
ဓမ္မတာတစ်ခါပေါ်လျှင် ရာသီသွေး ၆၀-၈၀ မီလီ လီတာနှင့်အထက် ဆင်းခြင်းကို ဓမ္မတာများခြင်းဟုခေါ်သည်။ တခါတရံ ရာသီလာစဉ်ကိုက်ခဲခြင်း (Dysmenorrhoea) နှင့် တွဲ၍ တွေ့ရတတ်သည်။ ဓမ္မတာများခြင်းကို ရောဂါတခုုဟု သတ်မှတ်နိုင်သော်လည်း သွေးများစွားဆင်းခြင်းကြောင့်အားနည်းခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းနှင့် နေ့စဉ်ဘဝတွင် စိတ်အနှောက်အယှက်ဖြစ်ခြင်းတို့ ကြုံတွေ့စေနိုင်ပါသည်။ ရာသီသွေးများခြင်းကိုအတိအကျတိုင်းတာရန် မလွယ်ကူသော်လည်း သုံးစွဲရသောအမျိုးသမီးသုံးပစ္စည်း ပမာဏ၊ တစ်ခါသုံးပစ္စည်းများအပြင်အဝတ်စများနှင့် တွဲသုံးရခြင်းရှိ မရှိ၊အကာအကွယ်ပစ္စည်းများဖြင့် မလုံလောက်ဘဲအဝတ်များကို စွန်းထင်းခြင်းရှိ မရှိတို့ကို ကြည့်၍ ခန့်မှန်းနိုင်သည်။ဖြစ်ပွားရသောအကြောင်းရင်းများ ဓမ္မတာများသူများတွင် ၄၀ မှ ၆၀% ၏အကြောင်းရင်းကိုအသေချာ မသိနိုင်သေးပါ။ ဖြစ်နိုင်သောအကြောင်းရင်းများမှာ- သားအိမ်ခေါင်းနှင့် သားအိမ်တွင်းတွင်အလုံးတည်ခြင်း (Cervical or endometrial polyps)- သားအိမ်အတွင်းသား နေရာလွဲမှား၍ သားဥပြွန်၊ သားဥအိမ်၊ ဆီးအိမ်နှင့် မွေးလမ်းကြောင်းတို့တွင် ရောက်နေခြင်း ( ရာသီလာစဉ် နာကျင်ကိုက်ခဲတတ်သည်။)- သားအိမ်တွင်းအသားလုံး တည်ခြင်း (Uterine fibroids)- သားအိမ်အတွင်း သားဆက်ခြားပစ္စည်း ထည့်ထားခြင်း (IUCD)- တင်ပါးဆုံအတွင်း ရောင်ရမ်းခြင်း (Pelvic inflammatory disease)- သားဥအိမ်တွင် ရေအိတ်တည်ခြင်း ( Polycystic ovary syndrome)- သွေးမတိတ်သော ရောဂါများ (Von Willebrand disease)- သားအိမ်အမြှေးပါး သားအိမ်ကြွက်သားထဲသို့ နစ်ဝင်နေခြင်း (Adenomyosis) နှင့်- သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism) တိုု့ဖြစ်နိုင်သည်။- တခါတရံ ကိုယ်တွင်းခေါင်း ကင်ဆာများနှင့်- ကင်ဆာဆေးများ၊ သွေးကျဲဆေးများကြောင့်လည်း ဓမ္မတာများနိုင်သည်။စစ်ဆေးမှုများ ဓမ္မတာမှာ ပုံမှန်မဟုတ်ဘဲ ခါတိုင်းထက် များနေသည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ပြီး များရသောအကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။ ရောဂါရှာဖွေရာတွင် ဓမ္မတာလာသောပမာဏ၊ ကြာချိန်၊ စွဲသောက်နေသော ဆေးများရှိမရှိ၊ သန္ဓေတားဆေးများသုံး မသုံး၊အခြားရောဂါများရှိ မရှိ၊ ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းရှိ မရှိ၊ လိင်ဆက်ဆံပြီး သွေးဆင်းခြင်းရှိ မရှိ၊ နာကျင်ခြင်းရှိ မရှိ စသည့် ရောဂါရာဇဝင်ကို သိရန်လိုအပ်သည်။ မိန်းမကိုယ်၊ မွေးလမ်းကြောင်းနှင့် သားအိမ်ခေါင်းတို့ကို သေချာ စမ်းသပ်ရန်လည်းလိုအပ်သည်။ ထို့ပြင်အသားယူ၍စစ်ဆေးခြင်း၊ သွေးစစ်ခြင်း၊ ဝမ်းဗိုက်နှင့် မိန်းမကိုယ်ကို တီဗွီဓာတ်မှန်ရိုက်ခြင်း တို့ကိုလည်း ပြုလုပ်ရမည်။ကုသခြင်းဓမ္မတာများခြင်းမှာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ၊ ကိုယ်ခန္ဓာအားနည်းလောက်အောင်လဲ သွေးဆင်းမများပါကအချိန်တစ်ခုကြာလျှင်အလိုလိုပျောက်ကင်းသွားနိုင်သောကြောင့် ဆေးကုသရန်မလိုအပ်ပါ။ ဓမ္မတာများခြင်းကို ကုသရာတွင် - သွေးဆင်းများခြင်း သက်သာသွားရန် သို့မဟုတ် ပျောက်ကင်းသွားရန်- ဓမ္မတာများသောအမျိုးသမီးများ၏ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်လာစေရန်- သွေးဆင်းများခြင်းကြောင့် ဖြစ်သော