ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး (conditioner) သုံးကိုသုံးပေးသင့်တယ်ဆိုတာ အလကားပြောနေတာ မဟုတ်ပါဘူး။ အဲ့ဒီဆံပင်ပျော့ဆေးကနေ ကိုယ့်ဆံသားအတွက် ကောင်းကျိုးပြုတဲ့အရာတွေ အများကြီးပါ။ သင်လည်း သိပြီးဖြစ်မှာပါ။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့ ဆံပင်ပျော့ဆေးအကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ ၁။ ပုံသွင်းဖို့ လွယ်ကူပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးက ဆံပင်သားထဲ ရောက်သွားတာပဲဖြစ်ဖြစ်၊ ကုန်စင်အောင် မလျှော်နိုင်ခဲ့ရင်တောင် သင့်ဆံပင်သားကို ခပ်ထူထူနဲ့လှိုင်းတွန်းပုံစံမျိုး လိုချင်သူတွေအတွက်တော့ အိုကေပါပဲ။ အခြောက်ခံပြီး ဆံပင်အုံကို ပိုထူအောင် ခေါင်းဖြီးချလိုက်ရုံနဲ့ အထာကျတဲ့ ဆံပင်ပုံစံကို ရနိုင်ပါတယ်။ ၂။ ခေါင်းမလျှော်ခင် ဆံပင်ပျော့ဆေးကို အရင်သုံးပါ။ ဒီလိုပြောလိုက်လို့ ဟင်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဆံသားကျွမ်းကျင် ပညာရှင်တွေကတော့ ခေါင်းလျှော်ပြီး ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေနဲ့စင်အောင် ပြန်လျှော်နိုင်ဖို့ ခက်ခဲတာကြောင့် ဆံပင်သား ပိုမိုလှပစေဖို့ ပိုမိုကျန်းမာစေဖို့ ဆံပင်ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ဖို့ လိုပါတယ်တဲ့။ ၃။ ဆံပင်ပျော့ဆေးအမျိုးစားကို မသုံးခင် ကိုယ့်ဆံပင်နဲ့ အဆင်ပြေမပြေ သေချာလေ့လာပါ။ တွေ့ရာ ဆံပင်ပျော့ဆေးကို ကောက်သုံးလိုက်မယ်ဆိုရင် သင့်ဆံပင်သားကျန်းမာရေးအတွက် ရှော့ခ် နည်းနည်းရှိပါတယ်။ သင့်ဆံပင်က ပါးတယ်ဆိုရင် အုံထူသလိုဖြစ်စေတဲ့ ဆံပင်ပျော့ဆေး ရှိပါတယ်။ ဒီလိုပဲ ဆံပင်က အုံထူတယ်ဆိုရင် ဖြောင့်စင်းသွားစေမယ့် ဆံပင်ပျော့ဆေးမျိုး သုံးသင့်ပါတယ်။ အဆီနည်းတဲ့ များတဲ့ စသဖြင့် အမျိုးမျိုးဆံပင်ပျော့ဆေးမှာ ရှိတာကြောင့် သေချာရွေးချယ်သင့်ပါတယ်။ ၄။ ဆံပင်အရင်းကို ပျော့ဆေးမသုံးသင့်ပါ။ ခေါင်းလျှော်တဲ့အခါ ဆံပင်အရင်းကို ရှန်ပူထည့်ပြီး သေချာသုံးသင့်ပေမယ့် ပျော့ဆေးသုံးမယ်ဆိုရင်တော့ ဆံပင်အဖျားပိုင်းကို ပိုအားဖြည့်ပေးသင့်ပါတယ်။ ၅။ ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး ထည့်သုံးပါ။ ခေါင်းနေ့တိုင်းလျှော်ရင် ဆံပင်သားတွေ ခြောက်သွေ့စေတာမှန်ပေမယ့် တကယ်လို့ လျှော်ခဲ့မယ် ဆိုရင်တော့ ဆံပင်ပျော့ဆေး မသုံးမဖြစ်သုံးပါ။ ခေါင်းလျှော်တိုင်းပျော့ဆေး သုံးပေးဖို့လိုပါတယ်။ ၆။ ဆံပင်ပျက်စီးစေတဲ့ ဆံပင်ပျော့ဆေး အမျိုးအစားတွေ ရှောင်ပါ။ ဆံပင်ပျော့ဆေးတိုင်းဟာ ဆံပင်သားကို အားဖြည့်ပေးရုံသာမက ပိုမိုပြောင်လက်စေတယ်ဆိုပေမယ့် ဆီလီကွန်ပါတဲ့ ဆံပင်ပျော့ဆေးတွေ ရှိနေတာကြောင့် ဝယ်ခါနီးရွေးချယ်တဲ့အခါ ဆီလီကွန်မပါတဲ့ ပျော့ဆေးမျိုးကို ရှာဝယ်ပါ။ ၇။ ကိုယ်နဲ့တည့်တဲ့၊ အဆင်ပြေတဲ့ ဆံပင်ပျော့ဆေးကို တစ်သက်လုံး သုံးနိုင်ပါတယ်။ ကိုယ်နဲ့အဆင်ပြေပြီးသား ဆံပင်ပျော့ဆေးအမျိုးအစားကို ခဏခဏပြောင်းလဲနေဖို့ မလိုပါဘူး။ တစ်သက်လုံး သုံးသွားလို့ရပါတယ်။ ဒါပေမယ့်ရှန်ပူကိုသာ သေချာဂရုစိုက်ရွေးချယ်ရမှာပါ။ Ref: Myawady News သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။