဆေးများအကြောင်း ဆရာဝန်ကိုပြောပြမေးမြန်းပါ။ စစ်ဆေးမှုမခံယူခင် သတိပေးချက်များ၊ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကိုသိရှိထားပြီး သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

စစ်ဆေးနေစဉ်ဘာတွေလုပ်လဲ။
• သွေးလျှောက်မှုခေတ္တရပ်စေရန် လက်မောင်းကိုစည်းထားပါမယ်၊ ထိုစည်းထားခြင်းဟာ သွေးပြန်ကြောကိုဖောင်းစေပြီး သွေးယူရလွယ်စေပါလိမ့်မယ် • အပ်ထိုးမည့်နေရာကို အရက်ပြန်နှင့်သန့်စင်ပါမယ် • သွေးပြန်ကြောထဲအပ်ထိုးပါမယ် (သွေးကြောအခြေအနေအရ တစ်ကြိမ်ထက်ပိုထိုးရသည်လည်းရှိနိုင်ပါတယ်) • သွေးထုတ်ပြီးပါက လက်မောင်းကစည်းထားသော ကြိုးကိုဖြည်ပေးပါလိမ့်မယ် • အပ်ထိုးရာနေရာကို ပလာစတာကပ်ပေးပါလိမ့်မယ်။ • သွေးကိုပြွန်ငယ်တစ်ခုအတွင်းထည့်ပါမယ်

စစ်ဆေးပြီးရင်ဘာလုပ်ရမလဲ။
သွေးထုတ်ထားသည့်နေရာကို သွေးတိတ်ရန်ပလာစတာကပ်ထားရပါမယ်။ မေးခွန်းများရှိပါက ဆရာဝန်ကိုတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ရလဒ်
ဆေးရုံ၊ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ပုံမှန်ပမာဏအနည်းငယ်ကွာခြားမှု ရှိနိုင်ပါတယ်။ အဖြေထုတ်ပေးသောဓါတ်ခွဲခန်းမှ သုံးသည့်ပုံမှန်ပမာဏကို အဖြေစာရွက်မှာရေးထားမှာဖြစ်ပြီး ရလဒ်ဖတ်သည့်ဆရာဝန်က သင့်ရောဂါအခြေအနေနဲ့ အခြားသောအချက်အလက်များပေါ်မူတည်ပြီး အဖြေပြောပါလိမ့်မယ်။ ယခုဖော်ပြထားသော ပုံမှန်ထက်နည်းနေသည့်ပမာဏက သင့်ဓါတ်ခွဲခန်းအတွက်တော့ ပုံမှန်ပမာဏထဲဝင်ချင်ဝင်နေပါလိမ့်မယ်။ ပုံမှန်ပမာဏ : Tnl : ဝ.၃၅ မိုက်ခရိုဂရမ်/လီတာ အောက် TnT : ဝ.၂ မိုက်ခရိုဂရမ်/လီတာ အောက် CK-MB (creatine kinase) : ဝ-၃ မိုက်ခရိုဂရမ်/လီတာ အောက် ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်ပမာဏ အနည်းငယ်ကွာခြားနိုင်ပါတယ်။ သွေးအဖြေအခြေအနေကိုသိရန် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ




Some text some message..