သွေးအားနည်းခြင်းကို ကာကွယ်ရန် ကုသခြင်း ဖြစ်သည်။ (၁) ဆေးများဖြင့် ကုသခြင်း ဖြစ်ရသောအကြောင်းရင်း ကြီးကြီးမားမားမရှိသူနှင့် ဆေးစစ်ချက်များ၏အဖြေကို စောင့်ဆိုင်းနေသူများတွင်အဓိကသုံးသည်။* Levonorgestrel-releasing intrauterine system (LNG-IUS)သားအိမ်အတွင်းထည့်သွင်းထားရသော ပစ္စည်းဖြစ်သည်။ Progestrone ဟော်မုန်းကို တဖြည်းဖြည်းချင်းထုတ်ပေးခြင်းဖြင့် သားအိမ်နံရံအတွင်းသားများ လျင်မြန်စွာ ပွားခြင်းကို ကာကွယ်ပေးသည်။ ကိုယ်ဝန်မရအောင်လဲ တားသည်။ဘေးထွက်ဆိုးကျိုးများအနေဖြင့် ခြောက်လခန့် ရာသီမမှန်ခြင်း၊ ရင်သားများနာခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် ရာသီလုံးဝ မပေါ်ခြင်းတို့ ဖြစ်နိုင်သည်။* Tranexamic acidသားအိမ်တွင်းမှ ထွက်သော သွေးများကို ခဲစေသည်။ တကြိမ်လျှင် ဆေးပြား နှစ်ပြားမှ သုံးပြား တနေ့ သုံးကြိမ်သောက်နိုင်သည်။ သန္ဓေတားခြင်းအကျိုးမရှိပါ။ နာကျင်ကိုက်ခဲပါကအကိုက်အခဲပျောက်ဆေး (NSAID) နှင့် တွဲ၍သောက်နိုင်သည်။ တခါတရံ ဝမ်းသွားစေသည်။* Non-Steroidal Anti Inflammatory Drugs- mefenamic acid- naproxen- ibuprofen စသောအကိုက်အခဲပျောက်ဆေးများကိုလဲ သုံးနိုင်သည်။ တနေ့ သုံးကြိမ်မှ လေးကြိမ်ထိ သောက်နိုင်သည်။ သန္ဓေမတားနိုင်ပါ။ * သန္ဓေတားဆေးများ (Combined Oral Contraceptive Pills)Oestrogen နှင့် Progestrogen ပါဝင်ပြီး ရာသီပုံမှန်ပေါ်စေသည်။ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများကို သက်သာစေသည်။ သန္ဓေတားနိုင်ပြီး ဆေးဖြတ်လိုက်ချိန်တွင်လဲ ကိုယ်ဝန်အလွယ်တကူ ပြန်ရနိုင်သည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် စိတ်တက်လွယ် ကျလွယ်ခြင်း၊ ပျို့ခြင်း၊ ဖောခြင်း၊ ရင်သားများ နာကျင်ခြင်းတို့ဖြစ်နိုင်သည်။* Norethisterone သောက်ဆေးProgestrogen ပါဝင်ပြီး ရာသီများခြင်းကို သက်သာစေသည်။ ရာသီစလာသောရက်မှ စတင်ရေတွက်လျှင် ၅ရက်မြောက်နေ့မှ ၂၆ရက်ထိ တနေ့လျှင် ၂-၃ ကြိမ်သောက်ရမည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ဝလာခြင်း၊ ရင်သားနာကျင်ခြင်း၊ ဝက်ခြံထွက်ခြင်းများဖြစ်နိုင်သည်။ သန္ဓေမတားနိုင်ပါ။* သန္ဓေတား ထိုးဆေးများ (Injected progestrogen)ရာသီသွေးများခြင်းကို သက်သာစေသည်။ သန္ဓေတားနိုင်သည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ဝလာခြင်း၊ ရာသီပုံမှန်မပေါ်ခြင်း၊ ပျောက်သွားခြင်းတို့ဖြစ်နိုင်သည်။* Gonadotropin releasing hormone analogueGnRH analogue ကို သားအိမ်တွင်းအသားလုံးတည်ခြင်း (Fibroid) ကြောင့် သွေးဆင်းများခြင်း တို့တွင်သုံးနိုင်သည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် သွေးဆုံးသကဲ့သို့ မျက်နှာများနီခြင်း၊ ပူခြင်း၊ ချွေးထွက်ခြင်း၊ မိန်းမကိုယ် ခြောက်ကပ်ခြင်းတို့ဖြစ်နိုင်သည်။ ခွဲစိတ်ရန်စောင့်ဆိုင်းနေစဉ် သုံးနိုင်သည်။(၂) ခွဲစိတ်ကုသခြင်းသားအိမ်တွင်းအသားလုံးကြောင့် ရာသီသွေးများပါက သားအိမ်သွေးကြောကို ပိတ်ခြင်း၊အသားလုံးကို ဖြတ်ခြင်းတို့ဖြင့် ကုသနိုင်သည်။ သားအိမ်အတွင်းသားများကို လှီးခြင်း (endometrial ablation)၊ သားအိမ်ကိုအပြီးထုတ်ပစ်ခြင်းတို့ဖြင့်လည်း ကုသနိုင်သည်။Ref: NHS Choices, UKသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။