Menopause (သွေးဆုံးခြင်း)
healthcare.com.mm
|
2018-11-13

အကျဉ်းရှင်းလင်းချက်အမျိုးသမီးများတွင် သွေးဆုံးခြင်းဆိုသည်မှာ နောက်ဆုံးရာသီပေါ်ပြီး တစ်နှစ်အတွင်း လုံးဝဓမ္မတာမပေါ်ခြင်းကို ဆိုလိုပါသည်။အများအားဖြင့်အသက် ၄၀ နှင့် ၅၀ ကြားတွင် သွေးဆုံးလေ့ ရှိကြပါသည်။ သွေးဆုံးခြင်းသည်အမျိုးသမီးများတွင် သဘာဝအလျောက် ဖြစ်ပေါ်လာသည့် ဇီဝကမ္မ ဖြစ်စဉ်တစ်ခုဖြစ်သည်။ မျိုးပွားနိုင်ချေ ဆုံးရှုံးသွားသော်လည်း မိမိကိုယ်ကို ကျန်းမာစွာနေထိုင်နိုင်သည်။အချို့အမျိုးသမီးများသည် သွေးဆုံးသွားလျှင် ကိုယ်ဝန်ဆောင်ခြင်း ပြုလုပ်ရန် မလိုတော့သည့်အတွက်ကြောင့် စိတ်သက်သာရာ ရကြသည်။ သို့သော်လည်း သွေးဆုံးခြင်းကြောင့် ချွေးထွက်များခြင်း၊ စိတ်ခံစားလွယ်ခြင်း စသည့် လက္ခဏာများခံစားရသောကြောင့်အိပ်ရေးပျက်ခြင်း၊အားအင်ကုန်ခမ်းခြင်းအပြင်အချို့အမျိုးသမီးများတွင် စိုးရိမ်ပူပန်ခြင်း၊ သို့မဟုတ် ဝမ်းနည်းခြင်း၊ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရခြင်းများ လည်း ကြုံတွေ့ရနိုင်သည်။ ထိုသို့ ခံစားလာရလျှင် ဆရာဝန်နှင့် သွားရောက်ဆွေးနွေးတိုင်ပင်ပြီး လူနေမှုဘဝပုံစံ ပြောင်းလဲခြင်း၊ ဟော်မုန်းအစားထိုးကုသခြင်း များဖြင့် ကုသနိုင်ပါသည်။ လက္ခဏာများ သွေးဆုံးခါနီး လအနည်းငယ် နှင့် နှစ်အနည်းငယ်အတွင်းတွင်အောက်ပါရောဂါ လက္ခဏာများ ခံစားလာရနိုင်သည်။- ဓမ္မတာ ပေါ်လိုက်ပျောက်လိုက် ဖြစ်ခြင်း- မိန်းမကိုယ် ခြောက်သွေ့ခြင်း- မျက်နှာတွင်အနီကွက်များ ထွက်ခြင်း- ညဘက် ချွေးထွက်များခြင်း-အိပ်မပျော်ခြင်း- စိတ်ခံစား လွယ်ခြင်း- ကိုယ်အလေးချိန်တိုးလားခြင်း- ဆံပင်ပါးလာခြင်း၊အသားအရေခြောက်သွေ့ခြင်း- ရင်သား လျော့ရွဲလာခြင်း သွေးဆုံးခါနီးတွင် ရာသီမမှန်ခြင်းသည် ပုံမြှန်ဖစ်စဉ်ဖြစ်ပြီး မျှော်လင့်ထားရမည်လည်း ဖြစ်သည်။ သွေးဆုံးခါနီး (၁)နှစ် (၂)နှစ်အလိုတွင် ဓမ္မတာသည် ၂လ တစ်ခါ ၄လမှ တစ်ခါ လာတတ်သည်။ ထိုသို့ရာသီမမှန်ခြင်း ဖြစ်နေသော်လည်း ကိုယ်ဝန်ရသွားနိုင်သည်ကို သတိပြုရမည်။ ရာသီရက်ကျော်သွားပြီး သွေးဆုံးသွားခြင်း ဟုတ်မဟုတ် မသေချာလျှင် ကိုယ်ဝန်ရှိမရှိစစ်ဆေးသင့်သည်။ ဖြစ်ပွားရသောအကြောင်းရင်းများ(၁) မျိုးပွားနိုင်သည့် ဟော်မုန်းများ သဘာဝအလျောက်လျော့နည်းလာခြင်း -အသက် (၃၀) ကျော်လာသည်နှင့်အမျှအမျိုးသမီးများတွင် သားဥမှအီစထရိုဂျင် (estrogen) နှင့် ပရိုဂျက်စ်ထရုန်း (progesterone) ထုတ်လုပ်မှုနည်းပါလာပါသည်။ထိုအတွက်ကြောင့် ကိုယ်ဝန်ရနိုင်ချေလည်း နည်းပါးလာသည်။ ၎င်းဟော်မုန်းများသည်အမျိုးသမီးများတွင် ပုံမှန်ရာသီစက်ဝန်းကို ဖြစ်စေသော ဟော်မုန်းများဖြစ်သည်။အသက် (၄၀) ခန့် ရောက်လာလျှင် ရာသီစက်ဝန်းအပြောင်းအလဲဖြစ်လာသည်။ ရက်ရှည်လာခြင်း သို့မဟုတ် ရက်တိုလာခြင်း၊ ရာသီသွေးများလာခြင်း သို့မဟုတ် ရာသီသွေးနည်းသွားခြင်း များဖြစ်လာနိုင်သည်။ ပျှမ်းမျှအားဖြင့်အသက် ၅၁ နှစ် ကျော်သွားလျှင် ရာသီလာခြင်း ရပ်တန့်သွားကြသည် က များသည်။(၂) သားအိမ်ထုတ်ထားခြင်း -- သားအိမ်တစ်ခုတည်း ထုတ်ထားပြီး သားဥအိမ်မထုတ်ထားသည့်အမျိုးသမီးများတွင် ရုတ်တရက်ချက်ချင်း သွေးဆုံးသွားခြင်းမျိုးမရှိပါ။ ဓမ္မတာ လာခြင်းတော့ ရပ်တန့်သွားမည်ဖြစ်သော်လည်း သားဥအိမ်မှ ဟော်မုန်းများ ထုတ်နေဦးမည်ဖြစ်သည်။- သားအိမ် ကော သားဥအိမ်ပါ ထုတ်ထားသည့်အမျိုးသမီးများတွင် ရုတ်တရက်ချက်ခြင်း ဆိုသလို သွေးဆုံးခြင်းဖြစ်ပေါ်ပါသည်။ ထို့အပြင် မျက်နှာတွင်နီရဲခြင်း၊ ပူစပ်ပူလောင် ခံစားရခြင်း စသည့် ပြင်းထန်သည့် ရောဂါလက္ခဏာများ ကိုလည်း ရုတ်တရက် ခံစားလာရနိုင်သည်။ (၃) ကင်ဆာဆေးသွင်းခြင်း နှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနေခြင်း - ကင်ဆာရောဂါအတွက်ဆေးကုသမှုခံယူနေသောသူများတွင်အထက်ပါဆေးကုထုံးဖြင့် ကုသပြီး မကြာခင်မှာပင် သွေးဆုံးခြင်း လက္ခဏာများ ခံစားလာရပြီး သွေးဆုံးခြင်းကို တဖြေးဖြေးချင်းဖြစ်စေပါသည်။ သို့သော်လည်း ထိုသို့ ဓမ္မတာ မလာခြင်း သည်အမြဲတစေဖြစ်နေမည် မဟုတ်သောကြောင့် သန္ဓေတားခြင်းကို တော့ ဆက်လက်ပြုလုပ်ထားရမည်ဖြစ်သည်။(၄) မွေးရာပါ သားဥအိမ် မကောင်းခြင်း - ၁ ရာခိုင်နှုန်းသောအမျိုးသမီးများတွင်အသက် (၄၀) မတိုင်မီ သွေးဆုံးခြင်းကို ခံစားတတ်ရကြသည်။ မျိုးရိုးဗီဇ ကြောင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်စံလွဲ တုံ့ပြန်မှုရောဂါများကြောင့်သော်လည်းကောင်း သားဥအိမ်မှ မျိုးပွားဟော်မုန်းများကို မထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။အဓိက ဖြစ်ပွားရသည့်အကြောင်းရင်းကို ရှာမတွေ့နိုင်ပါ။ ထိုသို့သောအမျိုးသမီးများအတွက် ဦးနှောက်၊ နှလုံး နှင့်အရိုးများ ကို ကာကွယ်နိုင်ရန် ပုံမှန် လူအများသွေးဆုံးသည့်အသက်အရွယ် ရောက်သည်အထိ ဟော်မုန်းအစားထိုးကုသမှုများ ကို ပြုလုပ်ပေးရမည်။ နောက်ဆက်တွဲ ပြဿနာများသွေးဆုံးပြီးနောက်ပိုင်းတွင်  ဖြစ်ပွားလာနိုင်သည့် ကျန်းမာရေးအခြေအနေများရှိသည်။ (၁) နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ -အီစထရိုဂျင်(estrogen) ဟော်မုန်းပမာဏ ကျဆင်းလာသောအခါ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ချေများလာသည်။ နှလုံးရောဂါသည်အမျိုးသမီးများ တွင်သာမကအမျိုးသားများတွင်လည်းအဓိကသေဆုံးနေရသောအကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်၊အစာအာဟာရ မျှတစွာ စားရန်၊ ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရန်အလွန်အရေးကြီးပါသည်။ နှလုံးကျန်းမာရေးအတွက် ကိုလက်စထရော နှင့် သွေးပေါင်ချိန် ကို မည်သို့လျှော့ချရမည်ကို ဆရာဝန်နှင့် တိုင်ပင်ပါ။ (၂)အရိုးပွခြင်း - သွေးဆုံးခြင်းကြောင့်အရိုးများ ကျွတ်ဆတ်လာ၍အားနည်းလာပြီး နောက်ဆုံးတွင်အရိုးကျိုးခြင်းကိုု ဖြစ်ပေါ်စေနိုင်သည်။ သွေးဆုံးပြီး နှစ်အနည်းငယ်အကြာတွင်အရိုးသိပ်သည်းဆ လျော့နည်းလာပြီးအရိုးပွခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ သွေးဆုံးပြီးအမျိုးသမီးများတွင်အရိုးပွ ရောဂါပါ ဒွန်တွဲ ရှိနေလျှင် တင်ပဆုံရိုး၊ လက်ကောက်ဝတ် နှင့် ကြောရိုးများသည်အလွန်ကျိုးလွယ်သော နေရာများဖြစ်သည်။(၃) ဆီးမထိန်းနိုင်ခြင်း - မိန်းမကိုယ် နှင့် ဆီးလမ်းကြောင်း မှ တစ်ရှူးများ၏ ဆွဲထားနိုင်အား လျော့နည်းလာသောကြောင့် မကြာခဏ ရုတ်တရုတ် ဆီးသွားလိုခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ချောင်းဆိုးလျှင် ရယ်လျှင်အလေးတစ်ခုခုမလျှင် ှဆီးထွက်ကျခြင်းများ ဖြစ်လာသည်။ မကြာခဏ ဆိုသလို ဆီးလမ်းကြောင်းပိုးဝင်ခြင်းလည်း ဖြစ်နိုင်သည်။တင်ပဆုံ ကြွက်သားများ တောင့်တင်းစေသော လေ့ကျင့်ခန်းများ၊ နှင့် မိန်းမကိုယ်ကို ဟော်မုန်းဆေးများ လိမ်းပေးခြင်းဖြင့် ဆီးမထိန်းနိုင်ခြင်း ကိုသက်သာစေပါသည်။(၄) ဖိုမ ဆက်ဆံခြင်း - မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ မိန်းမကိုယ်စိုစွတ်မှုနည်းခြင်းနှင့် ဆွဲဆန့်နိုင်အား ကျဆင်းသွားခြင်း တို့ကြောင့်အမျိုးသားနှင့် ဆက်ဆံရာတွင် သက်တောင့်သက်သာမရှိခြင်း၊ သွေးအနည်းငယ်ထွက်ခြင်း များဖြစ်လာနိုင်သည်။ ထို့အပြင် လိင်စိတ်တက်ကြွမှုမရှိခြင်း များလည်း ဖြစ်နိုင်သည်။ရေဓါတ်ပါသည့် မိန်းမကိုယ်ကိုလိမ်းသည့် ရေဓါတ်ဖြည့်ပေးသည့်ဆေးများအသုံးပြုနိုင်သည်။ ဂလင်စရင်းပါသည့် ထုတ်ကုန်များသည် ဓါတ်မတည့်ခြင်း၊ ပူလောင်ခြင်း များဖြစ်ပေါ်နိုင်သည့်အတွက်ဂလင်စရင်းမပါသည့် ထုတ်ကုန်များကို ရွေးချယ်ဝယ်ယူပါ။ ထိုသို့ လိမ်းသော်လည်း မသက်သာလျှင်အီစထရိုဂျင်ပါသည့် မိန်းမကိုယ်ကို လိမ်းသည့် ခရင်များ၊ သောက်ဆေးများ ကိုလည်း သုံးစွဲနိုင်ပါသည်။(၅) ကိုယ်အလေးချိန်တိုးလာခြင်း -အမျိုးသမီးအများစုတွင် သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးချိန်တွင် ကိုယ်ခန္ဓာမှ ဇီဝကမ္မ ဖြစ်စဉ်များ နှေးလာသောကြောင့် ကိုယ်အလေးချိန်တက်လာတတ်သည်။ ထို့ကြောင့် လက်ရှိကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်ပင်အစားအစာ နည်းနည်းသာစားပြီး လေ့ကျင့်ခန်း များများ လုပ်ပေးရမည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များသွေးဆုံးခါနီးမှ စ၍ ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေးအခြေအနေများကို ဆရာဝန် နှင့်ကြိုတင်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ သွေးဆုံးပြီးနောက်ပိုင်းတွင်လည်း ဆရာဝန်နှင့် ပုံမှန်ပြသရန်လိုအပ်ပါသည်။သွေးဆုံးပြီးနောက်ပိုင်းတွင် မိန်းမကိုယ်မှ သွေးဆင်းခြင်း ဖြစ်ပေါ်လျှင် ဆရာဝန်နှင့် ချက်ချင်းသွားရောက်ပြသဖို့ လိုအပ်ပါသည်။စစ်ဆေးမှုများသွေးဆုံးခြင်းကို သိရှိရန် ပုံမှန်အားဖြင့် စစ်ဆေးမှုများ မလိုအပ်ပါ။ သို့သော်အချို့အခြေတွင် သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်တတ်ပါသည်။(၁) FSH နှင့် estrogen ပမာဏ စစ်ဆေးခြင်း - သွေးဆုံးပြီးနောက်ပိုင်းတွင် ၎င်းပမာဏများ သွေးထဲတွင် နည်းသွားသည်။(၂) သိုင်းရွိုက်ဟော်မုန်းဓါတ် စစ်ဆေးခြင်း - သိုင်းရိုက်ဂလင်းအလုပ်မလုပ်နိုင်သော ရောဂါတွင်လည်း သွေးဆုံးခြင်းနှင့် ဆင်သော လက္ခဏာများ ရှိနေတတ်သည်။ကုသခြင်းသွေးဆုံးခြင်းအတွက် ဆေးကုသမှု မလိုအပ်ပါ။ သို့သော်လည်း သွေးဆုံးခြင်းကြောင့် ခံစားရသည့် ရောဂါလက္ခဏာများ၊အသက်ကြီးလာသည်နှင့်အမျှ ဖြစ်ပွားလာမည့် နာတာရှည်ရောဂါ များမှ ကာကွယ်ရမည် ဖြစ်ပါသည်။ (၁) ဟော်မုန်းအစားထိုးကုသခြင်း -အီစထရိုဂျင်ကုထုံးသည့် သွေးဆုံးလက္ခဏာများအတွက် ယခုအချိန်ထိအထိရောက်ဆုံး ကုသမှုဖြစ်သည်။သားအိမ်ထုတ်ထားသည့်သူ မဟုတ်လျှင်အီစထရိုဂျင်အပြင် ပရိုဂျက်စတင် ပါထပ်ပေါင်း၍ ထည့်ပြီးကုသရမည်ဖြစ်သည်။အီစထရိုဂျင်သည်အရိုးသိပ်သည်းစ ဆုံးရှုံးခြင်းမှ ကာကွယ်သည်။ ဟော်မုန်းအစားထိုးကုသခြင်းကို သွေးဆုံးပြီး ၅ နှစ်အတွင်းကုသလျှင် နှလုံးအတွက်အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။(၂) မိန်းမကိုယ်အီစထရိုဂျင် လိမ်းဆေး - မိန်းမကိုယ်ခြောက်သွေ့ခြင်းကို သက်သာစေရန် သုံးသည်။ မိန်းမကိုယ်ထဲသို့အီစထရိုဂျင် ခရင်ကို လိမ်းပေးခြင်းအားဖြင့် မိန်းမကိုယ်၏ တစ်ရှူးများကအီစထရိုဂျင်ကို စုပ်ယူပေးပြီး မိန်းမကိုယ်ခြောက်သွေ့ခြင်း၊အမျိုးသားနှင့်ဆက်ဆံလျှင် သက်တောင့်သက်သာမရှိခြင်း၊ နှင့်အခြား ဆီးလမ်းကြောင်းနှင့် ပတ်သက်သည့် လက္ခဏာများကိုလည်း သက်သာစေပါသည်။(၃) စိတ်ကျရောဂါဆေးများ - ပမာနအနည်းငယ်သာ ပေးရုံဖြင့် မျက်နှာ နီရဲခြင်း ချွေးပြန်ခြင်းများကို သက်သာစေပါသည်။ ထို့ပြင်အခြားသော ကျန်းမာရေးအကြောင်းများကြောင့်အီစထရိုဂျင် သောက်သုံး၍ မရသောသူများ၊ စိတ်အတက်အကျမမှန်သူများအတွက် တစ်ခါတည်း သက်သာစေမည် ဖြစ်ပါသည်။(၄)အာရုံကြောဆေးများ (Gabapentin) -အတက်ရောဂါတွင်အဓိကအသုံးပြုသောဆေး ဖြစ်သော်လည်း သွေးဆုံးခြင်းကြောင့်ဖြစ်သည့် ချွေးထွက်လွန်ခြင်း၊ မျက်နှာနီရဲခြင်းများအတွက်လည်းအသုံးဝင်ကြောင်းတွေ့ရသည်။ ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာသည်များ နှင့်အီစထရိုဂျင် သုံး၍မရသောအမျိုးသမီးများတွင် သင့်တော်သည်။(၅)အရိုးပွခြင်း ကာကွယ်ရန်ဆေးများ - လိုအပ်ချက်အပေါ်မူတည် ၍အရိုးကျိုးလွယ်နိုင်သောအခြေအနေ ရှိသူများတွင် ဆရာဝန်နှင့် တိုင်ပင်ပြီးသောက်သုံးနိုင်ပါသည်။ တစ်နှစ်တစ်ခါ ဆရာဝန်နှင့် တိုင်ပင်ပြီး မိမိ၏လိုအပ်ချက်အရ ဆေးကုသမှုပုံစံ ပြောင်းလဲသင့် လျှင် ပြောင်းလဲရပါလိမ့်မည်။အခြားသိသင့်သောအချက်များ (ရှိလျှင်)မစိုးရိမ်ပါနှင့်၊ ယခုသွေးဆုံးခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာအများစုသည် ယာယီမျှသာဖြစ်သည်။ ယခု ဖော်ပြသောအချက်အလက်များကို လိုက်နာပြီး ဝေဒနာနည်းပါးအောင် ပြုလုပ်နိုင်ပါသည်။(၁) ချွေးအလွန်ပြန်လာလျှင်အဝတ်ပါးပါးဝတ်ပါ။ ရေခဲရေအေးအေးသောက်ခြင်း သို့မဟုတ်အေးသောနေရာ တစ်နေရာတွင်သွားနေပါ။အချို့သောအမျိုးသမီးများတွင် ကော်ဖီ၊အပူအစပ်စားခြင်း၊အရက်၊ စိတ်ဖိစီးမှုများခြင်း၊ ပူသောဖျော်ရည်များ၊ ရာသီဥတုပူခြင်းတို့ကြောင့် ထိုသို့ မျက်နှာနီရဲပြီး ချွေးအထွက်များလာခြင်းဖြစ်သည်။(၂) မိန်းမကိုယ်ယားယံမှုကို နည်းပါးအောင်လုပ်ခြင်း။ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက် ရေဓါတ်များသည့် မိန်းမကိုယ်လိမ်းဆေးများ လိမ်းနိုင်ပါသည်။ ထို့ပြင် ပုံမှန်လိင်ဆက်ဆံခြင်းအားဖြင့် လည်း မျိုးပွားအင်္ဂါကို သွေးလည်ပတ်မှုများစေခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။(၃)အိပ်ရေးဝအောင်အိပ်ပါ။ ကော်ဖီမသောက်ပါနှင့်၊အရက်အလွန်အကျွံ မသောက်ပါနှင့်၊အိပ်စက်ခြင်းကို နှောင့်ယှက်စေနိုင်ပါသည်။ နေ့ခင်းဘက်တွင်လေ့ကျင့်ခန်းလုပ်ပါ။ ညအိပ်ခါနီးမှ မလုပ်ပါနှင့်။ (၄) စိတ်ချမ်းသာစွာ နေတတ်အောင် လေ့ကျင့်ပါ။အသက်ဝဝရှူပါ။အနှိပ်ခံနိုင်ပါသည်။ ကြွက်သားညောင်းညာမှုကို လျှော့ချနိုင်သည့် နည်းလမ်းများကို စာအုပ်၊ ဗီဒီယို နှင့်အင်တာနက်မှ သင့်ယူနိုင်ပါသည်။(၅) တင်ပဆုံ ကြွက်သားများ သန်စွမ်းအောင် လေ့ကျင့်ပါ။ ထိုလေ့ကျင့်ခန်းများသည် ဆီးမထိန်းနိုင်ခြင်းကို သက်သာစေပါသည်။(၆)အာဟာရ မျှတစွာစားပါ။အသီးအရွက်၊ သစ်သီးဝလံ၊ ဂျုံပြောင်းအစုံစားပါ။ ပြည့်ဝဆီ နှင့် သကြား ကိုမစားပါနှင့်။ ကယ်ဆီယမ် နှင့် ဗီတာမင် ဒီ လိုအပ်မှုရှိမရှိကို ဆရာဝန်နှင့် သောက်သုံးရန်ဆွေးနွေးပါ။(၇) ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊အရိုးပွခြင်း၊ ကင်ဆာ နှင့်အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများစွာ ဖြစ်စေနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းဖြင့် မျက်နှာနီရဲခြင်း၊အပူပြန်ခြင်း၊ ချွေးထွက်များခြင်းများ ဖြစ်ပေါ်စေပြီး စောစီးစွာသွေးဆုံးနိုင်ပါသည်။(၈) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။  ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပေးခြင်းဖြင့် နှလုံးရောဂါ၊ ဆီးချို၊အရိုးပွခြင်း နှင့်အခြားအသက်ကြီးခြင်းနှင့် ဆိုင်သောရောဂါများကို ကာကွယ်နိုင်ပါသည်။Ref: Mayo ClinicDr. Victoriaသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..